မိုးကုတ်ရွှေဆိုင် လုယက်မှု တရားခံ မမိသေး

ပို့စ်တင်ချိန် - 1/22/2014 06:28:00 PM


မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ အောင်ချမ်းသာရပ်ကွက်မှာ ရှိတဲ့ နဂါးနဲ့ မီလျံ ရွှေဆိုင်ကို လက်နက်ကိုင်ထားတဲ့ လူတစုက ၀င်ရောက်စီးနင်းပြီး ရွှေ ၆ ပိဿကို ယူဆောင် သွားပါတယ်။

ဇန်န၀ါရီ ၂၁ ရက်နေ့ နေ့လည် ၂ နာရီ အချိန်မှာ ဆိုင်ကယ် ၃ စီးနဲ့ ပစ္စတို သေနတ် ၄ လက် ကိုင်ဆောင်ထားပြီး မျက်နှာဖုံး စွပ်ထားတဲ့ အမည်မသိ လူတစုက ၀င်ရောက် စီးနင်းခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရ ရဲမှူးချုပ် ၀င်းခေါင်က ဒီဗွီဘီကို ပြောပါတယ်။

မီလျံနဲ့ နဂါးရွှေဆိုင်ကို သေနတ် ပစ်ဖောက် ၀င်ရောက်ကာ မှန်ကောင်တာတွေကို ပါလာတဲ့ တူတွေနဲ့ ရိုက်ခွဲပြီး မီလျံရွှေဆိုင်က ရွှေ ၂ ပိဿ၊ နဂါးရွှေဆိုင်က ရွှေ ၄ ပိဿ စုစုပေါင်း ရွှေ ၆ ပိဿကို ယူဆောင်သွားခဲ့တယ်လို့လည်း သူက ပြောပါတယ်။

လက်နက်ကိုင်လူတစုရဲ့ ပစ်ခတ်မှုကြောင့် လူ ၁ ဦး သေဆုံးခဲ့ပြီး တဦး ဒဏ်ရာရ ရှိသွားသလို ရဲတပ်ဖွဲ့က စုံစမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

အရင်က လုယက်မှုတွေ ဖြစ်ပွားခဲ့ပေမယ့် ဓားပြမှုလို ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ခြင်း မရှိသလို နေခင်းဘက်မှာ အခုလို ဖြစ်ပွားခဲ့တဲ့အတွက် မြို့ခံတွေအနေနဲ့ စိုးရိမ်ပူပန်နေတယ်လို့ မိုးကုတ်မြို့ခံ ဦးထွန်းဦးက ပြောပါတယ်။

လုယက်သူတွေဟာ လူစိမ်းတွေ ဖြစ်သလို အခုချိန်ထိ ဖမ်းဆီးနိုင်သေးတာ မရှိသေးဘူးလို့လည်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။

By ဒီဗွီဘီ