သစ်မှောင်ခိုသမားလေးဦးက သစ်တောဝန်ထမ်းသုံးဦးကို ရိုက်နှက်ပြီး တဲနှင့်ဆိုင်ကယ်ကို မီးရှို့ဖျက်ဆီး

ပို့စ်တင်ချိန် - 2/08/2014 05:19:00 PM





တိုက်ကြီး၊ ဖေဖော်ဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံမြို့ပိုင် ပဲခူးရိုးမ အနောက်ခြမ်းအတွင်း တိုင်းသစ်တောဦးစီးဌာန၊ သစ်တောနှင့် သစ်တောထွက်ပစ္စည်းများ ဖမ်းဆီးရေးစခန်းအမှတ် (၄) တွင် သစ်မှောင်ခိုသမားများဟု ယူဆရသူ လေးဦးက ဖေဖော်ဝါရီလ ၅ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်တွင် ဝန်ထမ်းလေးဦးကို ဝါးတုတ်များဖြင့် ရိုက်နှက်ပြီး ယာယီတဲများ၊ ဆိုင်ကယ်များနှင့် ဖုန်းများကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဥက္ကံမြို့သစ်တော တာဝန်ခံ တောအုပ်ကြီး ဦးမျိုးလွင်က ပြောကြားသည်။

ဝါးဖြူမြောင်စခန်းတွင် သစ်တောတာဝန် ထမ်းဆောင်နေသော သစ်တော နေ့စားဝန်ထမ်း ဦးကျော်ဝင်းနိုင် အိပ်ပျော်နေစဉ် ဝါးတုတ်များဖြင့် ဝိုင်းရိုက်ကြရာ ထွက်ပြေးခဲ့ရကြောင်း၊ ၎င်း၏ ကျပ်ငါးသိန်းတန် လောဂျားအမျိုးအစား ဆိုင်ကယ်ကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း၊ ဝါးဖြူမြောင်စခန်းနှင့် နှစ်မိုင်ခန့်ဝေးသော ကျောက်ကုတင် ယာယီစခန်းရှိ ဥက္ကံ သစ်တောကြိုးဝိုင်း အမှတ် (၄၁) တာဝန်ခံ တောအုပ် ဦးမျိုးမြင့်စိုးနှင့် သစ်တောနေ့စား ကိုမျိုးသောင်း တို့ကိုလည်း ဝါးတုတ်များဖြင့် ထိုးကြိတ် ရိုက်နှက်သွားပြီး စခန်းရှိ ကျပ်နှစ်သိန်းတန် ဆိုင်ကယ်နှင့် ဖုန်းနှစ်လုံးကိုလည်း မီးရှို့ဖျက်ဆီး သွားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

သစ်တောဝန်ထမ်း သုံးဦးကို တိုက်ခိုက်ပြီး မီးရှို့ကြသူများမှာ ဖလုံးဘူတာနေ ကိုဇော်မင်း၊ ဥတိုကျေးရွာနေ ကိုဖိုးဇော်၊ ကိုဝင်းရွှေနှင့် အမည်မသိ အမျိုးသားတစ်ဦးတို့ဖြစ်ပြီး အဆိုပါလေးဦးက သစ်လုံးများ တင်ဆောင်လာစဉ် သစ်ကားတစ်စီးလျှင် ဆက်ကြေးအဖြစ် ကျပ်လေးသောင်းမှ ငွေ လေးသောင်းခွဲ ပေးဆောင်ရမည် ဆိုသောကြောင့် ခိုက်ရန်ဒေါသ ဖြစ်သည်ဟု ကြားသိရကြောင်း ဝါးခုတ်ရန် တက်လာသည့် ဒေသခံ လှည်းသမားများက ပြောကြားသည်။

ယင်းဖြစ်စဉ်တွင် သစ်တောနေ့စား ဦးကျော်ဝင်းနိုင်မှာ ဦးခေါင်းညိုရောင်အန်း ပေါက်ပြဲဒဏ်ရာ၊ နယ်မြေခံတောအုပ် ဦးမျိုးမြင့်စိုးမှာ ဝဲမျက်လုံး ဖူးရောင်နှင့် ခါးအတွင်းဒဏ်ရာနှင့် သစ်တောနေ့စား ဦးမျိုးသောင်း ဝဲမျက်လုံးဖူးရောင်၊ နားထင်ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ကြောင်း ဥက္ကံမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဥက္ကံ ရဲစခန်း (ပ)၂၅/၂၀၁၄၊ ပြစ်မူဆိုင်ရာဥပဒေ ပုဒ်မ ၃၃၂/၄၃၆ ဖြင့် အမူဖွင့်ပြီး ထွက်ပြေး တိမ်းရှောင်နေသော ဖလုံးဘူတာနေ ကိုဇော်မင်း၊ ဥတိုကျေးရွာနေ ကိုဖိုးဇော်၊ ကိုဝင်းရွှေနှင့် အမည်မသိ ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ကို ရှာဖွေစုံစမ်းလျက် ရှိကြောင်း ယင်းရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။
The Voice Weekly