(၆၆) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ရန်ကုန်မြို့တွင်းရှိ လွတ်လပ်ရေးကျောက်တိုင်တည်ရှိသော မဟာဗန္ဓုလပန်းခြံအပါအ၀င် ဘုရားများနှင့် အခြားအပန်းဖြေဥယျာဉ်များတွင် လာရောက်လည်ပတ်သူများဖြင့် စည်ကား

ပို့စ်တင်ချိန် - 1/06/2014 07:15:00 AM

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံအတွင်း လွတ်လပ်ရေးကျောက်တိုင်အား တွေ့ရစဉ်(ဓာတ်ပုံ-သက်မင်း)


ရန်ကုန်မြို့အတွင်း ရပ်ကွက်များ၌ လွတ်လပ်ရေးနေ့ပျော်ပွဲရွှင်ပွဲများ ကျင်းပနေစဉ်

Published on: January 5, 2014

ဇန်န၀ါရီလ ၄ ရက်၌ ကျရောက်သော မြန်မာနိုင်ငံ၏ ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ရန်ကုန်မြို့တွင်းရှိ လွတ်လပ်ရေးကျောက်တိုင်တည်ရှိသော မဟာဗန္ဓုလပန်းခြံအပါအ၀င် တန်ခိုးကြီးဘုရားများနှင့် အခြားအပန်းဖြေဥယျာဉ်များ၌ လာရောက်လည်ပတ်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

"ကျွန်တော်က နယ်ကလာတာပါ။ ဒီနေ့က လွတ်လပ်ရေးနေ့ဖြစ်တဲ့အတွက် အဓိကကတော့ လွတ်လပ်ရေးကျောက်တိုင်ရှိတဲ့ မဟာဗန္ဓုလပန်းခြံကို အရင်လာဖြစ်တယ်။ မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောက် လုပ်ပေးခဲ့တဲ့ သူရဲကောင်းတွေရဲ့ သမိုင်းကျောက်စာကိုဖတ်ပြီး လေ့လာခွင့်ရခဲ့ပါတယ်။ ဒီလိုနေ့ထူးနေ့မြတ်တစ်ခုကို နှစ်စဉ်ကျင်းပခြင်းက နောင်မျိုးဆက်သစ်တွေအတွက်လည်း သမိုင်းကိုပြန်သိရှိနိုင်မယ့် အခွင့်အရေးကိုရရှိနိုင်မှာပါ"ဟု မြိတ်မြို့မှ မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်သို့ လာရောက်လေ့လာသူ ကိုပြည်အေးက ပြောပြခဲ့သည်။

အထူးသဖြင့် ရန်ကုန်မြို့တွင်းရှိ ရွှေတိဂုံစေတီတော်၊ ဆူးလေစေတီတော်၊ စွယ်တော်၊ ငါးထပ်ကြီး၊ ခြောက်ထပ်ကြီး၊ ရွှေဘုန်းပွင့်၊ ဗိုလ်တထောင်ဘုရား၊ ကမ္ဘာအေးဘုရား၊ ကျောက်တော်ကြီးဘုရားနှင့် ရေလယ်ကျောက်တန်းဘုရားစသည့် တန်ခိုးကြီးဘုရားများတွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် လာရောက်ဖူးမြော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

"အန်တီတို့ကတော့ မိသားစုတွေနဲ့ လွတ်လပ်ရေးနေ့လည်းဖြစ်၊ ကလေးတွေ ကျောင်းပိတ်ရက်လည်းဖြစ်ဆိုတော့ ဘုရားတော်တော်များများကို သွားဖူးဖြစ်ပါတယ်။ ဘုရားတွေမှာလည်း ဗုဒ္ဓပူဇနိယပွဲတော်တွေရှိတဲ့အတွက်ကြောင့်မို့ အလှူအတန်းတွေလည်း လုပ်ဖြစ်ခဲ့တယ်။ ညနေအိမ်ပြန်ရောက်ရင်တော့ ကိုယ်ရပ်ကွက်မှာ တတ်နိုင်သလောက် စတုဒီသာကျွေးပြီးတော့ ကလေးတွေကိုလည်း လွတ်လပ်ရေးနေ့ရဲ့ အနှစ်သာရကို သိစေချင်တဲ့ဆန္ဒနဲ့ အပျော်တမ်းပြိုင်ပွဲလေးတွေ လုပ်ပေးဖို့ စီစဉ်ထားပါတယ်" ဟု တာမွေမြို့နယ်တွင်နေထိုင်သူ ဒေါ်မိုးမိုးအေးက ဆိုသည်။  

လွတ်လပ်ရေးနေ့ကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပလျက်ရှိပြီး ရန်ကုန်မြို့တွင်းရှိ ရပ်ကွက်များ၊ လမ်းများတွင်လည်း စုပေါင်း၍ပျော်ပွဲ၊ ရွှင်ပွဲများပြုလုပ်ခြင်း၊ ရိုးရာကစားနည်းများဖြစ်သည့် ထုပ်စည်းတိုး၊ ခြင်းခတ်၊ အာလူးကောက်၊  ချောတိုင်တက်၊ ဂုန်နီအိတ်စွပ်ပြေးခြင်း၊ သံပုံးရိုက်၊ ခေါင်းအုံးရိုက်၊ ဘောလုံးကန် စသည့် ကစားနည်းပြိုင်ပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ လွတ်လပ်ရေးနေ့တွင် မြို့နယ်၊ ရပ်ကွက်၊ လမ်းအလိုက် ပျော်ပွဲရွှင်ပွဲများကို ကျင်းပခြင်းသာမက လူငယ်အဖွဲ့အစည်းများ၊ တိုင်းရင်းသားမျိုးနွယ် အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ကျောင်းသား အဖွဲ့အစည်းများနှင့် မသန်းစွမ်းသူများ အဖွဲ့အစည်းမှလည်း လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားများကို ယင်းတို့၏ သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးကျင်းပခဲ့ကြကြောင်းသိရသည်။

၂၀၁၄ခုနှစ် ဇန်န၀ါရီ ၄ ရက်က ကျရောက်သော မြန်မာနိုင်ငံ၏ ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ရှိ မြို့နယ်အသီးသီးတွင် လွတ်လပ်ရေးနေ့ အားကစားပွဲများကျင်းပခဲ့ပြီး ကလေး၊ လူငယ်များအပြင် လူကြီးများပါ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြသောကြောင့် အထူးစည်ကားခဲ့ကြောင်းသိရသည်။

"ကလေးတွေက အခုလိုကစားနေရတော့ ပျော်နေတာပေါ့။ ဒီနေ့လေးတစ်နေ့ပဲ လူသွားလူလာခပ်ရှင်းရှင်းနဲ့ လမ်းပိတ်ပြီး ကစားလို့ရတာကိုး။ ရန်ကုန်မှာကလည်း အားကစားကွင်းတွေက သိပ်မရှိတော့ဘူးဆိုတော့ အခုလိုဆော့ရတာကို သူတို့တော်တော်ပျော်နေကြပါတယ်"ဟု ကျောက်တံတားမြို့နယ်မှ ကလေးမိခင်တစ်ဦးက ပြောသည်။

"လွတ်လပ်ရေးနေ့လမ်းထဲမှာ ကစားတယ်ဆိုတာက အစ်မတို့ငယ်ငယ်ကတည်းကလေ။ အခုအချိန်ထိလည်း ဒီအစဉ်အလာလေးမပျက်သွားတဲ့အတွက် အရမ်းပျော်ပါတယ်။ ဒီလို ကလေးလူကြီးမကျန် ပျော်ပျော်ရွှင်ရွှင်နဲ့ ဆော့ကစားနိုင်တာဟာ လွတ်လပ်ရေးရဲ့ အရသာတစ်ခုလို့ ထင်ပါတယ်။ လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့တဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်"ဟုမြောက်ဥက္ကလာပ မြို့နယ်မှ မသူဇာက ဆိုသည်။

အဆိုပါလွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ကြီးများနှင့် ကျေးရွာအသီးသီးတွင် ဇန်န၀ါရီ ၃ ရက် ညနေကတည်းက လွတ်လပ်ရေးနေ့အကြိုအဖြစ် စတင်ကျင်းပခဲ့ကြခြင်းဖြစ်ပြီး လွတ်လပ်ရေးနေ့တွင်လည်း နံနက်မှ ညအထိ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
eleven media group