လူတိုင်း စိတ်ဝင်စားနေတဲ့ ၅၉(စ)

ပို့စ်တင်ချိန် - 1/06/2014 08:45:00 PM


အခြေခံ ဥပဒေ ပြင်ဆင်ရာတွင် မြန်မာနိုင်ငံသား တစ်ဦးဦးကို နိုင်ငံရေး ဦးဆောင်ခွင့်များ ကန့်သတ်ထားခြင်း မဖြစ်လိုဟု သမ္မတ ဦးသိန်းစိန်က ခရစ်နှစ်သစ်ကူး ရေဒီယိုမိန့်ခွန်းတွင် ပြောဆိုလိုက်သည်။ တိတိကျကျ ရည်ညွန်းခြင်း မရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတလောင်းဖြစ်ခွင့် ဆိုင်ရာ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကို ရည်ညွန်းလိုသည်မှာ ထင်ရှားကြောင်း ကောက်ချက် ဆွဲနိုင်သည်။
သို့သော် နောက်ထပ် စကားစုတစ်ခုကို သူထပ်ပြောသည်။
ကန့်သတ်ခြင်း မဖြစ်လိုသော်လည်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသား အကျိုးစီးပွား တည်တံ့ခိုင်မြဲရေးကို ထိခိုက်စေမည့် အချက်များကို ကာကွယ်ရန် သင့်တင့် လျောက်ပတ်သော အခြေခံမူများ ထားရှိသင့်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တစ်ဆက်တည်း ပြောဆိုခဲ့သည်။

အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများအတွက် အတန်အသင့် ခရီးပေါက်နိုင်မည့် လွှတ်တော်အတွင်း ကိုယ်စားလှယ် ဦးရေ အများဆုံးနှင့် တပ်မတော် ခေါင်းဆောင်ဟောင်းများဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အခြေခံဥပဒေပုဒ်မ ၅၉ (စ) အပါအဝင် အချက် ၇၃ ချက်ဖြင့် ပြင်ဆင်ထားသော အခြေခံဥပဒေနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များ ထွက်လာပြီး နောက်ပိုင်း ၄င်းက ယင်းသို့ သတိပေးလိုက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် ကန့်သတ်ထားသော ပုဒ်မ ၅၉ (စ) အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး များ၏ လုပ်ပိုင်ခွင့် ဇယား (၂) ကိုပါ ပြင်ဆင်ရန် ကြံ့ခိုင်ရေးပါတီက လွှတ်တော်တင်မည် ပြောဆိုလိုက်ခြင်းကြောင့် အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် အတန်အသင့် ခရီးပေါက်တော့မည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူများက သုံးသပ်လျက် ရှိကြသည်။
"လက်ရှိ နိုင်ငံရေးဦးဆောင်မှုနဲ့ ပတ်သက်တဲ့ ဝိရောဓိများကို ကိုင်တွယ် ဖြေရှင်းရာမှ နိုင်ငံရေးအကျပ်အတည်း တစ်ခုဆီသို့ ဦးတည် မသွားစေနိုင်ဖို့ အတွက် နိုင်ငံရေး ရွေးချယ်မှု မှန်ကန်စေဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်" ဟု အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် ပြောကြားသော နှစ်သစ်ကူးမိန့်ခွန်းတွင် ယင်းသို့ မှတ်ချက်ပြုသည်။

ပြင်ဆင်လိုသည်ဟု အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီသို့ ပေးပို့ထားသော ထောင်ချီသော အချက်များအနက် ပုဒ်မ ၅၉ (စ) နှင့် ပြင်ဆင်ရေး အခန်းပါ ၇၅ ရာခိုင်နှုန်းကျော်မှာ အခြေခံ ဥပဒေ ပြင်ဆင်နိုင်မည် ဆိုသည့် အချက်များ ပြင်ဆင်ရန် အခက်ခဲဆုံး ဖြစ်နိုင်ကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောဆိုသည်။ ယင်းပြင်ဆင်ချက် များသည် NLD က မည်သို့ အကြံပြုမည်ဆိုသည့် အချက်ပေါ်တွင် မူတည်ကြောင်း ၄င်းက ဆိုသည်။

ဦးရဲထွန်းနှင့် ထပ်တူ ထင်မြင်ချက်ပေးသူမှာNLD ဗဟို ကော်မတီဝင် ဦးဝင်းမြင့်ဖြစ်သည်။ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးအခန်းပါ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် လက်ခံ သဘောတူပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ အားလုံး၏ ထက်ဝက်ကျော် မဲဆန္ဒဖြင့်သာ ပြင်ဆင်ရမည်ဆိုသည့် အချက်ဖြစ်ကြောင်း ဦးဝင်းမြင့်က ဆိုသည်။

အချို့အချက်များကို လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၏ မဲဆန္ဒဖြင့် ပြင်ဆင်နိုင် သော်လည်း ၅၉ (စ) အပါအဝင် ပုဒ်မ ၉၀ ကျော်ကိုမူ လွှတ်တော် ကိုယ်စားလှယ်သာမက ပြည်သူများ၏ မဲဆန္ဒများပါရှိရန် လိုအပ်သည်။

အခြေခံဥပဒေတွင် ပုဒ်မ ၄၅၇ ခု ရှိသည့်အနက် အရေးကြီးသည့် စုစုပေါင်းပုဒ်မ ငါးပုံတစ်ပုံကို ပြင်ဆင်ရန် လွှတ်တော်တစ်ခုတည်းဖြင့် မပြီးဘဲ ပြည်သူအထိ ပါရမည့်သဘော ဖြစ်နေသည်။ နေပြည်တော်တွင် မပြီးဘဲ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပါ လိုအပ်လာပါက အချိန်ပို စားမည့်သဘော ဖြစ်နေသည်။

The Voice က မေးမြန်းခဲ့သော လွှတ်တော်ကိုယ်စားလှယ်များ သည်လည်း အချိန်ကို မမှန်းနိုင်ပေ။
"ပြင်ဆင်ချင်တဲ့စိတ် ရှိရင်၊ အားလုံး တညီတညွတ်တည်း ပြင်ရင်၊ တစ်နှစ်မပြောနဲ့ တစ်လ နှစ်လတည်းနဲ့ လွှတ်တော် အစည်းအဝေးခေါ်ပြီး ပြင်လို့ရတယ်။ ပြင်ဆင်ချင်တဲ့စိတ် မရှိရင်တော့ ၂၀၁၅ မပြောနဲ့ ၂၀၂၀ လည်း ပြီးမှာမဟုတ်ပါဘူး" ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများ အမြန်ဆုံး စတင်နိုင်ရန်အတွက် ဇန်နဝါရီလ ၇ ရက်နေ့တွင် အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ အစည်းအဝေး ပြုလုပ်ကာ ပြင်ဆင်သင့်ရန်လေ့လာ သုံးသပ်မှု ပြုလုပ်ပြီး လေ့လာတွေ့ရှိချက် များကို ယခု ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းမည် ဖြစ်ကြောင်း အခြေခံဥပဒေလေ့လာ သုံးသပ်ရေး ကော်မတီထံမှ သိရှိရသည်။
အဆိုပါကော်မတီ အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် များနှင့် နိုင်ငံရေးပါတီ အသီးသီးက အကြံပြုချက်နှင့် အခြေခံဥပဒေ ပြင်ဆင်ချက်ပေါင်း သုံးသိန်းကျော်ကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း ယင်းကော်မတီက ထုတ်ပြန် ကြေညာထားသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အကြံပြုလွှာပေါင်း ၂၈၂၄၇ စောင် လက်ခံရရှိပြီး အခြေခံဥပဒေပါ အခန်း ၁၅ ခန်းနှင့် ဇယား ငါးခုအတွက် ပြင်ဆင်ရန် အကြံပြုချက် စုစုပေါင်း ၃၂၃,၁၁၀ ခုကို လက်ခံ ရရှိထားကြောင်း အဆိုပါကော်မတီက ထုတ်ပြန်သည်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပုဂ္ဂိုလ် အဖွဲ့အစည်း အသီးသီး၏ အကြံပြုချက် များနှင့် ကော်မတီ၏ လေ့လာ တွေ့ရှိချက် အစီရင်ခံစာ အတွက် အခြေခံဥပဒေ တစ်ခန်းချင်းစီ အလိုက် လေ့လာသုံးသပ်ရေး အဖွဲ့ငယ်များ ထပ်ဆင့်ဖွဲ့စည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။ အဆိုပါ ပြင်ဆင်ချက်များတွင် လက်ရှိ အာဏာရပါတီနှင့် လွှတ်တော်တွင်း ကိုယ်စားလှယ်နေရာ အများဆုံး ရရှိထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပုဒ်မ ၅၉ (စ) အပါအဝင် အချက် ၇၃ ချက်ကို တင်ပြထားသည်။

အခြေခံ ဥပဒေတွင် နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိ ကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီး တစ်ဦးဦး သော်လည်းကောင်း၊ ထိုတရားဝင် သားသမီး တစ်ဦးဦး၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားသား လက်အောက်ခံသူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား မဖြစ်စေရဟု ပြဋ္ဌာန်းထားသည်။

ယင်းအချက်ကို ကြံ့ခိုင်ရေးပါတီက နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ များသည် မိမိကိုယ်တိုင်သော်လည်း ကောင်း၊ မိမိ၏ မိဘ တစ်ပါးပါးသော်လည်း ကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ နိုင်ငံခြား အစိုးရ၏ ကျေးဇူးတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားသား လက်အောက်ခံသူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား မဖြစ်စေရဟု ပြင်ဆင်လိုကြောင်း အဆိုပြုမည်ဟု ထုတ်ပြန်ထားသည်။

ယင်းသို့ ပြင်ဆင်ထားခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးသည် ပြည်ပနိုင်ငံများတွင် နေထိုင်နေသောကြောင့် ထိုသို့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မည် မဟုတ်ကြောင်း ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဆိုသည်။

ဗဟိုချုပ်ကိုင်မှု လျှော့ချသည့် အနေနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေး ပါတီက ပြင်ဆင်ထားသည့် ပြည်နယ်နှင့်တိုင်း ဒေသကြီး ဥပဒေပြုခွင့် အခန်း(၁၅) ဇယား ၂ တွင် ရေနံ၊ ကျောက်မျက်ရတနာ၊ သစ်တော၊ ရွှေလုပ်ငန်းနှင့် သတ္တုတွင်း လုပ်ငန်းများမှာလည်း အသေးစားလုပ်ငန်း များသာ ခွင့်ပြုထားသဖြင့် တိုင်းရင်းသား ဒေသများ ဖွံ့ဖြိုးရေးအတွက် မလုံလောက်ကြောင်း တိုင်းရင်းသား အဖွဲ့အစည်း အချို့က ထောက်ပြထားသည်။

မည့်သို့ပင်ဖြစ်စေ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများ ၂၀၁၄ ခုနှစ်အတွင်း စတင်ရတော့မည် ဖြစ်ပေသည်။ ထို့ကြောင့် အခြေခံဥပဒေ ပြင်ဆင်ရာတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အခြေခံ လုပ်ဆောင်ရမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်က ဆိုသည်။
အခြေခံဥပဒေကို နိုင်ငံရေး ဆွေးနွေးပွဲများက ထွက်ပေါ်လာသော ရလဒ်ကို အခြေခံပြီး ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ရေးသားခြင်းများ လုပ်ဆောင်သင့်ကြောင်း ၄င်းက အကြံပြုသည်။

"ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်မှု တည်ဆောက်ရေး အတွက် လိုအပ်တဲ့ အခြေခံဥပဒေ ပြင်ဆင်မှုများကို လုပ်ဆောင်ရာမှာ မိမိတို့အချင်းချင်း အပြန်အလှန် ယုံကြည်မှုအပေါ် အခြေခံတဲ့ဆွေးနွေး ညှိနှိုင်းမှုတွေ၊ ထားရှိနိုင်မယ့် သဘောထား ကြီးမှုတွေ၊ တောင်းဆိုမှုတွေကို အပြန်အလှန် နားလည် လက်ခံပေးနိုင်တဲ့ အခြေအနေတွေ၊ ဒါတွေက အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်" ဟု ၄င်းကထပ်လောင်း ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ကမူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အခြေခံ ၅၉ (စ)ကို ပြင်ဆင်ရာတွင် ကန့်သတ်မှုများ ပြုလုပ်ထားဆဲ ဖြစ်ပြီး အသက် ၂၁ ကျော်နေသည့် သားသမီးများ အတွက် ကန့်သတ်ထားခြင်းသည် ဥပဒေကျင့်ဝတ် ချိုးဖောက်ခြင်းသာ ဖြစ်ကြောင်း လွတ်လပ်သော အာရှအသံ RFA နှင့်တွေ့ဆုံစဉ် ပြောဆိုထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကြံ့ခိုင်ရေး ပါတီ ဗဟိုကော်မတီဝင် ဦးအောင်သိန်းလင်း ကမူ "၅၉ (စ) အတွက် အကြံပြုချက်ပဲ ရှိပါသေးတယ်။ ပြည်ထောင်စု (လွှတ်တော်) မှာ ဘယ်လို ဆုံးဖြတ်မယ်ဆိုတာ မသိရသေးဘူး။ ကျွန်တော်တို့ နိုင်ငံဟာ အင်အားကြီး နိုင်ငံနှစ်ခုကြား ရှိနေတယ်။ နောက်လာမယ့် မျိုးဆက်သစ်တွေ အတွက် စဉ်းစားရမယ်၊ ပြည်ပလွှမ်းမိုးမှု ဖြစ်နိုင်ခြေ ရှိတဲ့ အလားအလာ မရှိရင် အကောင်းဆုံးပေါ့" ဟု ပြောဆိုသည်။
New Myanmar Pyi