နိုင်ငံတကာသုံး ငွေပေးချေကတ်များ သုံးစွဲမှု မြင့်တက်ဟုဆို

ပို့စ်တင်ချိန် - 1/06/2014 05:20:00 PM


ရန်ကုန်၊ ဇန်န၀ါရီ ၅

နိုင်ငံတကာ ငွေပေးချေ လုပ်ငန်းများနှင့် ပြည်တွင်း ပုဂ္ဂလိကဘဏ်များ ပူးပေါင်း အကောင်အထည် ဖော်ထားသော နိုင်ငံတကာတွင် သုံးစွဲနိုင်သည့် Easi Travel Master Card နှင့် Multi-Currency Travel Visa ကတ်သုံးစွဲမှုများ တဖြည်းဖြည်း မြင့်တက်လျက် ရှိကြောင်း ပုဂ္ဂလိကဘဏ် လုပ်ငန်းရှင်များက ပြောကြားသည်။

သမဝါယမဘဏ်က ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း စတင်အကောင်အထည် ဖော်သည့် Easi Travel Master Card သုံးစွဲသူ ခြောက်ထောင်ကျော် ရှိနေပြီ ဖြစ်ပြီး ဒီဇင်ဘာ လဆန်းပိုင်းတွင် အကောင်အထည် ဖော်ခဲ့သည့် Easi Multi-Currency Travel Visa ကတ် သုံးစွဲသူ ၁၀၀၀ ကျော်အထိ တိုးတက်လျက် ရှိကြောင်း သမဝါယမဘဏ် လီမိတက် အမှုဆောင် အရာရှိချုပ် ဦးကျော်လင်းက ပြောကြားသည်။

အမေရိကန်ဒေါ်လာ၊ စင်ကာပူ ဒေါ်လာ၊ ယူရိုစသည့် ငွေကြေးသုံးမျိုး ထည့်သွင်း သုံးစွဲနိုင်သည့် Multi-Currency Travel Visa ကတ် မြန်မာနိုင်ငံတွင် ပထမဆုံး အကောင်အထည် ဖော်ခဲ့သည့် မြန်မာ့ ရှေ့ဆောင် ဘဏ်တွင်လည်း အဆိုပါကတ်ကို သုံးစွဲသူဦးရေမှာ ငါးရာကျော် ရှိပြီး ကတ်လုပ်ရန် လျှောက်ထားထားသူ တစ်ထောင်ကျော် ရှိကြောင်း အဆိုပါဘဏ် ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဦးကျော်စိုးမင်းက The Voice သို့ ပြောကြားသည်။
“ကတ်တွေက နိုင်ငံခြားမှာပဲ သုံးလို့ရတော့ နိုင်ငံခြားသွားမယ့် သူတွေပဲ ကြိုလျှောက်ကြတယ်” ဟု ၎င်းကဆိုသည်။

ဘဏ်ဝန်ဆောင်မှုများ စားသုံးမှု နည်းပါးနေသေးသည့် မြန်မာနိုင်ငံတွင် ကတ်ငွေပေးချေမှုစနစ် အကျိုးကျေးဇူးများကို သိရှိလာပါက သုံးစွဲမှုများ ပိုမို မြင့်တက်လာမည် ဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်များက ဆိုသည်။

၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ATM ကတ်များကို ပြည်တွင်းတွင် စတင်သုံးစွဲမှုရရှိပြီး ၂ နှစ်အကြာ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် နိုင်ငံတကာရှိ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ATM စက်များနှင့် အွန်လိုင်းစတိုးများတွင် ဈေးဝယ်နိုင်သည့် Travel ကတ်များကို စတင်သုံးစွဲခွင့် ရလာခြင်း ဖြစ်သည်။

The Voice Weekly Myanmar