အကြောက်တရားကို အာမခံ ကုစားပေးနိုင်ရေး (သို့) အတိုက်အခံခေါင်းဆောင်တွေရဲ့ ပခုံးပေါ်မှာ ကျရောက်နေတဲ့ တာဝန် ...

ပို့စ်တင်ချိန် - 1/06/2014 03:40:00 PM


ဒီကနေ့အချိန်မှာ မြန်မာပြည်သူလူထုရဲ့ အကြောက်တရားထက် ဦးလေးသန်းရွှေ ဦးဆောင်တဲ့ စစ်ခေါင်းဆောင်တွေ၊ ကြံ့ဖွံ့စစ်အုပ်စုဝင်တွေရဲ့ မြန်မာပြည်သူလူထုကို ပြန်ကြောက်နေတဲ့ အကြောက်တရားက ပိုကြီးမားနေတယ်လို့ သုံးသပ်မိပါတယ်။

အဲဒီလိုကြောက်နေလို့လည်း စစ်အုပ်စုအနေနဲ့ အာဏာကို လက်မလွှတ်ချင်၊ ပြည်တွင်းငြိမ်းချမ်းရေးကို စစ်စစ်မှန်မှန် မလုပ်ဆောင်ချင်သေးဘဲ နိုင်ငံရေးအရ ဖိနှိပ်ချုပ်ချယ်မှုတွေ အတင့်အသင့် ဖြေလျှော့ပေးရုံ၊ လက်နက်ကိုင်အဖွဲ့တွေကို ကားပါမစ်ပေး နှစ်သိမ့်ရုံ၊ သွေးခွဲစည်းရုံးရုံလောက် အယောင်ပြအလုပ်တွေသာ လုပ်ဆောင်ပြီး ၂၀၀၈ အခြေခံဥပဒေ အကာအကွယ်နဲ့ ဆက်စခန်းသွားဖို့ အချိန်ဆွဲလုပ်ဆောင်နေတာဖြစ်တယ်လို့ ရှင်းရှင်းပဲ မြင်မိပါတယ်။

အဲဒီလိုအခြေအနေမျိုး ဖြစ်နေတော့ကာ ...

အတိုက်အခံခေါင်းဆောင်တွေရဲ့ပခုံးပေါ်မှာ ပြည်သူလူထုရဲ့ အကြောက်တရားကို ကုစားပေးဖို့သာ တာဝန်ရှိတာမဟုတ်တော့ဘဲ စစ်အုပ်စုရဲ့ အကြောက်တရားနဲ့ စိုးရိမ်မှုတွေကိုပါ အာမခံ ကုစားပေးနိုင်မယ့် နည်းလမ်းတွေကို ၀ိုင်းဝန်းစဉ်းစားကြံဆပြီး ကုစားပေးမယ့်အကြောင်း တရားဝင် ကြေညာချက်ထုတ်ပြီး သတ္တိရှိရှိ ကမ်းလှမ်းဖို့လည်း လိုအပ် (တာဝန်ရှိ) လာတယ်လို့ မြင်မိပါတယ်။

ဒါမှသာ စစ်အုပ်စုရဲ့ အကြောက်တရားနဲ့ စိုးရိမ်မှုတွေ ပြေပျောက်ပြီး စစ်တပ်ကိုလည်း စစ်တန်းလျားကို ပြန်ပို့လို့ ရနိုင်မယ်။ အခြေခံဥပဒေကိုလည်း နှစ်ဘက် နားလည်မှုရှိရှိ ပြင်ဆင်/အသစ်ရေးဆွဲနိုင်မယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း စနစ်တကျ လုပ်ဆောင်နိုင်မယ်။ စစ်တပ်က အရပ်သားအစိုးရရဲ့ လက်အောက်ကို ရောက်မှသာ ပြည်တွင်းငြိမ်းချမ်းရေးကိုလည်း စစ်စစ်မှန်မှန် လုပ်ဆောင်လို့ ရမှာဖြစ်ပါတယ်။

ဒီကနေ့အထိတော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ထင်ရှားတဲ့ အတိုက်အခံခေါင်းဆောင်တွေဆီက စစ်အုပ်စုရဲ့အကြောက်တရားကို အာမခံ ကုစားပေးမယ်ဆိုတဲ့ တရားဝင် ကမ်းလှမ်းချက်မျိုး ထွက်ပေါ်လာတာ မတွေ့ရသေးပါဘူး။ စဉ်းစားချက် ရှိလား/မရှိလားလည်း ထင်သာမြင်သာ မတွေ့မိသေးပါဘူး။

အဲသလို ကုစားပေးနိုင်ဖို့ မကြိုးစားနိုင်ရင်တော့ ... ဆေးခါးကြီး ထပ်သောက်ကြရုံမှတပါး အခြားနည်းလမ်း တွေ့နိုင်ပါဦးမလား ...

(စေတနာနဲ့ အကြံပြုခြင်းသာဖြစ်ပါတယ်။ မိကျောင်းမင်းရေခင်းပြတယ်လို့ မထင်မှတ်ကြစေခလို ...)

အားလုံးသို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ
နေ့လည် ၂ နာရီ ၄၂ မိနစ်
၆-၁-၂၀၁၄
drlunswe