မွေး/ရေဝန်ကြီး ဦးအုန်းမြင့်၏ ပြောစကားကို လွှတ်တော်တွင် အမြန်ဆုံး ဖြေရှင်းပေးရန် လွှတ်တော် အတည်ပြု

ပို့စ်တင်ချိန် - 2/05/2014 11:34:00 AM


နေပြည်တော်၊ ဖေဖော်ဝါရီ ၎

မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြည်သူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သော စကားနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရအဖွဲ့က အမြန်ဆုံး တာဝန်ယူ ဖြေရှင်းပေးရန် ဖေဖော်ဝါရီ ၄ ရက်နေ့၌ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်သည် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံး ကျေးရွာနှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သစ်ရာ ကောက်ကျေးရွာမှ ဒေသခံ များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သော စကားများသည် ဒီမိုကရေစီ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ကျဆင်းစေပြီး လွှတ်တော်၊ အစိုးရအဖွဲ့နှင့် နိုင်ငံရေးပါတီများ အပါအဝင် ပြည်သူကို စော်ကားရာ ရောက်နေသောကြောင့် ယခုကဲ့သို့ အရေးကြီးအဆို တင်သွင်းရခြင်း ဖြစ်ကြောင်း တနင်္သာရီတိုင်း၊ လောင်းလုံး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးက ပြောကြားသည်။

ဝန်ကြီးက ‘ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး၊ ဗိုလ်ချုပ်အုန်းမြင့် ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွ၊ မိန့်ခွန်း ပြောလာတာ၊ ဘယ်နိုင်ငံရေးပါတီမှလည်း မကြောက်ဘူး’၊ ‘နိုင်ငံရေးစကားဆိုတာ တက်နေတဲ့ အစိုးရပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာပဲ၊ ပါးစပ်နဲ့တွယ်လို့ မရရင် အချုပ်ထဲထည့်မှာပဲ။ နိုင်ငံတကာမှာ ဒီလိုပဲ ကျင့်သုံးနေတယ်၊ အစိုးရကို ဆန့်ကျင်တဲ့ ကောင်ဆိုရင် မင်းအချုပ်ထဲသွားနေ ငါတို့အစိုးရ ထွက်ရင် မင်းထွက် ဒါပဲ၊ အဲဒါ မင်းတို့တရားဝင် ဘောင်ထဲက ပြောနိုင် တဲ့ ကောင်တွေပြော၊ ပြောခွင့်ရှိတဲ့အတွက် ကျွန်တော်ပြောတယ်’ စသည်တို့ကို ဒေသခံများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း ၎င်းက လွှတ်တော်သို့ တင်ပြသည်။

ထို့အပြင် ‘ကျွန်တော်တို့ ခါးကြားမှာ သေနတ်ထိုးပြီးတော့၊ ပခုံးပေါ်မှာ သေနတ်လွယ်ပြီး အုပ်ချုပ်ခဲ့တာပဲဟာ၊ ဘာမှ မတိုးတက်ဘူးပြော၊ သောက်ရူးတွေ ပြောနေတာ၊ သောက်ရူးတွေ ပြောနေတာ မယုံနဲ့’၊ ‘ယခင် အစိုးရမှာလည်း ငါပါတယ်၊ ဒီအစိုးရမှာလည်း ငါပါတယ်၊ ဘာမှထော်လော် ကန့်လန့် မလုပ်နဲ့ ပါးရိုက်ခံရမယ်’ ဟု ဝန်ကြီးက ပြောဆိုကြောင်း ၎င်းကလွှတ်တော်သို့ ထပ်လောင်း တင်ပြသည်။

အဆိုပါကိစ္စတွင် ဝန်ကြီးအနေနှင့် မပြောသင့်သော စကားကို လွန်လွန်ကျူးကျူး ပြောဆိုမိသည်မှာ မှန်ကန်ပြီး ဒေသခံတို့နှင့် ရင်းရင်နှီးနှီး တွေ့ဆုံ ပြောကြားသည်ဟု ယူဆနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြည်ထောင်စုအစိုးရအဖွဲ့ ကိုယ်စားပြောကြားသည်။
“သူရဲ့ကိုယ်ပိုင် ခံစားချက်ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရ ထုတ်ဖော်ပြောဆို မိခဲ့တယ်လို့ ဒီလိုယူဆမယ်ဆိုရင် ယူဆလို့ ရနိုင်တဲ့ အနေအထား ရှိပါတယ်။ စကားအသုံးအနှုန်း လွဲမှားမှုတွေ ပါသွားခဲ့ပါတယ်။ ပါသွားနိုင်ပါတယ်” ဟု ၎င်းကလွှတ်တော်သို့ ရှင်းပြသည်။

အဆိုပါ ကျေးရွာများတွင် ဝန်ကြီး ဦးအုန်းမြင့်သည် နှစ်ရှည် တာဝန်ထမ်းဆောင်ခဲ့ပြီး ကော့သောင်း တံတားကို ကိုယ်ထူကိုယ်ထ တည်ဆောက်ခြင်း၊ လျှပ်စစ်မီး၊ ရေ၊ လမ်းတံတားနှင့် ပြည်သူအကျိုးပြု လုပ်ငန်းများကို ဒေသခံနှင့် အတူတွဲဖက် လုပ်ကိုင်ခဲ့သောကြောင့် ၎င်း၏ စိတ်နေ စိတ်ထားကိုပါ လွှတ်တော်မှ ထည့်သွင်း စဉ်းစားပေးစေ လိုကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ပြောစကားများနှင့် ပတ်သက်၍ အချိန်အနည်းငယ်ယူ၍ လွှတ်တော်သို့ အမြန်ဆုံး လာရောက် ရှင်းလင်းပေးရန် လွှတ်တော် ကိုယ်စားလှယ်များက သဘောတူညီသဖြင့် လွှတ်တော်က မှတ်တမ်းတင် အတည်ပြုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့သည်။

The Voice Weekly Myanmar