ငွေစက္ကူ ရိုက်ထုတ်မှု လျော့ရန် လိုအပ်

ပို့စ်တင်ချိန် - 1/22/2014 06:18:00 PM


လာမယ့် ၂၀၁၄ – ၁၅ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ လက်ရှိ ၂၀၁၃ – ၁၄ ဘဏ္ဍာရေးနှစ် ငွေဖောင်းပွမှုနှုန်း ၆ ဒဿမ ၈ ရာခိုင်နှုန်းထက် မြင့်တက်လာ နိုင်တဲ့အတွက် ဘတ်ဂျက်လိုငွေတွေကို ငွေစက္ကူရိုက်ထုတ် ဖြေရှင်းနည်းမျိုး အလျင်အမြန် လျော့ချဖို့ လိုတယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယအကြိမ် ဆန်းစစ်ခြင်း အစီရင်ခံစာ ထုတ်ပြန်ရေးအဖွဲ့ရဲ့ အကြီးအကဲ မစ္စတာ မက်ဒေးဗစ် က ပြောပါတယ်။

ဇန်န၀ါရီ ၂၁ ရက်နေ့က မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှာ လုပ်တဲ့ အစီရင်ခံစာနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ငွေဖောင်းပွမှုနှုန်းဟာ ၂၀၁၂ ခုနှစ်က ၂ ဒဿမ ၈ ရာခိုင်နှုန်း လောက်ပဲ ရှိရာကနေ ၂၀၁၃ သြဂုတ်မှာ ၇ ဒဿမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း၊ ဒီအတိုင်းသာဆို လာမယ့် ဘဏ္ဍာရေးနှစ်မှာ ၇ ဒဿမ ၇၅ ရာခိုင်နှုန်းအထိတောင် မြင့်တက်လာနိုင်တဲ့အကြောင်း သတင်းစာရှင်းလင်းပွဲမှာ မတ်ဒေးဗစ်က ပြောပါတယ်။
DVB Burmese