ရန်ကုန်တွင် ဇန်န၀ါရီလအတွင်း ယာဉ်တိုက်မှု ၂၆၈ မှုဖြစ်ခဲ့ပြီး သေဆုံးသူ ၄၄ ဦးရှိ

ပို့စ်တင်ချိန် - 2/05/2014 03:36:00 PM


၂၀၁၄ ခုနှစ် ဇန်န၀ါရီတွင် ရန်ကုန်တိုင်းအတွင်း ယာဉ်တိုက်မှု ၂၆၈ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၄ ဦးနှင့် ဒဏ်ရာရရှိသူ ၄၂၀ ဦးရှိခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း ၁,၁၄၈ ကျော်ရှိခဲ့သည်ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲအုပ်ဇော်မျိုးထွန်းက မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်း ကျောက်တံတား၊ လသာ၊ ပန်းပဲတန်းစသည့် စည်ပင်သာယာနယ်နိမိတ်မြို့နယ် ၃၃ မြို့နယ် အတွင်း ယာဉ်တိုက်မှု ၁၉၄ မှုရှိခဲ့ပြီး သေဆုံးသူ ၂၇ ဦး၊ ဒဏ်ရာရရှိသူ ၃၁၈ ဦးရှိခဲ့သဖြင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၁,၀၈၆ ကျော် ရှိခဲ့သည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီတွင် ယာဉ်တိုက်မှုအဖြစ် အများဆုံး ယာဉ်များမှာ ကိုယ်ပိုင်ယာဉ် ၉၈ မှု၊ တက္ကစီ ၃၆ မှုနှင့် ဆိုင်ကယ် ၂၆ မှုတို့ဖြစ်ပွားခဲ့ပြီး လှိုင်သာယာတွင် ၂၂ မှု၊ မင်္ဂလာဒုံတွင် ၂၁ မှုနှင့် မရမ်းကုန်းမြို့နယ် တို့တွင် ၁၆ မှုတို့ အများဆုံး ဖြစ်ပွားခဲ့သည်။

“ဇန်န၀ါရီအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးမှုမှာ အမျိုးသား အများဆုံးဖြစ်တယ်”ဟု ရဲအုပ်ဇော်မျိုး ထွန်းက ပြောသည်။

တက္ကစီယာဉ်မောင်း ဦးသိန်းဇော်က “ယာဉ်တိုက်မှုတွေက ကားတစ်စီးနဲ့တစ်စီး ကျော်တက်မောင်းနှင်တာ တွေကြောင့် ဖြစ်တယ်။ လူငယ်မောင်းတဲ့ကားတွေက ယာဉ်တိုက်မှု အဖြစ်များတယ်။ ယာဉ်စည်းကမ်း မလိုက်နာသူတွေကြောင့်လဲ စည်းကမ်းလိုက်နာသူတွေ ထိခိုက်စေနိုင်တယ်”ဟု ပြောသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်ပြင်ပတွင် ယာဉ်တိုက်မှု ၇၄ မှု၊ သေဆုံးသူ ၁၆ ဦး၊ ဒဏ်ရာရှိသူ ၁၀၂ ဦးရှိခဲ့သဖြင့် ဆုံးရှုံးမှုတန်ဖိုးကျပ် ၆၁ သိန်းကျော်ရှိခဲ့သည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီမှ ဒီဇင်ဘာလအထိ မြန်မာတစ်နိုင်ငံလုံးတွင် ယာဉ်တိုက်မှုပေါင်း ၁၅,၀၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုများကြောင့် သေဆုံးသူ ၃,၆၁၂ ဦး နှင့် ဒဏ်ရာရရှိသူ ၁၉,၄၀၅ ဦး ရှိခဲ့သည်။

Written by  နန်းမြင့်
Mizzima - News in Burmese