အကြမ်းဖက်မှုများ ဖြစ်ပေါ်ခြင်းသည် ဘာသာရေး အယူအဆကြောင့် မဟုတ်ဟု OIC အဖွဲ့ ပြောကြား

ပို့စ်တင်ချိန် - 11/18/2013 09:35:00 AM


မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ဖြစ်ပေါ်ခြင်းသည် ဘာသာရေး အယူအဆများကြောင့် မဟုတ်ကြောင်း အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) မှ အတွင်းရေးမှူးက နိုဝင်ဘာ ၁၇ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်ဟု နိုဝင်ဘာ ၁၇ ရက် မြန်မာ့ရုပ်မြင်သံကြား သတင်းထုတ်လွှင့်မှုအရ သိရသည်။
အကြမ်းဖက်မှုများ ဖြစ်ပေါ်လာရခြင်းမှာ ဘာသာရေး အယူအဆကြောင့် မဟုတ်ဘဲ သာမန်ရာဇ၀တ်မှု ကျူးလွန်သည့် ပုဂ္ဂိုလ်ရေး လုပ်ရပ်အဖြစ်သာ ဖြစ်သဖြင့် ပြစ်မှုကျူးလွန်သူများကို တရားဥပဒေနှင့်အညီ အရေးယူသွားရမည် ဖြစ်ကြောင်း၊ အပြန်အလှန် ယုံကြည်မှု ပျက်ပြားခြင်းသည် အကြမ်းဖက်မှုကိုသာ ဖြစ်ပေါ်စေကြောင်း OIC က ပြောကြားခဲ့သည်ဟု သတင်းတွင် ထုတ်လွှင့်သွားသည်။
OIC အဖွဲ့သည် အစိုးရအဖွဲ့ အချင်းချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းသာ ဖြစ်ပါကြောင်း၊ လူမျိုးရေး ပဋိပက္ခများ ဒေသတစ်ခုမှ တစ်ခုသို့ ကူးစက်ပျံ့နှံ့ခြင်း မရှိစေရန် ၀ိုင်းဝန်းကြိုးပမ်း ကြရမည်ဖြစ်ကြောင်း၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများကို မြန်မာအစိုးရမှတစ်ဆင့် ပေးအပ်သွားမည်ဖြစ်ကြောင်း စသည်ဖြင့်လည်း ၎င်းက ပြောကြားခဲ့သည်ဟု သတင်းထုတ်လွှင့်မှုအရ သိရသည်။
အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၃ ရက်က ရောက်ရှိလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ဒေသအသီးသီးမှ ကန့်ကွက်ဆန္ဒပြမှုများကို ခံခဲ့ရသည်။ နိုဝင်ဘာ ၁၇ ရက် မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ သတင်းစာ ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး MRTV နှင့် Sky Net ရုပ်သံလိုင်းတို့သာ တွေ့ဆုံခွင့်ရခဲ့ကြောင်း သိရသည်။
Eleven Media Group