တိုင်းဒေသကြီးနှစ်ခုကြား အငြင်းပွားမြေနုကျွန်း ပိုင်ဆိုင်မှု မြန်မာပြည်" မြေတိုင်းအဖွဲ့ တိုင်းတာမည်

ပို့စ်တင်ချိန် - 1/06/2014 02:00:00 PM


ဧရာဝတီ တိုင်းဒေသကြီး ဇလွန်မြို့နယ်ရှိ သက္ကယ်ကျွန်းကျေးရွာနှင့် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ အဖျောက်မြို့ ရေပေါ်သေင်ကျေးရွာတို့မှ နှစ်ဖက်တောင်သူများ လုပ်ပိုင်ခွင့် အငြင်းပွားနေသော မြေနုကျွန်းများ ပိုင်ဆိုင်မှု ဖြေရှင်းရန် မြေတိုင်းဦးစီးဌာနက တိုင်းတာဆောင်ရွက်သွားမည် ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးအုန်းသန်းက ဇန်နဝါရီလ ၃ ရက်နေ့က ဇလွန်မြို့တွင် ပြောကြားသည်။ တိုင်းဒေသကြီး နှစ်ခုအကြား ဖြစ်ပွားနေသည့် အငြင်းပွားမှုကို တိုင်းအဆင့် တာဝန်ရှိသူများ ညှိနှိုင်းဆောင်ရွက်ပေးရာတွင် အဆင်မပြေသဖြင့် ဒုတိယဝန်ကြီးက တိုင်းဒေသကြီးနှစ်ခုကို လာရောက် စစ်ဆေးစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ “အခုကိစ္စကို ပြည်ထောင်စုဝန်ကြီးဆီ တင်ပြလို့ ခွင့်ပြုချက်ရရင် မြန်မာပြည် မြေတိုင်းအဖွဲ့ကို လာရောက်စစ်ဆေး တိုင်းတာခိုင်းမယ်” ဟု ဦးအုန်းသန်းက ဆိုသည်။ အောက်မြန်မာပြည် မြေနှင့် အခွန်ဥပဒေပုဒ်မ ၅၁ အရ နှစ်စဉ် ဖေဖော်ဝါရီ ၂၆ ရက်နေ့ နောက်ပိုင်း ရေအတိမ်အနက် ခွဲခြမ်းလေ့ရှိရာ မိမိဧရိယာအတွင်း ပေါ်ထွန်းသည့်မြေကို သုံးပုံနှစ်ပုံ ပိုင်ဆိုင်ခွင့်ရှိပြီး၊ သူတစ်ပါး ဧရိယာတွင် ပေါ်ထွန်းသည့်မြေကို သုံးပုံတစ်ပုံ ပိုင်ဆိုင်ခွင့်ရှိခဲ့ဖူးကြောင်း၊ မြေတိုင်းဦးစီးဌာနသည် တော်လှန်ရေးကောင်စီ လက်ထက်က သစ်တောရေးရာ ဝန်ကြီးဌာနအောက်တွင် ရှိခဲ့သော်လည်း နောက်ပိုင်းတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ယခုအခါ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနအောက်တွင် ရှိနေသဖြင့် မြေနုကျွန်း အငြင်းပွားမှုအပေါ် ဝန်ကြီးဌာနချင်း ညှိနှိုင်းကာ မြန်မာပြည် မြေတိုင်းအဖွဲ့ကို စေလွှတ်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ရှင်းလင်း ပြောကြားသည်။ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့မှ ခရိုင်နှင့် မြို့နယ် တာဝန်ရှိသူများ၊ ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များမှ အကြိုသဘော ဆွေးနွေးခဲ့ပြီးနောက်ပိုင်း ဒုတိယဝန်ကြီးက ဧရာဝတီ တိုင်းဒေသကြီး မြေစာရင်းဦးစီးမှူးနှင့်အဖွဲ့များ၊ ရန်ကုန်တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာန တိုင်းဦးစီးမှူးနှင့် အဖွဲ့များ၏ စစ်ဆေးဆောင်ရွက်ထားမှုများနှင့် အငြင်းပွား မြေနုကျွန်းများကို လာရောက် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ တာဝန်ရှိသူများက ဆိုသည်။ မြေနုကျွန်းများကို ၂၀၀၄ ခုနှစ်က ဧရာဝတီတိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးနိုင်နှင့် ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်မြင့်ဆွေတို့ နှစ်ဦးသဘောတူညီမှုဖြင့် မြေဧရိယာ ၂၈၆ ဧကကို ရန်ကုန်တိုင်းမှ တောင်သူများ သုံးနှစ်လုပ်ကိုင်ရန် ငှားရမ်းခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ဧရာဝတီတိုင်းဘက်သို့ ပြန်လည်လွှဲပြောင်း ပေးရမည်ဟု သဘောတူခဲ့ကြောင်း ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ဝင် ဇလွန်မြို့နယ် သက္ကယ်ကျွန်းကျေးရွာမှ ဦးတန်တေးက ပြောကြားသည်။ မြေနုကျွန်း ဧရိယာများကို ၁၉၇၄ ခုနှစ်မှ စတင်ကာ ဇလွန်မြို့နယ် စိန်ကလေးကျေးရွာရှိ သက္ကယ်ကျွန်း ကျောက်တိုင်အထိ ရေပေါ်သောင် နယ်နမိတ်အဖြစ် မှတ်ထားခဲ့ပြီး ၂၀၀၀-၂၀၀၁ ခုနှစ်တွင် ရေပေါ်သောင်ကျေးရွာအနီးရှိ မြေနုကျွန်းဧက ၁၄၀၀ ခန့်ကို ဇလွန်မြို့နယ်ဘက်မှ တိုးချဲ့လာခဲ့သဖြင့် နှစ်ဖက်စစ်တိုင်းမှူးများ ညှိနှိုင်းခဲ့ကြောင်း တိုက်ကြီးမြို့နယ် ရေပေါ်သောင်ကျေးရွာမှ လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ ဦးသန်းစိုးက ပြောကြားခဲ့သည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။"
khit lu nge