မိတ်ဆွေများအတွက် ကြောင်သားဟင်းလျား(

ပို့စ်တင်ချိန် - 2/05/2014 06:00:00 AM


အီတလီနိုင်ငံ Lombardy ဒေသ တောင်ပိုင်းမှာ ကြောင်ဂေဟာတွေကနေ ကြောင်လိုက်ယူပြီးမွေးစားတယ်ဆိုတဲ့သူရဲ့ ရည်ရွယ်ချက်က ဘာတဲ့လဲ။
 

အဲဒီကြောင်တွေကို ချက်စားဖို့ပါပဲ တဲ့။

ကြောင်လားမြောက်ပြီးသား ကြောင် ၁၅ ကောင် ဝန်းကျင်ကို သူ မွေးစားမယ်ဆိုပြီး ယူသွားတယ်၊ ကြောင်တွေက ဆူဆူဖြိုးဖြိုး မည်းမည်းနက်နက်။

အဲဒီကြောင်တွေကို ချက်ပြီး မိတ်ဆွေတွေကို တည်ခင်း ဧည့်ခံတယ်လို့ ဆိုတယ်။
သူ့မိတ်ဆွေတွေက သူတို့စားလိုက်တာ ကြောင်သားဖြစ်ကြောင်း သိရသလား မသိရသလားဆိုတာ မသေချာပါဘူး တဲ့။

ကြောင်တွေကို ပြန်ခေါ်လာပြီး စစ်ဆေးရေးအစီအစဉ်ကို အဲဒီလူက လုပ်ဆောင်ခြင်း မရှိရာကနေ ကြောင်ဂေဟာတွေက သူ့ကို သံသယ ဖြစ်လာတယ်လို့ ဆိုတယ်။

ဒီလူ့ကို ကြောင်ကယ်တင်ရှင်ကြီးလို့ ထင်ထားရာကနေ သွားစစ်ဆေးကြည့်မှ ဖြစ်ရပ်မှန် ပေါ်လာတယ်လို့ ဆိုတယ်။ ဒီလူက အသက် ၅၀ ကျော်ပါပြီ။

သူ့ကို တိရိစ္ဆာန်တွေကို ညှဉ်းပန်းမှုနဲ့ ထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင်တော့ ထောင်ဒဏ် တနှစ်အထိ အပြစ်ပေးခံရနိုင်တဲ့အမှုပါ။

စာဖတ်သူတယောက်ကတော့ ဒီလို မှတ်ချက်ပြုပါတယ် - ရပ်ကွက်ထဲကကြောင်တွေကို ငါးလေးဘာလေးကျွေးပြီး ဖမ်းလို့ရနေတာပါပဲ တဲ့။

အာရှနိုင်ငံတချို့မှာ ကြောင်သား တင်ရောင်းတဲ့ စားသောက်ဆိုင်တွေရှိကြောင်း၊ အနောက်တိုင်းရောက် အာရှသားတွေထဲမှာတောင် ကြောင်သား အားပေးသူ ရှိကြောင်း မှတ်ချက်တွေ ရေးကြပါတယ်။
 ဒီတော့ ကြောင်သားစားခြင်းဟာ ဒေသတချို့ လူတချို့အတွက်တော့ ပုံမှန်အခြေအနေတခုလို့ ဆိုရပါမယ်။
သို့သော်လည်း အများစုက ကြောင်သား စားသုံးခြင်း မရှိတဲ့အတွက် ဒီဖြစ်ရပ်က သတင်းအဖြစ် အွန်လိုင်းထဲရောက်လာတဲ့အတွက်  ဧရာဝတီဘလော့ http://blog.irrawaddy.org/ ပရိသတ် ဖတ်ရှုနိုင်ဖို့ ဘာသာပြန် ရေးသား လက်တို့လိုက်ပါတယ်။

တခြား အကောင်တွေကိုလည်း ၀ယ်စားနေတာပဲ၊ ကြောင်သား စားတော့ရော ဘာဖြစ်လဲ ဆိုပြီး မှတ်ချက်ပြုသူလည်း ရှိပါတယ်။

စာဖတ်သူတဦးကတော့ ကြောင်သားဆိုတာ ယုန်သားနဲ့ သိပ်မကွာဘူး တဲ့။

ကြောင်ချစ်သူများအတွက်တော့ ဒီမှတ်ချက်တွေက စိတ်ညစ်စရာဖြစ်နေမယ် ထင်ပါတယ်။

Irrawaddy