ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ ခေါင်းဆောင်များတွေ့ဆုံ၊ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်

ပို့စ်တင်ချိန် - 2/05/2014 11:31:00 AM


နေပြည်တော်၊ ဖေဖော်ဝါရီ ၎

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ခေါင်းဆောင်များဖြစ်သော ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးပြုံးချို၊ ဦးဂျင်မီနှင့် ဦးမြအေးတို့ နေပြည်တော်၌ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် သီးသန့်တွေ့ဆုံခဲ့ပြီး NLD ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် သွားမည် ဖြစ်ကြောင်း နှစ်ဖက်အဖွဲ့မှ တာဝန်ရှိသူများက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ဘက်စုံ အသွင်ကူးပြောင်းရေးများမှာ အရေးကြီးကာလသို့ ရောက်ရှိနေပြီ ဖြစ်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီနှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်း ဆောင်ရွက်မှု ပိုမိုလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၈၈ မျိုးဆက်ခေါင်းဆောင် ဦးဂျင်မီက ပြောကြားသည်။
“ဆွေးနွေးခဲ့တာတွေကို ပြောပြလို့ မရပါဘူး။ ကြေညာချက် ထုတ်ပြန်မှာဆိုတော့ ထိန်းသိမ်းထား ရလို့ပါ” ဟု ဦးဂျင်မီက ဆိုသည်။

နေပြည်တော် စည်ပင် ဧည့်ရိပ်သာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ တွေ့ဆုံခဲ့ပြီး ဆွေးနွေး ရရှိမှုများကို ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း ကြေညာချက်တစ်စောင် ပူးတွဲထုတ်ပြန်မည် ဖြစ်ကြောင်း NLD ပါတီ ဗဟိုကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ပြောကြားသည်။
“ပြုပြင်ပြောင်းလဲရေး အရေးကြီးတဲ့ အချိန်မှာ နိုင်ငံရေး ကြေညာချက် တစ်စောင် ထုတ်ပြန်ဖို့ စီစဉ်ထားပါတယ်” ဟု ၎င်းကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ခေါင်းဆောင်များသည် ဇန်နဝါရီလ ၄ ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး တစ်လတိတိအကြာတွင် ထပ်မံတွေ့ဆုံခြင်း ဖြစ်သည်။

၈၈ မျိုးဆက်ခေါင်းဆောင်များသည် ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်း နေပြည်တော်ရှိ လယ်တော အိမ်ရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဦးကိုကိုကြီးနှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများနှင့် တွေ့ဆုံထားသည်။

The Voice Weekly Myanmar