သီလ၀ါစီးပွားရေးဇုန်တွင် ဆူဇူကီးကုမ္ပဏီကို ပထမဆုံး စက်ရုံတည်ဆောက်ခွင့်ပြု

ပို့စ်တင်ချိန် - 1/06/2014 03:10:00 PM


သီလ၀ါ အထူးစီးပွားရေးဇုန်အား တွေ့မြင်ရစဉ်
ဂျပန်နဲ့ မြန်မာဖက်စပ် အကောင်အထည်ဖော်နေတဲ့ သီလ၀ါအထူးစီးပွားရေးဇုန်မှာ အခြေခံတည်ဆောက်ရေး လုပ်ငန်းတွေ မပြီးသေးပေမယ့် ဂျပန် ဆူဇူကီးကားကုမ္ပဏီကိုတော့ ပထမဦးဆုံးအဖြစ် စက်ရုံ တည်ဆောက်ခွင့်ပြုထားတယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်
အဖွဲ့ရုံး တာဝန်ရှိသူတယောက်က ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

လောလောဆယ် သီလ၀ါ စီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီဟာ စီမံကိန်းအပိုင်း ၁ ကို စတင် အကောင်အထည်ဖော်နေပြီး မြေပြင်တာ၊ လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းတာနဲ့ ရေချိုသန့်စင်တာ စတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နေပါတယ်။
ဒီလုပ်ငန်းတွေ အကောင်အထည်ဖော်ပြီးမှ ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေကို မြေငှားရမ်းခွင့် ပေးတာ၊ စက်ရုံ ဆောက်ခွင့်ပေးတာ လုပ်နိုင်မှာဖြစ်ပြီး အခု နှစ်လယ်ပိုင်းလောက်မှ စနိုင်မယ်လို့ သိရပါတယ်။

ဆူဇူကီး ကုမ္ပဏီကတော့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာ လုပ်ငန်း တိုးချဲ့ခွင့်ပြုဖို့ ၂၀၁၂ ခုနှစ် ကတည်းက တင်ပြထားတာ ဖြစ်တဲ့အတွက် ခုလို စက်ရုံတည်ဆောက်ခွင့် ပေးလိုက်တာ ဖြစ်ကြောင်း သိရပါတယ်။
DVB Burmese