ဖမ်းဆီးရမိသည့် တရားမ၀င် ကုန်ပစ္စည်းများအား သက်ဆိုင်ရာ ၀န်ကြီးဌာနများအလိုက် လွှဲပြောင်းမှု ပြုလုပ်ထားဟု သိရ

ပို့စ်တင်ချိန် - 11/18/2013 09:34:00 AM


မှောင်ခိုကုန်သွယ်မှုများ ဖမ်းဆီးရာတွင် စတင်ဖမ်းဆီးသည့် အချိန်မှ တစ်နှစ်ခန့် ကာလအတွင်း တရားမ၀င် ကုန်စည်ဖမ်းဆီးမှုမှ ကျပ်ငွေ ၇ ဒသမ ၈ ဘီလျံကျော်ခန့် ရရှိခဲ့ပြီး ယင်းဖမ်းဆီးရမိသည့် ကုန်စည်များအား ကုန်စည်အမျိုးအမည်အလိုက် သက်ဆိုင်ရာ ၀န်ကြီးဌာနများသို့ လွှဲပြောင်းထားကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ ညွှန်ကြားရေးမှူး ဦးဝင်းလွင်က ပြောကြားသည်။
ဖမ်းဆီးရမိသည့် ကုန်ပစ္စည်းများအား လေလံတင်ရာတွင် တစ်ဦးတစ်ယောက်တည်း ရရှိရန် လုပ်ဆောင်နေသည်ဟု လုပ်ငန်းရှင်အချို့မှ ဝေဖန်မှုများ ရှိနေသော်လည်း တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ အနေနှင့် ယင်းသို့လုပ်ဆောင်မှု မရှိကြောင်း ဦးဝင်းလွင်က ငြင်းဆိုခဲ့ခြင်းဖြစ်သည်။
"အခု ဖမ်းဆီးမိထားတယ်ဆိုတဲ့ ကုန်ပစ္စည်းတွေကို လုပ်ငန်းရှင် တစ်ယောက်တည်းရအောင် အားလုံးပူးပေါင်း လုပ်ဆောင်နေကြတယ်" ဟု လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
တရားမ၀င် ကုန်သွယ်မှုများအား စတင်ဖမ်းဆီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၇ ရက်အထိ တရားမ၀င် ကုန်သွယ်မှုမှ နိုင်ငံပိုင်အဖြစ် ဖမ်းဆီးနိုင်ခဲ့သော ပမာဏမှာ ကျပ်ငွေ ၇ ဒသမ ၈ ဘီလျံကျော်ဖိုးအထိရှိပြီး အများဆုံး ဖမ်းဆီးရမိသည့် ကုန်စည်များမှာ အရက်၊ ဘီယာ၊ ၀ိုင်၊ စီးကရက် စသည့်တရားဝင် တင်သွင်းမှုအား ကန့်သတ်ထားသည့် ကုန်စည်များ ဖြစ်နေကြောင်း သိရသည်။
"ကျွန်တော်တို့ အနေနဲ့ မှောင်ခိုကုန်သွယ်မှု ဖမ်းတဲ့အခါမှာ မိတဲ့ပစ္စည်းတွေကို သက်ဆိုင်ရာ အမျိုးအမည်အလိုက် သက်ဆိုင်တဲ့ ၀န်ကြီးဌာနကို လွဲပြောင်းပေးပါတယ်။ ဥပမာ-သစ်တောထွက် ပစ္စည်းဆိုရင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနကို လွှဲပြောင်းပေးရပါတယ်။ သစ်တောရေးရာ ၀န်ကြီးဌာနကမှ လေလံတင်တဲ့ လုပ်ငန်းစဉ်ကို လုပ်ဆောင်ပါတယ်။ အားလုံးက ဥပဒေအတိုင်း လုပ်ဆောင်နေတာပါ။ လေလံတင်တဲ့ အချိန်မှာ မမှန်တာလုပ်ရင် တိုင်သာတိုင်လိုက်ပါ" ဟု ဦးဝင်းလွင်က ဆိုသည်။
တရားမ၀င် တင်သွင်းနေသည့် ကုန်စည်များအား စတင်ဖမ်းဆီးသည့် အချိန်မှ တစ်နှစ်ခန့် ကာလအတွင်း တရားဝင် ကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာ သုံးဘီလျံကျော် တိုးတက်ခဲ့ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ သိရသည်။
Eleven Media Group