၂၀၁၃ ခုနှစ်အတွင်း ၀င်ငွေမြင့်တက်လာခြင်း မရှိဘဲ ကုန်ကျစရိတ် မြင့်တက်မှုကြောင့် ပြည်သူလူထု စားဝတ်နေရေး ပိုမိုကျပ်တည်းလာ

ပို့စ်တင်ချိန် - 11/18/2013 09:51:00 AM

သင်္ဘောပေါ်မှ ဆောက်လုပ်ရေးလုပ်ငန်းသုံး ကျောက်များကို ကမ်းပေါ်သို့ သယ်ဆောင်နေသော အလုပ်သမားများကို တွေ့ရစဉ်

၂၀၁၃ ခုနှစ်အတွင်း ၀င်ငွေမြင့်တက် လာခြင်းမရှိဘဲ ကုန်ကျစရိတ် မြင့်တက်မှုကြောင့် ပြည်သူလူထု စားဝတ်နေရေး ပိုမိုကျပ်တည်းလာကြောင်း နယ်ပယ်အသီးသီးမှ ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့်  အခြေခံ လူတန်းစား အလွှာမှ ပြည်သူများ၏ ဝေဖန်ပြောဆို မှုများအရ သိရသည်။
မြန်မာနိုင်ငံ အနေဖြင့် တစ်ဦးချင်းဝင်ငွေ သိသိသာသာ မြင့်တက်ခြင်း မရှိဘဲ အထွေထွေ ကုန်ကျစရိတ်များ၊ စားဝတ်နေရေးအတွက် စရိတ်စက ကြီးမြင့်မှုများကြောင့် ပြည်သူလူထု အနေဖြင့် ယခုနှစ်ပိုင်းအတွင်း နေထိုင်မှုဘ၀ ပိုမိုကျပ်တည်း လာခြင်းလည်း ဖြစ်သည်။ အစိုးရသစ် အပြောင်းအလဲ ကာလတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာမှုနှင့်အတူ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်ရန် စိတ်ဝင်စားမှုများ ရှိနေသော်လည်း မြန်မာနိုင်ငံ၏ အမှန်တကယ် လိုအပ်နေသော အလုပ်အကိုင် ဖန်တီးနိုင်မှု အပိုင်းနှင့် တစ်ဦးချင်းဝင်ငွေ တိုးတက်ရရှိမှု အတွက်မူ သုံးနှစ်တာ ကာလအတွင်း သိသာသော အကျိုးသက်ရောက်မှု မရှိခဲ့ပေ။ ထို့ပြင် နိုင်ငံအနေဖြင့် နိုင်ငံရေးအရ တည်ငြိမ်မှု မရှိသေးသည့်အပြင် ဖြစ်ပွားခဲ့ပြီးသော ပဋိပက္ခများကြောင့်လည်း ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် စိုးရိမ်နေရပြီး ရင်းနှီးမြှုပ်နှံမှု အာမခံချက်အတွက် အစိုးရအပေါ် မေးခွန်းထုတ်မှုများလည်း ရှိလာခဲ့သည်။
"အစိုးရ အနေနဲ့လည်း စိတ်ကောင်း၊ စေတနာကောင်းတွေ ထားဖို့လိုတယ်။ နံပါတ် (၁) က ယုံကြည်မှု တည်ဆောက်ဖို့ပဲ။ အခုက မထင်ရင် မထင်သလို လုပ်နေတာက အဓိကပဲ။ အခု အခြေအနေက အခြေအနေ အချိန်အခါကို စောင့်နေတဲ့ အချိန်ပေါ့။ အခုက လုပ်ငန်းရှင်တွေကလည်း ကြောက်နေကြတယ်။ အစိုးရက ယုံကြည်မှု တည်ဆောက်ပေးသင့်တယ်" ဟု ဒေါက်တာခင်မောင်ညိုက ပြောကြားသည်။
အခြေခံ လူတန်းစားများ အနေဖြင့် နှစ်စဉ်ဝင်ငွေ တိုးမြှင့်ရရှိရန် မဖြစ်နိုင်သည့် အခြေအနေတွင် ရှိနေပြီး စားဝတ်နေရေးအတွက် ကုန်ကျစရိတ်မှာ တစ်နှစ်ထက်တစ်နှစ် မြင့်မားလာခြင်းကြောင့် အကျပ်အတည်း များစွာနှင့် ရင်ဆိုင်ကြရသည်။ နေ့စဉ် ကုန်ကျစရိတ်များ မြင့်တက်လာခြင်း၊ နေထိုင်ရေးအတွက် အခန်းငှားခများ များစွာမြင့်တက် လာခြင်းများကြောင့် ယခု ၂၀၁၃ ခုနှစ်အတွင်း အခြေခံ လူတန်းစားများကြားတွင် ကြီးမားသည့် ခက်ခဲမှု တစ်ခုအဖြစ် ပြည်သူအများစု ကြုံတွေ့နေကြရသည်။
"ဒီနှစ် အတွင်းမှာပဲ အထွေထွေ စားသုံးကုန် အပါအ၀င် နေထိုင်မှု စရိတ်တွေပါ ကြီးမြင့်လိုက်တဲ့အတွက် စီးပွားရေး ကျပ်တည်းမှုတွေ အရမ်းကြုံတွေ့ လာတယ်။ အိမ်ငှားနေတာဆိုတော့ အိမ်လခ စရိတ်ကလည်း အခုဆိုရင် တစ်သိန်းကျော်မှ ရတာဆိုတော့ နေထိုင်စရိတ်ကလည်း တော်တော်လေးကို မြင့်လာတယ်။ စားသောက်ကုန်၊ နေထိုင်စရိတ်တွေ တိုးမြှင့်ပေမယ့်လည်း ရတဲ့လစာက မတိုးတဲ့အတွက် ဘယ်လိုမှ  အဆင်မပြေပါဘူး။ ဒီနှစ်အတွင်းမှာဆိုရင် ကားလမ်းကျပ်မှုတွေက အရမ်းကို ဆိုးဝါးလာတဲ့အတွက် ရုံးမရောက်သေးဘူး။ လမ်းပေါ်မှာတင် အချိန်ကို နှစ်နာရီလောက် ပေးနေရတယ်။ အစိုးရသစ် လက်ထက်မှာ နိုင်ငံရေး ပြောင်းလဲမှုတွေ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေမယ့်လည်း ကျွန်မတို့ ပြည်သူတွေ ဘာကောင်းကျိုး၊ အသီးအပွင့်ကိုမှ မခံစား ရသေးပါဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာတယ် ဆိုပေမယ့် ကျွန်မတို့ ၀န်းကျင်မှာတော့ နိုင်ငံခြားက နာမည်ကြီး ကုမ္ပဏီတွေက ထိရောက်တဲ့ အလုပ်အကိုင် ဖန်တီးပေးမှုတွေ၊ လစာကောင်းကောင်း ပေးတာမျိုးကို မတွေ့ရသေးဘူး" ဟု ကုမ္ပဏီဝန်ထမ်း တစ်ဦးဖြစ်သူ မသင်းသင်းနိုင်က ပြောကြားသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆိုတာက ၀င်လာတဲ့အခါမှာ ၀င်လာတဲ့ ပမာဏကို ကောင်းကောင်းစီမံ ခန့်ခွဲဖို့ လိုတယ်။ ကျွန်တော်တို့မှာရှိတဲ့ ငွေကြေးဖောင်းပွမှု နှုန်းကလည်း ၇ ဒသမ ၃ ရာခိုင်နှုန်း ရှိလာပြီ။ စီမံခန့်ခွဲမှုပိုင်း အနေနဲ့ဆိုရင် သုံးရာခိုင်နှုန်း၊ ၂၀၁၀-၂၀၁၁ မှာ ၆၃၃၁ ဒသမ ၈၀ ဘီလျံ ရှိတယ်။ ၂၀၁၂ မှာ ၆၇၂၂ ဒသမ ၆၂ ဘီလျံ ရှိတယ်။ ၂၀၁၂-၂၀၁၃ မှာ ကျပ် ၉၀၄၆ ဒသမ ၁၉ ဘီလျံရှိတယ် . . . . .
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများ တည်ငြိမ်မှု မရှိခြင်းနှင့်အတူ အလယ်အလတ် လုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းများမှာလည်း အမြတ်အစွန်း ရရှိရန် အခက်အခဲများစွာနှင့် ရင်ဆိုင်ကြရသည်။ သို့ဖြစ်ရာ လုပ်ငန်းရှင်များ အနေဖြင့်လည်း ၎င်းတို့၏ ကုန်ထုတ်လုပ်မှုနှင့် ၀င်ငွေကျဆင်းမှု ပြဿနာကြောင့် ၀န်ထမ်းများအပေါ် လုပ်ခလစာ တိုးပေးနိုင်ရေး အတွက်လည်း အခက်အခဲတစ်ခု ဖြစ်လာကြောင်း သိရသည်။
"ရင်းနှီးမြှုပ်နှံမှုတွေ ထင်သလောက် ဖြစ်မလာဘူး ဆိုတာက ရင်းနှီးမြှုပ်နှံမှု ဥပဒေ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ မြေဈေးတွေ၊ အိမ်ဈေးတွေ တက်တာရယ်၊ လျှပ်စစ်နဲ့ပတ်သက်ပြီး အဆင်မပြေတာရယ် အဲဒါတွေကြောင့်လို့ ထင်တယ်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေကလည်း ကန့်သတ်တာတွေ ရှိတယ်။ လုပ်ခလစာ တိုးရဖို့တွေရော အဲဒါတွေက အကြောင်းစုံသွားတာပေါ့။ ၂၀၁၅ မှာ အချို့တွေက စောင့်ကြည့်ချင်တာလည်း ရှိတယ်။ လုပ်သားတွေနဲ့ ပတ်သက်ပြီး လုပ်ခလစာ လျှော့ချတာတော့ ဦးတို့ဆီမှာ မရှိပါဘူး။ လျှော့ပစ်ရင် ထွက်ကုန်မှာပေါ့။ လစာမတိုးနိုင်တဲ့ ကုမ္ပဏီတွေ ရှိပါတယ်။ ဥပမာ-အထည်ချုပ် လုပ်ငန်းတို့လို လျှပ်စစ်ပစ္စည်း သုံးရတဲ့ ကုန်ကျစရိတ်တွေကြောင့် ရှိတာပေါ့။ အချို့တွေကျတော့လည်း MoU ထိုးပြီး လုပ်ငန်းမလုပ်နိုင်တာတွေ ရှိတယ်။ ရုံးဝန်ထမ်းတွေ အနေနဲ့လည်း ရုံးသွားတဲ့ အချိန်မှာ တစ်နေ့ကို နှစ်နာရီလောက် ပိုအချိန်ကုန်တယ်။ တကယ်လို့သာ ရထားကို ကောင်းအောင်လုပ်ပေးခဲ့ရင် ပြည့်သိပ်ကျပ်ညပ်နေတဲ့ ကားပေါ်မှာ သွားနေရတဲ့ ခရီးသွားတွေက မျှပြီးသွားနိုင်မယ်။ နာရီပေါင်း သိန်းနဲ့ချီပြီး လုပ်ငန်းရှင်ရော အလုပ်သမားဘက်ကရော ကုန်ဆုံးနေတယ်။ အစိုးရ အနေနဲ့ အဲဒါကို ဖြေရှင်းဖို့ နည်းလမ်းရှာရ မှာပေါ့" ဟု ဦးကျော်လင်း (မန်နေးဂျင်း ဒါရိုက်တာ) (Myo & Myint Brothers Co.ltd) က ပြောကြားသည်။
အောက်တိုဘာ လကုန်ပိုင်းက ထုတ်ပြန်ခဲ့သည့် လျှပ်စစ်မီတာခ တိုးမြင့်မှု ကြေညာချက်တွင်လည်း အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအပေါ် သက်ရောက်မှု များစွာရှိခဲ့ပြီး အစိုးရ၏ ယင်းဆုံးဖြတ်ချက်အပေါ် ပြည်သူလူထုက ကန့်ကွက်ရှုတ်ချမှုများ ပြုလုပ်ခဲ့သည်။ အစိုးရသစ်၏ သုံးနှစ်တာ ကာလအတွင်း နိုင်ငံ၏ စီးပွားရေးကို တည်ငြိမ်အောင် တည်ဆောက်ပေးနိုင်မှု မရှိခြင်း အပေါ်လည်း ပညာရှင်များနှင့် ပြည်သူများက ဝေဖန်မှုများ ရှိခဲ့ကြသည်။ ယခင်နှစ်များက ဒေါ်လာဈေးမှာ ကျပ် ၈၀၀ ၀န်းကျင်ခန့်သာ ရှိသော်လည်း ယခုအချိန်တွင် ကျပ် ၁၀၀၀ ၀န်းကျင် ဖြစ်နေမှုမှာ မဖြစ်သင့်သော အခြေအနေ တစ်ရပ်ပင်ဖြစ်ပြီး နိုင်ငံခြား ငွေလဲနှုန်းကို တည်ငြိမ်အောင် လုပ်ဆောင်သင့်ကြောင်း သုံးသပ်မှုများ ရှိနေသည်။ မြန်မာငွေဈေး ကျလာခြင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို မှန်ကန်ပြီး စနစ်ကျသော ဆွဲဆောင်နိုင်မှုမျိုးဖြင့် လုပ်ဆောင်နိုင်ခြင်း မရှိသေးသည့် အပေါ်လည်း ပညာရှင်များက ဝေဖန်ကြပြီး အစိုးရ၏ စီးပွားရေးဆိုင်ရာ မူဝါဒများကို ပြန်လည်သုံးသပ် လုပ်ဆောင်ရန် တောင်းဆိုမှုများ ရှိလာကြသည်။
"နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆိုတာက ၀င်လာတဲ့အခါမှာ ၀င်လာတဲ့ ပမာဏကို ကောင်းကောင်းစီမံ ခန့်ခွဲဖို့ လိုတယ်။ ကျွန်တော်တို့မှာရှိတဲ့ ငွေကြေးဖောင်းပွမှု နှုန်းကလည်း ၇ ဒသမ ၃ ရာခိုင်နှုန်း ရှိလာပြီ။ စီမံခန့်ခွဲမှုပိုင်း အနေနဲ့ဆိုရင် သုံးရာခိုင်နှုန်း၊ ၂၀၁၀-၂၀၁၁ မှာ ၆၃၃၁ ဒသမ ၈၀ ဘီလျံ ရှိတယ်။ ၂၀၁၂ မှာ ၆၇၂၂ ဒသမ ၆၂ ဘီလျံ ရှိတယ်။ ၂၀၁၂-၂၀၁၃ မှာ ကျပ် ၉၀၄၆ ဒသမ ၁၉ ဘီလျံရှိတယ်။ ၂၀၁၀-၁၁-၁၂ က ၂၀၁၀-၁၁ ထက်စာရင် ကျပ် ၃၉၀ ဒသမ ၈၂ ဘီလျံ တိုးလာတယ်။ Money Supply မှာ ၂၀၁၂-၁၃ မှာကျတော့ ၂၀၁၁-၁၂ ထက် ကျပ် ၂၃၂၃ ဒသမ ၅၇ ဘီလျံအထိ ရုတ်ခြည်းတိုးမြင့်လာတာ တွေ့ရတယ်။ အဲဒီလိုပဲ ဘတ်ဂျက်လိုငွေပြမှုကလည်း ရှိနေတယ်။ Money Supply ကိုလည်း ရုတ်ခြည်း မြှင့်လိုက်တယ်။ ၂၀၁၂-၂၀၁၃ မှာ ဘာကြောင့် ဖြစ်ရတာလဲ ဆိုတာကို အတိအကျ မသိဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ တစ်ခုကလည်း ၀င်သင့်သလောက် ၀င်မလာဘူးလို့ ပြောတဲ့အခါမှာ ၀င်လာသင့်တယ်ဆိုတာ ဘယ်အတိုင်းအတာအထိ ၀င်လာဖို့ကို ဆိုလိုတာလဲ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆိုတာက အရေးမကြီးဘူး မဟုတ်ဘူး။ ကြီးတော့ကြီးတယ်။ ဒါပေမယ်လို့ ပြည်တွင်းစုဆောင်းမှုနှုန်းက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှုန်းထက် နိမ့်တယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆိုတာက ပြည်ပနိုင်ငံသားတွေရဲ့ စုဆောင်းငွေတွေ ဖြစ်တယ်။ ပြည်ပနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှု အပေါ်မှာ overly depend ဖြစ်သွားတတ်တယ်။ အဲဒါ အများကြီး အန္တရာယ်ရှိတယ်။ ကုန်သွယ်ရေးမှာ export & import မှာ trade balance က အစိုးရနဲ့ ပြည်သူကြားမှာ government sector  က export မှာ နည်းသွားတယ်။ public က များလာတယ်။ private sector မှာဆိုရင် ဥပမာ ဧပြီမှ ဇူလိုင်လအထိ အမေရိကန်ဒေါ်လာ ၁၅၈၈ ဒသမ ၃ သန်း၊ ပို့ကုန်အနေနဲ့ private sector က ပို့တာ။ private sector က သွင်းကုန်ထက် လိုအပ်တဲ့ နိုင်ငံခြားငွေပမာဏ အမေရိကန်ဒေါ်လာ ဘယ်ဈေးကွက်က ရလဲဆိုတာ သိဖို့လိုတယ်။ ဘယ်ဈေးကွက်က အခြေပြုတယ် ဆိုတာလည်း ကြည့်ဖို့လိုတယ်။ ပြည်တွင်းစုဆောင်းမှု ပမာဏ ဗဟိုဘဏ်မှာ ရှိတဲ့ အရန်နိုင်ငံခြား ငွေစာရင်းရယ်၊ ရွှေတန်ချိန်ရယ် သုံးခုပေါင်းလိုက်ရင် ဘယ်လောက်ပဲ ရှိတယ်ဆိုတော့ ၁၇ ဒသမ ၃၆၂၃၉ ဘီလျံရှိတယ်ဆိုတာ တွေ့ရတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက ဘယ်လောက်လဲဆိုတော့ ၄၃ ဘီလျံဆိုတော့ ဒီသုံးခုပေါင်းရင် FDI ရဲ့ ထက်ဝက်တောင် မရှိသေးဘူး။ တရုတ်မှာဆိုရင် ၂၀၀၁ ခုနှစ်မှာ သူ့နိုင်ငံမှာ လာရောက်ရင်းနှီး မြှုပ်နှံတာ ၅၀ ဘီလျံရှိတယ်။ အဲဒီ ၅၀ ဘီလျံက ကမ္ဘာပေါ်မှာ အမေရိကန်ပြီးရင် တရုတ်က ဒုတိယ အများဆုံး FDI လက်ခံတဲ့ နိုင်ငံဖြစ်တယ်။ ဆိုလိုချင်တာက FDI ပေါ်မှာ အလွန်အမင်း မှီခိုမှု မရှိခဲ့ဘူး။ ၅၀ ဘီလျံ ၀င်လာခဲ့သော်လည်း ပြည်တွင်းက ၃၈ ရာခိုင်နှုန်းပဲ ရှိခဲ့တယ်။ တရုတ်ရဲ့ ပြည်ပပို့ကုန် ထက်ဝက်ကျော်က FDI ရဲ့ ပို့ကုန်တွေဖြစ်အောင် လုပ်တာကို တွေ့ရတယ်။ ဒါက လက်ခံတဲ့ အပိုင်းရယ်၊ စီမံခန့်ခွဲတဲ့ အပိုင်းရယ် ဖြစ်တယ်။ FDI နည်းခြင်းများခြင်း မဟုတ်ဘူး။ FDI ရရှိတဲ့ အကျိုးအမြတ်ကို ဘယ်လိုကောင်းကောင်း စီမံမလဲ ဆိုတာကို ပြောတာ။ အခုက ကျွန်တော်တို့ဆီမှာ ၄၃ ဘီလျံ ရှိလာပြီ။ ၄၃ ဘီလျံမှာ ပြည်ပပို့ကုန်က ဘယ်လောက်ရှိသလဲဆိုတာ မသိရသေးဘူး။ ၀င်လာတဲ့ FDI တွေကို ဘယ်လိုကောင်းကောင်း အသုံးချမလဲ။ အလွန်အမင်း မှီခိုတာမျိုး ရည်ရွယ်လို့ မရဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်ပနိုင်ငံသားတွေရဲ့ စုဆောင်းငွေကို မှီခိုတာထက် ပြည်တွင်းစုဆောင်းဖို့ကို မြင့်မားအောင် လုပ်ရမယ်။ gloss domestic capital ကို ၃၀-၃၅ ရာနှုန်းကြားဖြစ်အောင် လုပ်ရမယ်" ဟု စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။


ရန်ကုန်မြို့တွင်း မြင်ကွင်းတစ်ခု

နိုင်ငံအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လိုအပ်သော်လည်း ၎င်းတို့အပေါ် ပိုမိုမှီခိုခြင်းထက် အစိုးရ အနေဖြင့် စီမံခန့်ခွဲမှု အပိုင်းကိုသာ အဓိက လုပ်ဆောင်ပေးရန်လိုပြီး ကုန်ဈေးနှုန်း တည်ငြိမ်မှု၊ စီးပွားရေး ဖွံ့ဖြိုးရန်အတွက် နိုင်ငံရေး တည်ငြိမ်မှု၊ လျှပ်စစ်မီးကဲ့သို့ Infrastructure ပိုင်းကောင်းမွန်ရန် ဆောင်ရွက်ရမည်ဖြစ်ပြီး ကုန်ဈေးနှုန်း တည်ငြိမ်ရန်အတွက်လည်း အစိုးရ အနေဖြင့် လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ပညာရှင်များက သုံးသပ်ကြသည်။
ဒေါက်တာခင်မောင်ညိုက "ဒေါ်လာဈေးတက်တယ်၊ ကျတယ်ဆိုတာက ပုံမှန်တက်တာ၊ ကျတာရှိမှာပဲ။ ဒါပေမဲ့ အဲဒါကို အစိုးရက အတင်းလုပ်လို့ မရဘူး။ အဲဒါက နည်းလမ်းမှားတယ်။ ပြည်တွင်းကို ထောက်ပံ့ဖို့အတွက် အရန်ဒေါ်လာတွေကို ချသုံးသင့်ရင် သုံးရမယ် ထင်တယ်။ အဲဒါမှ ငွေတည်ငြိမ်ပြီး အလုပ်အကိုင် ပေါမယ်လေ" ဟု ပြောကြားသည်။
ကုန်ဈေးနှုန်း မြင့်တက်မှုကြောင့် လူထု၏ စားဝတ်နေရေး ပိုမိုကျပ်တည်း သွားသော်လည်း လစာနှုန်းထားများမှာမူ ချက်ချင်းတက်နိုင်ခြင်း မရှိသည့်အပြင် နိုင်ငံတွင်း ၀န်ထမ်းများ၏ လုပ်ခလစာ နှုန်းထားများမှာလည်း ညှိနှိုင်းထားသည့် လစာစနစ်မျိုး မရှိသည့်အတွက် ကုန်ဈေးနှုန်း မြင့်တက်သည့်အပေါ် အခြေခံ လူတန်းစားများတွင် အခက်အခဲများ ပိုမိုဖြစ်ပေါ်လာကြောင်း သိရသည်။
ထို့ပြင် အစိုးရ၏ စီးပွားရေး ပေါ်လစီပိုင်းနှင့်အတူ နိုင်ငံ၏ အခြေအနေ တည်ငြိမ်မှု မရှိခြင်းကလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ကာလရှည် ၀င်ရောက်လာနိုင်ရေးကို အဟန့်အတား ဖြစ်စေနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
Eleven Media Group