အသစ်ရောက်လာတဲ့ လ၀ကအရာရှိ လုံခြုံရေးကြောင့် ပေါက်တောမှ စစ်တွေသို့ ပြန်ခဲ့ရ

ပို့စ်တင်ချိန် - 2/05/2014 06:27:00 PM

လ/ထ လူဝင်မှုကြီးကြပ်ရေး ဦးစီးမှူး ဦးတင်မိုးကျော်

ပေါက်တောတွင် လူတွေ စုရုံး မေးမြန်းနေကြစဉ်


ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် တာဝန်ကျလာသော လ၀ကအရာရှိ တစ်ဦးသည် လုံခြုံရေး ရိမ်စိုးရိမ်ရသဖြင့် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာပြီး ၂ ရက်ခန့် အကြာတွင် ပေါက်တောမှနေ၍ စစ်တွေသို့ ပြန်လည် ထွက်ခွာသွားခဲ့ရသည်ဟု သိရသည်။

၎င်းလ၀က အရာရှိမှာ ပေါက်တောမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသို့ အသစ်ရောက်ရှိလာသော ဦးတင်မိုးကျော် (လ/ထ လူဝင်မှုကြီးကြပ်ရေးမှူးဦးစီးမှူး) ဖြစ်ကြောင်း ပေါက်တော ဒေသခံတစ်ဦးက ပြောသည်။

“ သူက ဂေါ်ရခါး လူမျိုးလို့တော့ ပြောတယ်။ ဒါပေမယ့် သူက ဘင်္ဂလီနဲ့ ရုပ်ဆင်းဆင်တော့ ကျွန်တော်တို့မြို့မှ လူတွေက သူ့ကို မသင်္ကာဘူးလေ။ ဒါကြောင့် လူတွေက အမျိုးမျိုး ဝေဖန် ပြောဆိုနေကြတော့ နောက်ဆုံး ပေါက်တောကနေ စစ်တွေကို ဒီကနေ့ဘဲ ရွှေပြည်တန် အမြန်ရေယာဉ်နဲ့ ပြန်သွားပါတယ်” ဟုဆိုသည်။

ယနေ့ နံနက် ၈ နာရီ အချိန်တွင် စစ်တွေသို့ ပြန်ရန် ရွှေပြည်တန်ရေယာဉ်ဆိပ်သို့ အသွား ပေါက်တောမြို့မှ သံဃာတော်များ၊ လူကြီး- လူငယ် ၊အရပ်ဖက် လူမှုကွန်ယက်များ (လူပေါင်း သုံးလေးရာခန့်) စုရုံး ရောက်ရှိလာပြီး  ယင်းအရာရှိအား စစ်ဆေးရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

သို့သော် ပေါက်တောမြို့နယ် လ၀ကနယ်မြေတာဝန်ခံ ဦးစောထွန်းဖြူက လူထုဆူပူမှု မဖြစ်စေလိုကြောင်း၊ သူသည် ဂေါ်ရခါးလူမျိုး တစ်ဦးသာဖြစ်ကြောင်း၊ မောင်တာမြို့နယ် ကျီးကန်းပြင်မှ ပေါက်တောမြို့သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရန် ရောက်လာသူဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ၎င်းဒေသခံက ပြောဆိုသည်။

ယင်းပြင် သူသည် ပေါက်တောမြို့မှ ရခိုင်တိုင်းရင်းသားများနှင့် မည်သို့မျှ ဆက်ဆံ၍ မရနိုင်တော့သဖြင့် ပြန်လည် ပြောင်းရွှေ့သွားခြင်း ဖြစ်ကြောင်း လ၀ကနယ်မြေတာဝန်ခံ ဦးစောထွန်းဖြူက ဆက်လက် ရှင်းပြခဲ့သည်ဟု ဆိုသည်။

လ/ထ လူဝင်မှုကြီးကြပ်ရေးဦးစီးမှူး ဦးတင်မိုးကျော်မှ သူသည် ဘင်္ဂလီတစ်ဦးမဟုတ်ကြောင်း ၀န်ထမ်းကဒ်ကို ထုတ်ပြသော်လည်း ယင်းကဒ်တွင် ကိုးကွယ်သည့်ဘာသာ မပါဝင်သည့်အတွက် သူ့မှာ ဘင်္ဂလီလူမျိုး တစ်ဦးဖြစ်ပြီး ရခိုင်များရှိရာနေရာသို့ နေချထားခြင်းမှာ သိသိကြီးနှင့် ဆူပူအောင် ပြုလုပ်လို၍ ဖြစ်နိုင်ကြောင်း ပေါက်တောမြို့လူမှုကွန်ယက် အမျိုးသမီးတစ်ဦးမှ မှတ်ချက်ချ ပြောကြားသည်။

ယင်းအရာရှိသည် ပေါက်တောမြို့သို့ ရောက်ရှိလာခဲ့သည်မှာ နှစ်ရက်ခန့် ရှိပြီး လုံခြုံရေးကြောင့် ယခုလို ထွက်ခွာသွားခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

(နိရဉ္စရာ- ၅ ဖေဖေါ်ဝါရီလ ၂၀၁၄) / လင်းမြတ် (ပေါက်တော)