ရုပ်ရှင်ကားကောင်းများကို ပရိသတ်များစောင့်နေသည်

ပို့စ်တင်ချိန် - 2/05/2014 08:34:00 PM


ရေးသားသူ- အေးသူစံ၊ ဥက္ကာကိုကို

စစ်အစိုးရလက်ထက် ဆယ်စုနှစ်နှစ်ခုကျော်ကာလအတွင်း ဆင်ဆာစနစ်ကို လက်ညှိုးထိုးရင်း တဖြည်းဖြည်းကျဆင်းလာခဲ့သည့် မြန်မာ့ရုပ်ရှင်လောကသည် ဆင်ဆာဖြေလျှော့မှုများ ပြုလုပ်ပြီးသည့်တိုင် မြန်မာပရိသတ်များအတွက် အရည်အသွေးမီဇာတ်ကားများ ထွက်မလာနိုင်သေးသည့်အပေါ် မည်သူ့တွင်တာဝန်ရှိသနည်းဟု မေးခွန်းထုတ်စရာဖြစ်လာပါပြီ။

ဆင်ဆာရှိစဉ်ကာလက ဆင်ဆာကိုလက်ညှိုးထိုးခဲ့ကြသည်။ ဆင်ဆာကင်းလွတ်သည့်ကာလတွင် ပရိသတ်အကြိုက်ကြောင့်ဟု လက်ညှိုးထိုးကြပြန်၏။ ထုတ်လုပ်သူများနှင့် ဈေးကွက်ကိုလည်း လက်ညှိုးထိုးကြဆဲဖြစ်သည်။ အချင်းချင်းလှည့်ပတ်လက်ညှိုးထိုးကြရင်းပင် အရည်အသွေးမမီသည့် ဇာတ်ကားများစွာထုတ်လုပ်ရင်း သံသရာလည်နေကြခြင်းဖြစ်သည်။

မြန်မာ့ရုပ်ရှင်အဆင့်အတန်းမြင့်မားရေးအတွက် ပြုပြင်ပြောင်းလဲမှုများပြုလုပ်နေကြောင်း အစိုးရသစ်လက်ထက်တွင် ရုပ်ရှင်လောကသားအများစု မကြာခဏပြောခဲ့ကြသည်။မည်သို့ပြုပြင်ပြောင်းလဲမှုများ မြင်တွေ့ရမည်နည်းဟု စောင့်စားနေသူများအတွက်မူ အချိန်တွေသာကြာလာခဲ့ပြီး ဖြစ်ဖြစ်မြောက်မြောက် အကောင်အထည်ဖော်ခြင်းကို မတွေ့ရပေ။

ထပ်နေသည့်ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ သရုပ်ဆောင်များနှင့်သာ ထူးမခြားနားဇာတ်ကားများ ထွက်ပေါ်လာနေဆဲဖြစ်သည်။ ဒေသတွင်းနိုင်ငံများကိုမဆိုထားနှင့်
ကိုယ့်ပြည်တွင်း၌ပင် ယက်ကန်ယက်ကန်ရုန်းနေရသော မြန်မာ့ရုပ်ရှင်သည် တိုးတက်မှုနှုန်းနှေးကွေးလွန်းနေကြောင်း ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဦးလူမင်းကိုယ်တိုင်ဝန်ခံခဲ့သည်။

“ရွေ့လျားမှုတွေ နှေးကွေးနေပါသေးတယ်။ အကောင်အထည်ဖော်ဖို့ အများကြီးလိုအပ်နေပါသေးတယ်ဆိုတာ ကျွန်တော်ဝန်ခံပါတယ်”ဟု ဦးလူမင်းက အကယ်ဒမီပေးပွဲတွင် ပြောခဲ့သည်။

စက်ပစ္စည်း၊ နည်းပညာ၊ ငွေကြေးစိုက်ထုတ်မှုတို့ မပြည့်စုံခြင်းကလည်း အရည်အသွေးမီဇာတ်ကားကောင်းများ ပေါ်ထွက်မလာရသည့်အကြောင်းရင်းဟု ဒါရိုက်တာတချို့က ကာကွယ်ပြောဆိုကြသည်။ ဆင်ဆာထိန်းချုပ်မှုလျော့သွားသော်လည်း ယိမ်းယိုင်နေသည့်ဈေးကွက်ကြောင့် ထုတ်လုပ်သူများက လိုအပ်ချက်များကိုဖြည့်ဆည်းရန် လက်တွန့်နေကြဆဲဖြစ်သည်။

ဇာတ်ကားတစ်ကား၏အသက်သည် ဇာတ်လမ်းဖြစ်ပြီး ဇာတ်လမ်းပေါ်မူတည်၍ ဇာတ်ကားဖြစ်ပေါ်စေရန် ဇာတ်ညွှန်းကို ရေးဖွဲ့ရခြင်းဖြစ်သည်။သို့သော် ယနေ့ခေတ်တွင် ရိုက်ကွင်းပေါ်ရောက်မှ မင်းသား၊ မင်းသမီးအပေါ်မူတည်၍ သင့်လျော်မည့်ဇာတ်ညွှန်းကို လက်ပူတိုက်ရေးသား၊ ဖြည့်စွက်၊ ညှိနှိုင်း၍ မင်းသား၊ မင်းသမီး အလိုတော်ကျပြုလုပ်လာကြသည်ကို တွေ့ရသည်။ မင်းသား၊ မင်းသမီးတို့ ရိုက်ကူးလိုသည့်အခန်းများကို ထပ်ဖြည့်နိုင်ရန်အတွက် ရိုက်ညွှန်းဟူ၍ ထပ်တိုးရေးသားနေကြသည့် အလေ့အထက မြန်မာ့ရုပ်ရှင်လောကအတွင်း ကြီးမားစွာအမြစ်တွယ်နေဆဲ။

“ပရိသတ်ကို ရုပ်ရှင်သမားတွေက အရမ်းလျှော့တွက်တယ်။ ကမ္ဘာမှာ ရုပ်ရှင်ဆိုတာ တိုင်းပြည်နဲ့လူမျိုးရဲ့မျက်နှာကိုကြည့်ပြီး ဖန်တီးတာ။ ဒီမှာကတော့ နာမည်ကျော်ကြားမှုနဲ့ ငွေကြေးရလိုမှုနောက်ကိုလိုက်တာ”ဟု စာရေးဆရာ ဇာတ်ညွှန်းရေးဆရာချစ်ဦးညိုကပြောသည်။

ငွေရလွယ်၍ ဇာတ်ညွှန်းကို ပြီးစလွယ်ရေးသားရိုက်ကူးသော်လည်း ဈေးကွက်ပျက်နေသည့် ယနေ့ကာလတွင် နာမည်ကြီးမင်းသား၊ မင်းသမီး သုံးလေးလက်ပေါ်မူတည်၍ ဇာတ်အိမ်ဖွဲ့ကာ ဆေးမြီးတိုနည်းဖြင့်ရိုက်ကူးသည့် ဇာတ်ကားများလည်းမတိုးသာပါ။

“ငွေနောက်လိုက်လို့ ငွေပြန်ပေါ်မယ့်ကားတွေ ရိုက်ပေမယ့်လည်း ဈေးကွက်က ပျက်စီးသလောက်ဖြစ်နေတဲ့အပြင် ပရိသတ်ကလည်း မြန်မာကားတွေကို စိတ်ပျက်နေတာကြာပြီ။ဒီတော့ ဒီကားတွေလည်း ထင်သလောက် ငွေပြန်မရတော့ဘူး”ဟု ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးမှ ဒါရိုက်တာရီဇော်ကဆိုသည်။

ငွေပြန်မပေါ်သော်လည်း ဆက်လက်ရိုက်ကူးနေကြသည့် အကြောင်းရင်းမှာ ယခင်လို အမြတ်အစွန်းမရတော့သော်လည်း အနည်းငယ်တော့ ပြန်ရနေသေးသောကြောင့်ပင်။

မြန်မာ့ရုပ်ရှင်လောက မတိုးတက်သေးသည့် အကြောင်းတစ်ခုမှာ ဖန်တီးတင်ဆက်ခဲ့သူများက ပရိသတ်အကြိုက်ဟုဆိုကာ ပေါ်ပင်ဇာတ်ကားများကိုသာ နှစ်ပေါင်းများစွာ ရိုက်ကူးလာခဲ့ကြခြင်းဖြစ်သည်။ မဲပြာပုဆိုးဇာတ်ကားများအကြား အသားကျနေသည့် အခြေခံလူတန်းစားတို့အဖို့ ထို့ထက်ပိုမိုသည့် ဇာတ်ကားများနှင့် ဝေးကွာလာခဲ့ပါသည်။ပရိသတ်အကြိုက်သာလိုက်၍ရိုက်ကူးမှ ငွေပြန်ရမည်ဟူသည့် အတွေးအခေါ်နှင့် ဆန်းသစ်တီထွင်လျှင် အကျိုးအမြတ်နည်းမည်ကို တွေးပူသည့်အတွက် ရဲရဲဝံ့ဝံ့မဖန်တီးခဲ့ကြပေ။ အဓိကအရေးကြီးသည့် ငွေကြေးစိုက်ထုတ်မှုကိုလည်း ထုတ်လုပ်သူများက မရင်းရဲကြပေ။ ထိုသို့ဖြင့် မြန်မာဗီဒီယိုဇာတ်လမ်းများသည် ဟာသနှင့် သရဲတစ္ဆေ၀ဲဂယက်အတွင်းမှာပင် နစ်မြုပ်လျက်ရှိပါသည်။

“ရုပ်ရှင်လောက တကယ်တိုးတက်ကောင်းမွန်ပြီး အဆင့်မီစေချင်ရင် ပြောနေကြတဲ့ ပရိသတ်အမြင်ဆိုတာကိုလည်း တဖြည်းဖြည်းချင်း ပြောင်းလဲပေးဖို့ လိုအပ်ပါတယ်။ စီးပွားရေးသမားတွေကလည်း ပူးပေါင်းလာဖို့လိုတယ်။ အနုပညာရင်းနှီးမြှုပ်နှံမှုတွေ လုပ်ပေးဖို့လိုပါတယ်”ဟု လူငယ်အမျိုးသမီး မှတ်တမ်းရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်သည့် ရှင်ဒေ၀ီကပြောသည်။

ရုပ်ရှင်ဇာတ်ညွှန်းများ ရေးသားလေ့ရှိသည့် စာရေးဆရာသင်းရီကလည်း “ရုပ်ရှင်လောက မပြောင်းလဲတာက မူစနစ်တွေကို တကယ်မပြင်လို့။ ငါးပွက်ရာငါးစာချတဲ့ကားတွေပဲ ရိုက်နေလို့။ ဇာတ်အိမ်မခိုင်၊ ၀တ္ထုကောင်း၊ ဇာတ်ညွှန်းကောင်းမရှိမှတော့ ဒီကားတွေ ဘယ်လိုမှမကောင်းနိုင်ဘူး။ လုပ်ယူရတာတွေများလာတဲ့အခါမှာ ရုပ်ရှင်အရသာပျက်စီးသွားတော့တာပဲ”ဟု သုံးသပ်သည်။

ရုပ်ရှင်ဇာတ်ကားဖန်တီးမှုများ တိုးတက်မလာသလို အကယ်ဒမီဆုရွေးချယ်ရေးအဖွဲ့၏ ရွေးချယ်မှုများအပေါ်တွင်လည်း မေးခွန်းထုတ်စရာများရှိလာပြီဟု ဝေဖန်သူတို့ကပြောကြသည်။

၂၀၁၂ ခုနှစ်အတွက် အကယ်ဒမီဆုရွေးချယ်ရေးဘုတ်အဖွဲ့ကို ပြန်ကြားရေးဝန်ကြီဌာန၊ မြန်မာ့ရုပ်ရှင်လုပ်ငန်းနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့ ညှိနှိုင်းရွေးချယ်ခဲ့သည်။ ပြန်ကြားရေး၏ စွက်ဖက်မှုများမပါဝင်ဟု ကြေညာခဲ့သော်လည်း ပြန်ကြားရေးဝန်ကြီးဌာန၏ ရုပ်သေးရုပ်ဖြစ်သည့် အနုပညာရှင်ကြီးများကိုသာ ပြန်လည်အသုံးပြုခဲ့သည်ကို တွေ့ရသည်။ ထိုသို့ ပြင်ပမှ ပညာရှင်ပါဝင်မှု နည်းပါးခဲ့သည့်အပေါ် အစည်းအရုံးထံသို့ အနုပညာရှင်များက တိုက်ရိုက်ကန့်ကွက်မှုများရှိခဲ့သည်။

သို့သော် အချိန်ပေးလုပ်ကိုင်နိုင်သူရှားပါးသည့်အတွက် ယခင်ကလူဟောင်းများကိုသာ ထည့်သွင်းနေရခြင်းဖြစ်သည်ဟု ရုပ်ရှင်အစည်းအရုံး၏ ပြန်ကြားရေးတာဝန်ခံ ဦးအေးကြူလေးကတုံ့ပြန်သည်။

“လက်ရှိလုပ်နေတဲ့သူတွေ ထည့်ရင်လည်း သူတို့ရိုက်ထားတဲ့ကားတွေပါနေတဲ့အတွက် ထည့်လို့မရဘူး။ အချိန်ပေးပြီးလုပ်မယ့်သူကလည်းရှားတယ်။ ဒါတောင် ဒီနှစ်ဘုတ်အဖွဲ့ထဲမှာ ကျွမ်းကျင်ပညာရှင်အသစ်တွေ ထည့်ထားပါတယ်။ ဆုမရတဲ့သူကလည်း သူမရရင်ပြောမှာပေါ့။ အကယ်ဒမီကတော့ ဘယ်သူတက်တက်၊ ဘယ်သူရွေးရွေး ပြောနေကြဦးမှာပဲ။ ကျေနပ်တယ်ဆိုတာမရှိဘူး”ဟု ဦးအေးကြူလေးကဆိုသည်။

အကယ်ဒမီဆုအတွက် အမှတ်ပေးစည်းမျဉ်းကလည်း ဒိုင်၁၇ ဦး၏ အမှတ်ပေးမှုအပေါ်တွင်သာ လုံးဝမူတည်နေပြီး မည်သည့်ဒိုင်က အမှတ်မည်မျှပေးသည်ဟု ထုတ်ဖော်ပြသနိုင်ခြင်းမရှိမှုက အားနည်းချက်ကြီးဖြစ်ကြောင်း လွတ်လပ်ခြင်းအနုပညာပွဲတော်ကို ဦးစီးကျင်းပခဲ့သည့် ဦးဇာဂနာကဝေဖန်သည်။

ဆုတစ်ဆုအတွက် ၉ မဲနှင့်အထက်မရရှိပါက ဆုပေး၍မရဟု သတ်မှတ်ထားခဲ့ရာ သတ်မှတ်သည့်မဲမရသဖြင့် ၂၀၁၂ ခုနှစ်အတွက် ဇာတ်ကားဆု၊ ဇာတ်ညွှန်းဆုနှင့် အမျိုးသားဇာတ်ပို့ဆုတို့ နစ်နာခဲ့ရသည်။ အထူးသဖြင့် မော်ကင်းဥဒါန်းဇာတ်ကားတွင် အပိုအလိုမရှိ ကွက်တိသရုပ်ဆောင်သွားသော အမျိုးသားဇာတ်ပို့ဆုနှင့် ထိုက်တန်သည့် ညွန့်ဝင်း၊ မလေးရှားရုပ်ရှင်ပွဲတော်တွင် ဂျူရီလူကြီးမင်းများ အကြိုက်ဆုံးဇာတ်ကားဆုရရှိခဲ့သော ကယန်းအလှ၊ သရုပ်ဆောင်သစ်များ၏ သရုပ်ဆောင်မှု၊ လစ်ဟာမှုအချို့ရှိခဲ့သော်လည်း နိုင်ငံတကာအဆင့်မီပြီး ပညာရှင်များကပင် ချီးကျူးခဲ့ရသည့် ကယန်းအလှ၏ဇာတ်ညွှန်းတို့မှာ အံ့အားသင့်ဖွယ်ရာပင် ဆုနှင့်လွဲချော်သွားခဲ့ကြသည်။

“အကယ်ဒမီဆုရွေးချယ်မှုအဖွဲ့က ဓမ္မဓိဋ္ဌာန်ကျကျရွေးချယ်ရင် ခုလိုအငြင်းပွားမှုတွေဖြစ်မှာမဟုတ်ဘူး။ ပြီးတော့ အကယ်ဒမီဆိုတာ အနုပညာရှင်မှ ရွေးချယ်တတ်တာမဟုတ်ပါဘူး။ အပြင်က ရုပ်ရှင်ကိုတကယ်ခံစားတတ်တဲ့ ရုပ်ရှင်ပရိသတ်ကျွမ်းကျင်သူတွေကိုလည်း ယှဉ်တွဲရွေးချယ်ခွင့်ပေးသင့်တယ်”ဟု မော်လမြိုင်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန်က အကြံပြုသည်။

ဆင်ဆာဖြေလျှော့ပြီးနောက်ပိုင်း ဒုတိယမြောက်လိုက်လျောမှုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာနက အကယ်ဒမီရွေးချယ်ရေးအဖွဲ့တွင် ရုပ်ရှင်နှင့်တိုက်ရိုက်သက်ဆိုင်မှုမရှိသည့် ၀န်ကြီးဌာန၀န်ထမ်းများကို ဘုတ်အဖွဲ့ထဲမထည့်တော့သည့် ပြောင်းလဲမှုတစ်ခုကိုသာ ပြုလုပ်ပေးခဲ့သည်။

ယခင်နှစ်ကအထိ ညွှန်ကြားရေးမှူးချုပ်များက ဘုတ်အဖွဲ့ခေါင်းဆောင်နေရာကိုယူထားပြီး ယခုနှစ်တွင် ဒါရိုက်တာကြည်စိုးထွန်း၊ ဒါရိုက်တာမောင်နှင်းမိုးတို့ကို ခေါင်းဆောင်အဖြစ်ထားရှိခဲ့သော်လည်း ၎င်းတို့မှာ ပြန်ကြားရေး၏ လက်ကိုင်တုတ်များသာဖြစ်ကြောင်း ဝေဖန်ခဲ့ကြပြန်သည်။

“ကျွန်တော်တို့ကို လက်ကိုင်တုတ်လို့ စွပ်စွဲချင်စွပ်စွဲမှာပဲ။ ရုပ်ရှင်လောကမှာ တကယ့်ပညာရှင်က ရှားတယ်လေ။ နောက်ပိုင်းမျိုးဆက်သစ်တွေ ထွက်လာရင်တော့လည်း ဘုတ်အဖွဲ့ထဲပါချင်ပါမှာပေါ့”ဟု ရုပ်ရှင်လုပ်ငန်းမှ ညွှန်ကြားရေးမှူးဦးသိန်းထွန်းအောင်ကပြောသည်။

၂၀၁၂ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲတွင် ဝေဖန်မှုအများဆုံးကြုံရသည့် ဒါရိုက်တာဆုအတွက် ဒိုင်အဖွဲ့၏အကြောင်းပြချက်ကတော့ သရုပ်ဆောင်ပေါင်းများစွာကို နိုင်နိုင်နင်းနင်းကိုင်ကွယ်သွားနိုင်ခြင်းကြောင့် ထူးချွန်ဆုပေးရပါသည်ဟုဆိုကြသည်။

ဒါရိုက်တာမောင်သူရ(ဇာဂနာ)ကတော့ “ဒီအချက်ကို တော်တော်အံ့သြပါတယ်။ ဒီလိုသာဆို ကျွန်တော်တို့က ရုပ်ရှင်ရိုက်နေတာမဟုတ်တော့ဘူး။ ကလေးထိန်းကျောင်းဖွင့်ထားတာနဲ့ မတူဘူးလား။ လူအများကြီးကို ဇာတ်ခုံပေါ်တင်ပြီး တစ်ယောက်တစ်ပေါက်စကားပြောခိုင်းတာ။ ရန်ဖြစ်အော်ဟစ်နေတာကို ပရိသတ်ကိုကြည့်ခိုင်းတာက ရုပ်ရှင်မဟုတ်ဘူး။ ပြဇာတ်ပါ”ဟူ၍ ဝေဖန်လိုက်သည်။

မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယိုလောကတွင် လူအင်အားများစွာသုံးပြီး တစ်ယောာက်တစ်ပေါက် ဆူညံအော်ဟစ်ပြသည့် ကလိထိုးရယ်ခိုင်းသော ဟာသဇာတ်ကားများနှင့် ပီပြင်စွာမရိုက်ကူးနိုင်သောကြောင့် ဟာသကားသဖွယ်ဖြစ်နေကြသည့် သရဲဇာတ်လမ်းများက ကျယ်ပြန့်စွာနေရာယူထားခဲ့သည်။ ထုတ်လုပ်သူများကလည်း အမြတ်နည်းနည်းပြန်ရနိုင်သည့် ဖန်စီဇာတ်ကားများကိုသာ ထုတ်လုပ်ရန်ဆန္ဒရှိနေကြသည်။

“ထုတ်လုပ်ရေးဘက်မှာ ရင်းနှီးမြှုပ်နှံမှုငွေကြေးနည်းတဲ့အတွက် အနုပညာရှင်တွေဘက်မှာ လုပ်နိုင်တဲ့အင်အားနည်းသွားတယ်။ အနုပညာဝမ်းစာ ဘယ်လောက်ပြည့်ပြည့် ဒီငွေကြေးဘောင်ထဲမှာပဲ အပြောင်မြောက်ဆုံးဖြစ်အောင် ဖန်တီးနေရတယ်။ ဘယ်လောက်ပဲ လွတ်လပ်လာတယ်ပြောပြော ငွေစိုက်ထုတ်နိုင်မှုအင်အား နည်းပါးနေသေးတယ်”ဟု ဒါရိုက်တာဝင်းထွန်းထွန်းကပြောသည်။

ရုပ်ရှင်လောကတိုးတက်ရေးကို တွင်ကျယ်စွာအော်ဟစ်နေကြသည့် ရုပ်ရှင်လောကသားများထံမှလည်း တိုးတက်သည့်ဇာတ်လမ်း၊ ဇာတ်ကားများ ပြောပလောက်အောင် ထွက်ရှိမလာသေးပါ။ ရုပ်ရှင်တိုးတက်ရေးအတွက် တစ်ဦးအပေါ်တစ်ဦး လက်ညှိုးထိုးရင်းသာ ဂျာအေးသူ့အမေရိုက်ဆဲဖြစ်သည်။ အရှေ့တောင်အာရှတွင် ရုပ်ရှင်အဆင့်အတန်းနှင့်ပတ်သက်၍ မြန်မာ၏နောက်တွင် လာအို၊ ရုပ်ရှင်မထွက်သည့် ဘရူနိုင်းနှင့် အရှေ့တီမောလောက်သာ ကျန်ပါတော့သည်။

“ဆင်ဆာအရမ်းတင်းကျပ်တဲ့ နိုင်ငံတွေမှာတောင် အရည်အသွေးကောင်းတဲ့ရုပ်ရှင်တွေ ထွက်လာခဲ့ဖူးတာပဲ။ အဓိကက ဇာတ်ကားကောင်းဖို့ပဲလိုတယ်။ ပရိသတ်ကတော့ ပြရင်လက်ခံမှာပဲ။ အခုက ဒါမျိုးတွေပဲကြည့်ရတော့ ဒီသံသရာထဲမှာပဲလည်နေတယ်”ဟု ၀ဿန်ရုပ်ရှင်ပွဲတော်ဖြစ်မြောက်ရေးမန်နေဂျာ ဒေါ်သူသူရှိန်ကသုံးသပ်သည်။

ယခုနှစ်အပိုင်းအခြားတွင် လူငယ်များအနေဖြင့် ပိုမိုဖန်တီး၊ လေ့လာမှုအားကောင်းလာပြီး တစ်နှစ်ထက်တစ်နှစ် သိသာစွာအရည်အချင်းတိုးတက်လာမှုက ၀မ်းသာစရာဖြစ်ကြောင်း ဒေါ်သူသူရှိန်ကဆက်ပြောသည်။

နိုင်ငံတကာမှပညာရှင်များ လာရောက်၍ ဇာတ်ညွှန်းရေးသားနည်း ရက်တိုသင်တန်းပေးမှုများ စိပ်နေသဖြင့် လူငယ်ပညာရှင် များများပေါ်ထွက်လာနိုင်ဖွယ်လည်း ရှိနေသည်။

“ဇာတ်ညွှန်းက အဓိကကျတဲ့နေရာပါ။ အဆင့်မီတွေးတောရေးသားနိုင်မယ့် လူငယ်တွေလိုပါတယ်။ ကူးချတာမျိုးမဟုတ်ဘဲ ကိုယ်ပိုင်တွေးခေါ်ဖန်တီးနိုင်ဖို့ အထူးလိုအပ်နေပါတယ်”ဟု လူငယ်အမျိုးသမီးဒါရိုက်တာရှင်ဒေ၀ီကဆိုသည်။

အရာအားလုံးပြောင်းလဲပစ်ဖို့ လိုအပ်နေသည့် မြန်မာ့ရုပ်ရှင်လောကသည် တိုးတက်ရေးကို ပါးစပ်နှင့်အော်နေရုံဖြင့်မရပါ။ အလုပ်နှင့် တကယ်သက်သေပြရန် လိုအပ်ပါသည်။ မဲပြာပုဆိုးဇာတ်လမ်းထဲမှ ရုန်းထွက်၍ အရည်အသွေးမီမီ တွေးတောဖန်တီးရေးသားနိုင်သည့် ဇာတ်ညွှန်းရေးဆရာများ လိုအပ်နေသည်။ မိမိအနုပညာကို ရဲရဲဝံ့ဝံ့ချပြရဲသည့် သတ္တိရှိသောဒါရိုက်တာများ လိုအပ်နေသည်။ မျိုးဆက်သစ်ပညာရှင်များစွာ မွေးထုတ်ပံ့ပိုးပေးနိုင်ရန် လိုအပ်နေပါသည်။ ပစ္စည်းနှင့်ငွေကြေးထောက်ပံ့နိုင်မည့် တကယ်စေတနာရှိသော ထုတ်လုပ်သူများ အဓိကလိုအပ်နေပါသည်။

အနုပညာအရည်အသွေးမြင့်မားမှုကိုအခြေခံ၍ အချိန်ယူရိုက်ကူးထုတ်လုပ်လာမည့် ဇာတ်ကားကောင်းများကို ပရိသတ်က စောင့်မျှော်နေပါပြီ။ မြန်မာနိုင်ငံမှ ရုပ်ရှင်ပညာရှင်များ မညံ့ကြပါ။ ပရိသတ်ကို အထင်မသေးဖို့လိုပါသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7 Days News