ဝန်ကြီးဦးအုန်းမြင့်၏ ပြောစကားများသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ကဖျက်ယဖျက်လုပ်သလိုဖြစ်နေ - NLD

ပို့စ်တင်ချိန် - 2/05/2014 10:41:00 AM


ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောစကားများနှင့်ပတ်သက်၍ လွှတ်တော်တွင် ရှင်းလင်းပြောကြားနေစဉ်

ဝန်ကြီးဦးအုန်းမြင့်၏ ပြောစကားများသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ကဖျက်ယဖျက်လုပ်သလိုဖြစ်နေ၍ အစိုးရမှအမြန်ဆုံးတာဝန်ယူ ဖြေရှင်းပေးရန် NLD လွှတ်တော်ကိုယ်စားလှယ်၏ အရေးကြီးအဆို တင်သွင်းမှုအပေါ် အစိုးရအနေဖြင့် အထူးအလေးထား ဆောင်ရွက်နေသည်ဟု . . . . .

ဝန်ကြီးဦးအုန်းမြင့်၏ ပြောစကားများသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ကဖျက်ယဖျက်လုပ်သလိုဖြစ်နေ၍ အစိုးရမှအမြန်ဆုံးတာဝန်ယူ ဖြေရှင်းပေးရန် NLD လွှတ်တော်ကိုယ်စားလှယ်၏ အရေးကြီးအဆို တင်သွင်းမှုအပေါ် အစိုးရအနေဖြင့် အထူးအလေးထား ဆောင်ရွက်နေသည်ဟု ပြန်ကြားရေးဝန်ကြီး ပြန်လည် ဖြေကြား

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောစကားများသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ကဖျက်ယဖျက် လုပ်ဆောင်သလို ဖြစ်နေသဖြင့် ပြည်ထောင်စုအစိုးရ အနေဖြင့် အမြန်ဆုံးတာဝန်ယူ ဖြေရှင်းဆောင်ရွက်ပေးရန် အရေးကြီးအဆိုကို ဖေဖော်ဝါရီ ၄ ရက်ကကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက တင်သွင်းခဲ့ရာ အစိုးရအနေဖြင့် အထူးအလေးထား ဆောင်ရွက်နေသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြန်လည်ဖြေကြားခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက အဆိုတင်သွင်းရာတွင် “ကျွန်တော်အခုတင်ပြမယ့် အရေးကြီးအဆိုကတော့ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ကိစ္စပဲဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များလည်း ကြားသိပြီးဖြစ်ပါလိမ့်မယ်။ ကျွန်တော်တင်ပြချင်တာကတော့ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာ ပြည်သူလူထုနှင့် တွေ့ဆုံစဉ်ကလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံစဉ်ကလည်းကောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောကြားချက်များနှင့် စပ်လျဉ်း၍ အမြန်ဆုံးတာဝန်ယူ ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုပဲ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျာ။ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်သည် အောက်တိုဘာ ၂၅ ရက် ၂၀၁၃ ခုနှစ်မှာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာ ပြည်သူလူထုနှင့် တွေ့ဆုံစဉ် ကျေးလက်ကျောက်ခင်းလမ်း ပြုပြင်ရေးနှင့် ပတ်သက်၍ ကျောက်ခင်းလမ်းခင်းပေးဖို့ ၀န်ကြီးကပြောကြားရာ ဒေသခံပြည်သူတစ်ဦးက ကျောက်ခင်းလမ်းအစား ကွန်ကရစ်လမ်းခင်းပေးဖို့ တောင်းဆိုရာမှာ ပြည်ထောင်စုဝန်ကြီးက ယခင်အစိုးရမှာလည်း ငါပါတယ်။ ဒီအစိုးရမှာလည်း ငါပါတယ်။ ဘာမှထော်လော်ကန့်လန့် မလုပ်နဲ့။ ပါးရိုက်ခံရမယ်။ မကျေနပ်ရင် တောခိုဟု ပြောကြားခဲ့သည်။ ထို့အတူ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၂၈ ရက်ကလည်း မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာမှ ဒေသခံများနှင့်တွေ့ဆုံစဉ် အောက်ပါစကားများကိုလည်း ပြောကြားခဲ့သည်ဟု သိရသည်။ ၀န်ကြီးပြောစကားများကို ကောက်နုတ်ဖော်ပြရပါလျှင် ဘယ်နိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး။ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွဆိုပြီး မိန့်ခွန်းပြောလာတာ။ ကျွန်တော်ပြောတာ။ ဘယ်နိုင်ငံရေးပါတီမှလည်း မကြောက်ဘူးဟု လည်းကောင်း၊ နိုင်ငံရေးစကားဆိုတာ တက်နေတဲ့အစိုးရပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာပဲ။ ပါးစပ်နဲ့ တွယ်လို့မရရင် အချုပ်ထဲထည့်မှာပဲ။ နိုင်ငံတကာမှာ ဒီလိုပဲ ကျင့်သုံးနေတယ်။ အစိုးရကို ဆန့်ကျင်တဲ့ကောင်ဆိုရင် မင်းအချုပ်ထဲသွားနေ။ ငါတို့အစိုးရထွက်ရင် မင်းထွက် ဒါပဲ။ အဲဒါ မင်းတို့ တရားဝင်ဘောင်ထဲက ပြောနိုင်တဲ့ကောင်တွေပြော။ ပြောခွင့်ရှိတဲ့အတွက် ကျွန်တော်ပြောတယ်။ ကျွန်တော်တို့ခါးကြားမှာ သေနတ်ထိုးပြီးတော့ ပခုံးပေါ်မှာ သေနတ်လွယ်ပြီး အုပ်ချုပ်ခဲ့တာပဲဟာ။ ဘာမှ မတိုးတက်ဘူးပြော၊ သောက်ရူးတွေပြောနေတာ။ သောက်ရူးတွေ ပြောနေတာ မယုံနဲ့ဟုလည်းကောင်းဆိုပြီး ဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြီး လက်ရှိအစိုးရအပေါ် စေတနာပျက်အောင် မလုပ်ရန်နှင့် ဘုဂလန့်မလုပ်ရန် ဒေသခံရွာသားများကို မှာကြားသွားပြီး ယင်းသို့လုပ်ဆောင်ပါက ငွေကြေးအထောက်အပံ့ လုံးဝပေးမည်မဟုတ်ကြောင်း ပြောသွားခဲ့သည်။ ဥက္ကဋ္ဌကြီးခင်ဗျာ။ ဒါတွေဟာ ပြည်ထောင်စုဝန်ကြီး ပြောသွားတာတွေထဲက တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ အပြည့်အစုံမှာ Unity အပတ်စဉ်ထုတ် ဂျာနယ်မှာ ပါပါတယ်။ ပြောစကားတွေကို ခြုံငုံ၍ ကောက်ချက်ဆွဲလိုက်လျှင် (၁) နိုင်ငံရေးပါတီနဲ့ နိုင်ရေးသမားတွေကို စော်ကားတဲ့အချက် (၂) ပြည်သူလူထုကို ခြိမ်းခြောက်တဲ့အချက် စတဲ့အချက်နှစ်ချက်ကို တွေ့ရပါတယ်။ ဒီပြောကြားချက်ဟာ အုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်ဖြစ်တဲ့အတွက် အံ့သြတုန်လှုပ်ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတောင် အံ့သြတုန်လှုပ်ရရင် တောသူတောင်သားရိုးသားတဲ့ ပြည်သူလူထုဆိုရင် ဘယ်လောက်ကြောက်လိုက်မလဲ တွေးမိပါတယ်။ နှစ်နှစ်သားပြည့်ခါစ လွှတ်တော်ကြီးဟာ ပြည်သူတွေရဲ့အသံ၊ ပြည်သူတွေရဲ့ဆန္ဒကို အကောင်အထည်ဖော် ဆောင်ရွက်နေတာ အတော်အသင့် လုပ်နိုင်ခဲ့ပြီး ဆက်လုပ်စရာတွေ ကျန်သေးတယ်ဆိုတာ ဥက္ကဋ္ဌကြီးပဲ မိန့်ကြားခဲ့ပါတယ်။ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ ၀ါဒစွဲမထားဘဲ ပြည်သူ့အကျိုးကို ဆောင်ရွက်နေတဲ့ လွှတ်တော်ကြီးမှာ တက်ရောက်နေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များဟာ ပါတီကိုကိုယ်စားပြုပြီး တက်ရောက်နေကြတဲ့ နိုင်ငံရေးသမားများ ဖြစ်ကြပါတယ်။ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ အနည်းငယ်မျှသာ ပါရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးများဟာ ကောင်းမွန်သော၊ တရားမျှတသော ဥပဒေများကို ပြဋ္ဌာန်းနိုင်ဖို့ ကြိုးစားနေကြသလို မတရားတဲ့၊ အကျိုးမပြုတဲ့၊ ဖိနှိပ်တဲ့ ဥပဒျေတွ ပယ်ဖျက်တဲ့လုပ်ငန်းကို အစွမ်းကုန် လုပ်ဆောင်နေလို့ နိုင်ငံတကာက ချီးကျူျးနကြတာ ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ အစိုးရကို ဆန့်ကျင်ရင် အချုပ်ထဲထည့်မှာပဲ။ နိုင်ငံတကာမှာလည်း ဒီလိုပဲ ကျင့်သုံးနေတယ်ဆိုပြီး ပြောဆိုခဲ့တဲ့အတွက် နိုင်ငံတကာ အစိုးရများကိုပါ စော်ကားသလို ဖြစ်သွားပါတယ်။ အာဏာ (၃) ရပ် အပြန်အလှန် ထိန်းကျောင်းရမယ့် မူအရလည်း လွှတ်တော်များက အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားရေးမဏ္ဍိုင်တို့ကို စောင့်ကြည့်တဲ့ လုပ်ငန်းများကိုလည်း ကော်မတီများဖွဲ့စည်းပြီး ဆောင်ရွက်နေကြတာပါ။ လွှတ်တော်ကိုယ်စားလှယ်များဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ မူဘောင်အတွင်းက လုပ်ဆောင်ပြီး အပြုသဘောနဲ့ ဝေဖန်ထောက်ပြရင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်နိုင်ရေးအရ ဆောင်ရွက်နေချိန်မှာ ဘယ်နိုင်ရေးသမားကိုမှ ဂရုမစိုက်ဘူး။ ဘယ်နိုင်ငံရေးပါတီမှလည်း မကြောက်ဘူးဆိုတဲ့ စကားရပ်ဟာ နိုင်ငံရေးပါတီတွေကို ကိုယ်စားပြုတက်ရောက်နေကြတဲ့ လွှတ်တော်ကြီးကို စော်ကားလိုက်တာပါပဲ။ ဒီလိုစော်ကားခံရတာ၊ လွှတ်တော်ဂုဏ်သိက္ခာကို ထိပါးခံရတာဟာ တတိယအကြိမ် ရှိသွားပါပြီ။ လွှတ်တော်ကို စော်ကားထိပါးတာဟာ ပြည်သူတွေကို စော်ကားထိပါးသလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တွေဟာ ပြည်သူကိုကိုယ်စားပြုပြီး လွှတ်တော်ထဲရောက်လာကြလို့ပါ။ ပြည်ထောင်စုဝန်ကြီးရဲ့ ပြောစကားတွေဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ငြိမ်းချမ်းစွာ လုပ်ဆောင်နေမှုကို ကဖျက်ယဖျက် လုပ်ဆောင်နေသလို ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆိုပါ ပြောစကားများကြောင့် မတည်မငြိမ်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဆန္ဒဖော်ထုတ်မှုတွေ ဖြစ်လာနိုင်ပါတယ်။ အသွင်ကူးပြောင်းရေးကာလမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးစားပေးလုပ်ငန်းအဖြစ် လုပ်ဆောင်နေချိန်မှာ တစ်ဦးပေါ်တစ်ဦး အထင်မြင် လွဲမှားမှုတွေဖြစ်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ပြည်သူလူထု အနေနဲ့လည်း မတရားမှုတွေကို ခေါင်းငုံ့ခံ၊ အစိုးရလုပ်သမျှ ဘာမှမဆန့်ကျင်နဲ့၊ ခေါ်ရင်လာ၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့ဆိုတဲ့ အာဏာရှင်စနစ်ပုံစံကို ပြန်ဖော်ထုတ်နေသလို ခံစားရပါလိမ့်မယ်။ ဒီမိုကရေစီနဲ့လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ နိုင်ငံသားတစ်ဦးရဲ့ လွတ်လပ်စွာဖော်ထုတ်မှုတွေကို ချိုးဖောက်နေသလို ဖြစ်နေပါတယ်။ သို့ပါ၍ ပြည်ထောင်စုဝန်ကြီးရဲ့ ပြောကြားချက်နှင့် စပ်လျဉ်း၍ အမြန်ဆုံး တာဝန်ယူ ဖြေရှင်းဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း ပြည်သူ့လွှတ်တော်မှတစ်ဆင့် အရေးကြီးအဆို တင်သွင်းအပ်ပါတယ်” ဟု ပြောကြားသည်။ ၎င်းအရေးကြီးအဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မွန်ပြည်နယ်၊ မော်လမြိုင်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်က ထောက်ခံဆွေးနွေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က “မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာမှာ ဒေသခံ ရွာသူရွာသားတချို့နှင့် ကြိုတင်စီစဉ်ထားချက် မရှိဘဲနဲ့ ရှောင်တခင်တွေ့ဆုံခဲ့တဲ့ နေရာမှာ ပြောကြားခဲ့တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ ပြောစကားများနှင့်ပတ်သက်ပြီး ဝေဖန်မှုတွေ ကျယ်ပြန့်စွာထွက်ပေါ်နေတာ ကျွန်တော်တို့အားလုံးအသိပဲ ဖြစ်ပါတယ်။ မပြောသင့်တဲ့ စကားလုံး အသုံးအနှုန်းတွေ လွန်လွန်ကြူးကြူး ပါတာလည်း မှန်ပါတယ်။ ဒါပေမယ့်လည်းပဲ သူ့ရဲ့ရည်ရွယ်ချက်က ကျေးရွာလူထု လိုအပ်ချက်အတွက် အကူအညီပေးဖို့ ဖြစ်တယ်လို့ ကျွန်တော်တို့ယူဆနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် လမ်းထိပ်လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင်က လူ ၁၅ ယောက်လောက်က ထွက်ပြီးတော့ ပြည်ထောင်စုဝန်ကြီးရဲ့ကားကို တားပါတယ်။ ဒီလိုတားတာကို ပြည်ထောင်စုဝန်ကြီးက ကျေကျေနပ်နပ်နဲ့ ဘယ်အရပ်ကလဲ။ ဘယ်ကလဲ။ ဘာလုပ်ပေးရမလဲ။ အကုန်လုံး လုပ်ပေးမယ်ဆိုပြီးတော့ ဒီလိုပြောဆိုတဲ့ စကားတွေလည်း အားလုံးကြားမိကြမှာ ဖြစ်ပါတယ်။ အဲဒီတော့ အကူအညီ မပေးချင်လို့ရှိရင် ကားတောင်ကျွန်တော်တို့ ရပ်ပေးစရာ မလိုပါဘူး။ မောင်းထွက်သွားရုံပါပဲ။ စကားပြောတဲ့ အခါကျတော့လည်း အားလုံးကို ရင်းရင်းနှီးနှီးနဲ့ ပြောဆိုကြတာ ကျွန်တော်တို့အားလုံး အသိပဲဖြစ်ပါတယ်။ အဲဒီတော့ ဒီဒေသမှာ ကျွန်တော်တို့ ငါးနှစ်လောက် တာဝန်အမျိုးမျိုးနဲ့ ထမ်းဆောင်ခဲ့တဲ့ လူတစ်ယောက်ရဲ့ ခံစားချက်ပေါ့။ ဒီဒေသမှာ ငါးနှစ်လောက် တာဝန်ထမ်းဆောင်ခဲ့ပြီးပြီဆိုတဲ့ အခါကျလို့ရှိရင် ဒီဒေသကလူတွေနဲ့ တွေ့တဲ့အခါမှာ ဆွေမျိုးအရင်းအခြာတွေလို သဘောထားတတ်ပါတယ်။ ပြောဆိုတဲ့အခါမှာလည်းပဲ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်ပါတယ်။ သူ့အနေနဲ့ကတော့ ဒီလိုပြောရင်းဆိုရင်းနဲ့ပဲ သူ့ရဲ့ကိုယ်ပိုင် ခံစားချက်တချို့ကို ကျွန်တော်တို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရ ထုတ်ဖော်ပြောဆိုမိခဲ့တယ်လို့ ဒီလိုယူဆရမယ်ဆိုရင်လည်း ယူဆလို့ရမယ့် အနေအထား ရှိပါတယ်။ အဲဒီတော့ ဒီလိုပြောရင်းနဲ့ပဲ တကယ့်တကယ်ကျတော့ ညွှန်ကြားရေးမှူးချုပ် နှစ်ယောက်ကို ကျွန်တော်တို့ထားခဲ့တယ်။ ပြီးတဲ့အခါကျတော့ ဒီကျေးရွာနှင့် ပတ်သက်ပြီးတော့ လိုအပ်တဲ့လုပ်ငန်းတွေ ဆက်လက်ပြီးတော့ လုပ်ကိုင်ဖို့အတွက် ချက်ချင်းပဲ ကျွန်တော်တို့ အ.ထ.က အတွက် ကွန်ကရစ်ရေအိမ်နှစ်လုံး စီစဉ်ပေးခဲ့တယ်။ ကျောင်းသားတွေအတွက် စားပွဲ၊ ကုလားထိုင် အစုံ ၃၀ စီစဉ်ပေးခဲ့တယ်။ ရေတိမ်ရေသန့်လုပ်ဖို့ ရေစစ်ကန်အတွက် ဘိလပ်မြေအိတ် ၅၀ လည်း တစ်ခါတည်းပဲ ချပေးခဲ့တာ ကျွန်တော်တို့တွေ့ရပါတယ်။ ဒီအချက်တွေကိုလည်းပဲ ကျွန်တော်တို့ ထည့်သွင်းစဉ်းစားသင့်တယ်လို့ ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်။ ဒီလိုပါပဲ။ ကျွန်တော်တို့ ကော့သောင်းမြို့နယ် ပလုံးတုံတုံးရွာသားတွေနဲ့ တွေ့တဲ့အခါမှာလည်းပဲ အဲဒီမှာတုန်းကလည်း ရွာသားတွေကပဲ လာခေါ်ပြီးတော့မှ ၀န်ကြီးနဲ့တွေ့ဆုံရတာ ဖြစ်ပါတယ်။ အဲဒီလို တွေ့ဆုံတဲ့အခါမှာလည်းပဲ စကားအသုံးအနှုန်း လွဲမှားမှုတွေ ပါသွားခဲ့ပါတယ်။ ပါသွားနိုင်ပါတယ်။ ကျွန်တော်တို့တော့ သေသေချာချာ မသိပါဘူး။ ပါသွားနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီရွာမှာ သူဟာလွန်ခဲ့တဲ့ ၁၀ နှစ်တာ ကာလတုန်းက နယ်မြေခံ အရာရှိကြီး တစ်ယောက်အနေနဲ့ ရွာသားတွေနဲ့အတူတူ လက်တွဲပြီးတော့ ကျွန်တော်တို့ သဲသောင်ပြင်နဲ့ ပင်လယ်ဝကို ဖြတ်ပြီးတော့ ဒီပလုံးတုံတုံးနဲ့ ကော့သောင်းဆက်သွယ်တဲ့ တံတားကိုထိုးဖို့ စွန့်စွန့်စားစား ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ အဲဒါ ကိုယ်ထူကိုယ်ထတံတား ဖြစ်ပါတယ်။ အဲဒီတော့ အဲဒီလို မိုင်နဲ့ချီပြီးတော့ရှည်တဲ့ ဒီလုပ်ငန်းတစ်ခုကို ကျေးရွာလူထုနဲ့ အချိန်ယူပြီးတော့၊ ပူးတွဲပြီးတော့ ရင်းရင်းနှီးနှီး လက်တွဲပြီးတော့ လုပ်လာခဲ့တဲ့ လူတစ်ယောက်ဖြစ်တယ်။ ပြီးတော့ အဲဒီတံတားအတွက် ကျွန်တော်တို့လိုအပ်တဲ့ မြေထိန်းနံရံ ကျောက်စီမြေထိန်းနံရံ ပေ ၁၆၀၀ ပတ်ဝန်းကျင်လောက် ရှိပါတယ်။ ဒါကိုလည်းပဲ လူထုနဲ့အတူ လက်တွဲပြီးတော့ ဆောင်ရွက်ခဲ့တာလည်း ဒါကျွန်တော်တို့ သတိထားရမယ့်အချက် ဖြစ်ပါတယ်။ ဒါတွေရဲ့ အကျိုးဆက်ကြောင့် ကျွန်တော်တို့က အခုအဲဒီရွာကို ကြည့်မယ်ဆိုရင် ဆိပ်ကမ်းကလည်းပဲ သာတောင့်သာယာဖြစ်နေတဲ့အပြင် ဦးအုန်းမြင့်တာဝန်ယူတဲ့ ၀န်ကြီးဌာနကလည်းပဲ ပုလုံးတုံတုံးကျေးရွာ တံတားချဉ်းကပ်လမ်းအတွက် လိုအပ်တဲ့လမ်းခင်းပေးဖို့ ဒီဘတ်ဂျက်မှာ ကျွန်တော်တို့လွှတ်တော်ကို တင်ပြထားပြီးဖြစ်တာလည်း ကျွန်တော်တို့ ထည့်သွင်းစဉ်းစားရပါ့မယ်။ ဒီတံတားတင် မကပါဘူး။ ကျေးရွာမီးလင်းရေးအတွက် ဆိုလာမီးတွေ တပ်ဆင်ပေးဖို့အတွက်ပါ တင်ပြခဲ့တာဖြစ်ပါတယ်။ အဲဒီတော့ ရွာသူရွာသားတွေအပေါ်မှာ ဦးအုန်းမြင့်ထားရှိတဲ့ စေတနာကိုလည်းပဲ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ အနေနဲ့ ထည့်သွင်းစဉ်းစားဖို့ မှန်းဆကြည့်လို့ သိနိုင်ပါတယ်လို့ ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်။ ဖြစ်စဉ်နှစ်ရပ်စလုံးမှာ ဦးအုန်းမြင့်ဟာ သဘောရိုးနဲ့ ပြောခဲ့တာလား။ ဒါမှမဟုတ်လို့ရှိရင်လည်း ကောက်ကျစ်သောအကြံနဲ့ ကျွန်တော်တို့ စေတနာမသန့်ဘဲနဲ့ ပြောခဲ့တာလားဆိုတဲ့ အချက်ဟာ ဒီကိစ္စမှာ ကျွန်တော်တို့ အရေးတစ်ကြီး ထည့်သွင်းစဉ်းစားရမယ့်အချက် ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ဒီကိစ္စကို လေ့လာသုံးသပ်တဲ့နေရာမှာ ဖြစ်နိုင်သမျှ တရားမျှတမှု ရှိစေဖို့အတွက် ကျွန်တော်တို့က အပေါ်ယံကလေး လေ့လာသုံးသပ်တာမျိုး မလုပ်ချင်ပါဘူး။ အဲဒီတော့ နောက်ခံအကြောင်းတရားတွေ၊ ဖြစ်စဉ်ပေါ်ပေါက်တဲ့ ပတ်ဝန်းကျင် အခြေအနေ၊ နောက်ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှုတွေ နောက်နယ်မြေခံလူထုရဲ့ ပင်ရင်းစိတ်နေသဘောထား ဒါတွေကိုပါ ကျွန်တော်တို့ ထည့်သွင်းစဉ်းစားပြီးတော့မှ ပြည့်ပြည့်စုံစုံ လေ့လာသုံးသပ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီအတွက် ကျွန်တော်တို့ လုံလောက်တဲ့အချိန်ပေးပါလို့ ကျွန်တော်ဥက္ကဋ္ဌကြီးအား တင်ပြလိုပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဦးအောင်ကြည်က ဖြည့်စွက်ရှင်းလင်းရာတွင် “ဒီကိစ္စနှင့်ပတ်သက်ပြီး ကျွန်တော်တို့ ပြည်ထောင်စုအစိုးရအဖွဲ့ အနေနဲ့ အထူးအလေးအနက် ထားပြီးတော့မှ စဉ်းစားဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ စောစောတုန်းက တင်ပြခဲ့သလိုပဲ ဒီကိစ္စဟာ အပေါ်ယံကြော စဉ်းစားရမယ့် ကိစ္စရပ်မျိုး မဟုတ်ဘဲနဲ့ သူရဲ့နောက်ခံ အကြောင်းတရားတွေ၊ ဖြစ်စဉ်ဖြစ်ရပ်တွေနဲ့ ထို့အတူ ဒေသမှာပြောခဲ့တဲ့ လူတွေရဲ့ စိတ်နေသဘောထားတွေ ဒါတွေကိုပါ ကျွန်တော်တို့ လေ့လာသုံးသပ်ဖို့ လိုအပ်ပါတယ်။ ဒါမှလည်းပဲ ကျွန်တော်တို့ အဖြေမှန်နဲ့နီးစပ်မှာ ဖြစ်ပါတယ်။ ဒါမှလည်းပဲ ကျွန်တော်တို့ဟာ ပိုပြီးတော့ အမြော်အမြင်ရှိရာကျမှာ ဖြစ်ပါတယ်။ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ Emotion ပေါ်မူတည်ပြီးတော့ ကျွန်တော်တို့တွေ ဆုံးဖြတ်ကြမယ်ဆိုရင် အဆုံးအဖြတ်တွေက မှန်မယ်လို့ ကျွန်တော်တို့တစ်တွေ မှန်မယ်လို့ မပြောနိုင်ပါဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ဒီကိစ္စနှင့်ပတ်သက်ပြီး အချိန်အနည်းငယ် ထပ်လိုချင်ပါတယ်လို့ ကျွန်တော်တို့ တင်ပြခြင်းဖြစ်ပါတယ်။ လေးစားပါတယ်” ဟု ဖြေကြားခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ဆန္ဒ ရယူကာ ၎င်းအရေးကြီးအဆိုကို မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။

Eleven Media Group