လယ်ယာမြေပြဿနာများ ဖြေရှင်းမှု ပြီးစီးကြောင်း အစိုးရအစီရင်ခံစာ လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်

ပို့စ်တင်ချိန် - 1/22/2014 06:27:00 PM


    တပ်မတော်၊ အစိုးရနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင် အချို့က သိမ်းယူထားသော လယ်ယာမြေများကို အစိုးရက ပြန်လည်ပေးအပ်ပြီး ဖြစ်ကြောင်း အစီရင်ခံစာကို ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ်များက အုပ်ချုပ်ရေး တာဝန်ရှိသူများ၏ လယ်ယာမြေ ပြဿနာဖြေရှင်းမှုမှာ ပွင့်လင်းမြင်သာမှု မရှိဟုဆိုကာ ဝိုင်းဝန်း ကန့်ကွက်ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

    ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ပေးပို့လာသော လယ်ယာမြေနင့် အခြားမြေများ သိမ်းဆည်းခံရမှုများ အုပ်ချုပ်ရေးအဖွဲ့ အစည်း၏ ဖြေရှင်းမှု အခြေအနေအစီရင် ခံစာကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းက ရှင်းလင်းတင်ပြရာတွင် လွှတ်တော် ကိုယ်စားလှယ်များက ယင်းကဲ့သို့ ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။

    အုပ်ချုပ်ရေး အဖွဲ့အစည်းများက ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် သိမ်းဆည်းထားသော လယ်ယာမြေ အမှုပေါင်း ၇၄၅ မှုတွင် ၃၇၃ မှု ဖြေရှင်းပြီး ဧကပေါင်း သိန်းနှစ်ထောင်ကျော် ပြန်လည် ပေးအပ်ပြီး ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးအုန်းသန်းက ဆိုသည်။

    ယင်းသို့ ဖြေရှင်းမှုများ ရှိသော်လည်း သက်ဆိုင်ရာ မူလပိုင်ရှင်များက လယ်ယာမြေ ပြန်လည်လုပ်ကိုင်ခွင့် မရရှိဘဲ စာရွက်များသာ ရကြောင်း ပုသိမ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ထောက်ပြ ပြောဆိုသည်။
    "မူလပိုင်ရှင်တွေ အနေနဲ့ အဲဒီ လယ်မြေအပေါ်မှာ ကျူးကျော်ပါတယ် ဆိုပြီး တရားစွဲဆို ခံရတဲ့အထိ ဖြစ်ပွားနေပါတယ်။ ပေးကားပေး၏ မရ ဖြစ်နေပါတယ်" ဟု ၄င်းကဆိုသည်။

    ထို့အပြင် ဖြေရှင်းပြီး လယ်ယာမြေ အမှုများကို သက်ဆိုင်ရာဒေသ လွှတ်တော်ကိုယ်စားလှယ်များ သိရှိခြင်းမရှိဘဲ အမှုတွဲများ ထပ်မံတိုင်ကြားမှု များသာ တိုးလာကြောင်း ဇဗ္မူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။
    "ဇမ္ဗူသီရိမြို့ တစ်ခုတည်း တင်ထားတာတောင် အမှုတွဲပေါင်း ၁၀၀ ကျော် ရှိပါတယ်။ ရှင်းလင်းပြီးစီးခြင်းလည်း မရရှိ သေးပါဘူး။ သက်ဆိုင်ရာနယ်မြေ ကိုယ်စားလှယ်တွေ အနေနဲ့လည်း သိထားခြင်း မရှိပါဘူး။ အဲဒါကြောင့် လယ်ယာ စိုက်ပျိုးရေး ဒုတိယဝန်ကြီး တင်ပြသွားတဲ့ အဖြေကို ကျွန်မအနေနဲ့ ကန့်ကွက်ပါတယ်" ဟု ၄င်းက ဆိုသည်။

    ထို့အပြင် အုပ်ချုပ်ရေး အဖွဲ့အစည်း များက ဖြေရှင်းရာတွင် သိမ်းဆည်းခံရသော လယ်သမားများကို အခန်းပိတ်ကာ တရားခံ စစ်သည့်သဖွယ် စစ်ဆေးလေ့ရှိပြီး ပြန်လည်ပေးအပ်ခြင်း များတွင် ပွင့်လင်း မြင်သာမှု မရှိကြောင်း ဘားအံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဆေးဟွာက ဆိုသည်။

    အဆိုပါ သိမ်းဆည်းခံရသော လယ်မြေအမှု များမှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့အထိ ဖြစ်ပြီး တပ်မတော်မှ သိမ်းဆည်းခံထားရမှု ၅၆၅ မှုတွင် ၃၃၂ မှု ဖြေရှင်းခဲ့ပြီး၊ နိုင်ငံတော်ပိုင် စီမံကိန်း များနှင့် ပတ်သက်သောအမှု ၂၆ မှုတွင် ရှစ်မှု ဖြေရှင်းပြီးစီးကာ မြို့ပြနှင့် စက်မှုဇုန်များ တည်ဆောက်ရေး သက်ဆိုင်သော အမှု ၆၃ မှုတွင် တစ်မှု ဖြေရှင်းပြီးစီးကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းက ဆိုသည်။
    ပုဂ္ဂလိက ကုမ္ပဏီများက သိမ်းယူထားသော လယ်ယာမြေအမှု ၉၁ မှုတွင် ၃၆ မှုဖြေရှင်းပြီး ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

    နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ မနစ်နာစေရေး စုံစမ်းရေး ကော်မရှင်က အစိုးရ၊ တပ်မတော်နှင့် အခြားစီမံကိန်း များကြောင့် သိမ်းယူထားသော လယ်ယာမြေများကို ၂၀၁၃ ခုနှစ်အတွင်း ပြန်လည်ပေးအပ်ရန် တိုက်တွန်းထားသည်။

The Voice Weekly