ဗီယက်နမ်ပို့မည့် ဆင်စွယ် ၄ တန်နီးပါး တိုဂိုနိုင်ငံတွင် ဖမ်းမိ

ပို့စ်တင်ချိန် - 2/05/2014 12:19:00 PM


ဗဟိုအာဖရိကနိုင်ငံ ဖြစ်တဲ့ တိုဂိုနိုင်ငံမှာ ဗီယက်နမ်နိုင်ငံကို တင်ပို့မယ့် ဆင်စွယ် ၄ တန်နီးပါးကို မြို့တော် လူမီမြို့မှာ ဖမ်းဆီးရမိတယ်လို့ တိုဂိုအာဏာပိုင်တွေက ဖေဖော်ဝါရီ ၃ ရက်နေ့က ဆိုပါတယ်။

ဆင်စွယ်တွေကို ဇန်န၀ါရီလကုန်ပိုင်းက ဖမ်းဆီးရမိတာ ဖြစ်ပြီး တာဝန်ရှိသူ တိုဂိုနိုင်ငံသား ၂ ဦးနဲ့ ဗီယက်နမ်နိုင်ငံသား ၁ ဦးကို ဖမ်းဆီးထားတယ်လို့ ကွန်တိန်နာစစ်ဆေးရေးအရာရှိက ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ဆင်စွယ်တွေရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၈ သန်းဖိုးရှိပြီး ဆင်အကောင် ၅၀၀ အသတ်ခံခဲ့ရမယ်လို့ ဆိုပါတယ်။

တိုဂိုနိုင်ငံမှာ ၂၀၁၃ ဇူလိုင်လ စစ်တမ်းအရ ဆင်အကောင် ၁၁၅ ကောင်ပဲ ရှိတာမို့ ဖမ်းဆီးရမိတဲ့ ဆင်စွယ်တွေဟာ တခြားအာဖရိကနိုင်ငံတွေက လာတာ ဖြစ်နိုင်တယ်လို့ တိုဂို သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနရဲ့ အရာရှိ အိုကာမာဆူက ဆိုပါတယ်။

ဆင်စွယ်တွေဟာ သိမ်းထားတဲ့ ဆင်စွယ်အဟောင်းတွေ ဖြစ်ပြီး ဘယ်နိုင်ငံက လာ တယ်ဆိုတာကို ဆက်လက်စုံစမ်းရဦးမယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတကာ ဆင်စွယ်ရောင်းဝယ်ရေးကို တားဆီး ပိတ်ပင်ထားပေမယ့်လည်း အာဖရိက ဆင်တွေ အထူးသဖြင့် ဗဟိုအာဖရိကနိုင်ငံက ဆင်တွေ သတ်ဖြတ်ခံရမှုနှုန်းဟာ မြင့်မားနေဆဲ ဖြစ်ပါတယ်။

ဗဟိုအာဖရိကနိုင်ငံက လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အဓိက၀င်ငွေဟာ  ဆင်စွယ် ရောင်းဝယ်ရေးက ရရှိတာဖြစ်တယ်လို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့နှစ်က  သတိပေးခဲ့ပါတယ်။

DVB Burmese