ကျပ်သန်းပေါင်း တစ်ထောင်ကျော်ဖြင့် ဧရာဝတီ မြစ်ကြောင်း ပြုပြင်မည်

ပို့စ်တင်ချိန် - 11/18/2013 02:32:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၁၇

သောင်ထွန်းသဖြင့် ရေလမ်းကြောင်း ကျပ်တည်း လာမှုများနှင့် ပတ်ဝန်းကျင် ထိခိုက်မှု ဆိုးရွားစွာ ရင်ဆိုင်လာနေရသည့် ဧရာဝတီ မြစ်ကြောင်းကို ထိန်းသိမ်း ပြုပြင်ရန်အတွက် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်းပေါင်း တစ်ထောင်ကျော် အသုံးပြုမည် ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟံစိန်က ပြောကြားသည်။

ဧရာဝတီ မြစ်ကြောင်း ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းတွင် ဗန်းမော်မှ ရန်ကုန်အထိ မြစ်အတွင်း ရေလမ်းကြောင်း ကျပ်တည်း ကျဉ်းမြောင်းသည့် နေရာ ၄၆ နေရာကို သောင်တူး ရေယာဉ် ၁၉ စီးဖြင့် သောင်တူးဖော်ခြင်း၊ သဲသောင် စုပ်ယူခြင်း စသည်တို့ကို ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အလားတူ ချင်းတွင်း မြစ်ကြောင်းအတွင်း ရေလမ်းကြောင်း ကျပ်တည်းသည့် ၃၇ နေရာကိုလည်း ကျပ်သန်းပေါင်း သုံးရာကျော်ဖြင့် တစ်ဆက်တည်း ပြုပြင်ထိန်းသိမ်းမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန စာရင်းဇယားများအရ သိရသည်။

လက်ရှိ အချိန်တွင် ဧရာဝတီနှင့် ချင်းတွင်းမြစ်အတွင်း မြစ်ရေ ကျဆင်းပြီး သောင်ဖြစ်ထွန်းမှု များပြားကာ ရေလမ်းကြောင်း ကျပ်တည်း နေသဖြင့် ကုန်သွယ်ရေး လုပ်ငန်းများ အခက်တွေ့နေကြောင်း ကုန်သွယ် လုပ်ငန်းရှင်များနှင့် ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ရာသီဥတု ဖောက်ပြန်ခြင်း၊ သစ်တောများ ပြုန်းတီးမှု မြန်ဆန်လာခြင်းနှင့် တရားမဝင် ရွှေတူးဖော်ရေး လုပ်ငန်း များကြောင့် ဧရာဝတီ မြစ်ကြောင်းမှာ တစ်နှစ်ထက်တစ်နှစ် ပတ်ဝန်းကျင် ထိခိုက်မှု ဆိုးရွား လာနေသည့်အပြင် ကမ်းပြိုမှုများလည်း မြစ်ကြောင်း တစ်လျှောက်တွင် ခပ်စိပ်စိပ် ဖြစ်ပေါ်လာနေပြီ ဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းက ပြောဆိုသည်။

၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ် အတွင်းက စတင် လုပ်ဆောင်နေသည့် မြစ်ကြောင်း ထိန်းသိမ်းရေး လုပ်ငန်းများဖြစ်သော မြေထိန်းနံရံ တည်ဆောက်ခြင်း၊ ကျောက်ဖြည့် ရေကာ၊ ကျောက်စီ ရေကာနှင့် သောင် ဖြစ်ထွန်းမှု လျော့နည်းရန် သောင်ထိန်းများ တည်ဆောက်ခြင်း သဲသောင် စုပ်ယူခြင်းတို့ကို လည်း ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။
The Voice Weekly