ဝန်ကြီးဦးအုန်းမြင့်ကို အရေးယူဖို့ ပြည်မြို့မှာ တကိုယ်တော်ဆန္ဒပြ

ပို့စ်တင်ချိန် - 2/05/2014 03:23:00 PM



Tuesday, February 4, 2014

ပြည်သူတချို့နှင့်တွေ့ဆုံစဉ် အလွန်တရာ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆို မှတ်ချက်ချသော အစိုးရဝန်ကြီး ဦးအုန်းမြင့်ကို အရေးယူပေးရန် ပြည်မြို့မှ ရှေ့နေတဦးက ယနေ့နံနက်ပိုင်းတွင် တကိုယ်တော် လမ်းလျှောက် ဆန္ဒပြ ပြောဆိုလိုက်သည်။

“ပြည်သူကို စော်ကားတာ လွှတ်တော်ကို စော်ကားတာပဲ။ အခုချိန် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရမယ့်အချိန် ကိုယ့်နိုင်ငံက ဝန်ကြီးကိုယ်တိုင်က ဒီလိုစော်ကားတာမျိုး လုံးဝလက်မခံပါဘူး။ အရေးမယူမချင်း ကျနော် သပိတ်မှောက်နေမှာပါ” ဟု ဆန္ဒပြသူ ရှေ့နေ ဦးမြင့်အေးက ဧရာဝတီသို့ပြောသည်။
-
ဆန့်ကျင်သူကို ဖမ်းမည်ဟူသော ဝန်ကြီးနှင့် ဖမ်းဆီးမှု လက်တွေ့ လုပ်ကိုင်နေသော အစိုးရကိုလည်း သူက ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုလိုက်သည်။

“ အခုလက်ရှိ အစိုးရက ဒီအတိုင်းပဲ ကျင့်သုံးနေတာလေ။ ဖမ်းချင်တဲ့အချိန်ဖမ်းတယ် လွှတ်ချင်တဲ့အချိန်လွှတ်တယ်။ ဦးအုန်းမြင့်က လျှောက်ပြောနေတာလို့ မထင်ဘူး။ တကယ်ဖြစ်နေတာကို ပြောနေတာ”

ဝန်ကြီးအဆင့် တာဝန်ထမ်းဆောင်နေသူ၏ စော်ကားချက်မှာ ပထမဆုံးအကြိမ်မဟုတ်ဟု သူက ရှင်းပြသည်။

“လယ်/ဆည် ဝန်ကြီး ဦးမြင့်လှိုင်လည်း တနှပ်လျှော့စားဖို့ပြောတယ်။ အခုလည်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီးက (၇၅) နှုန်းသော တောင်သူလယ်သမားတွေကို စော်ကားတယ်။ သူတို့ပြောချင်တယ်ဆို ရန်ကုန်လိုနေရာမျိုးတွေ နေပြည်တော်လို နေရာမျိုးတွေမှာပြောပါလား အခုတော့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးက ကျေးလက်နေပြည်သူကို စော်ကားတယ်”

ပြည်မြို့ လူစည်ကားရာနေရာများတွင် တကိုယ်တော် လမ်းလျှောက်သပိတ်မှောက်မှုအတွက် တရားဝင်စာတင်ပြီး ပြုလုပ်ခြင်း မဟုတ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ရဲဝန်းထမ်းများက တားမြစ်ခဲ့သော်လည်း သူက ဆက်လက် ဆန္ဒပြခဲ့ကြောင်း၊ ဆန္ဒပြသူကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြည်မြို့ အမှတ်(၁)ရဲစခန်းမှ စခန်းမှူး ဦးမျိုးဝင်းက ပြောကြားခဲ့သည်။
-
ကောင်းမြတ်မင်း
Arawaddy