ဈေးပေါပေါထိုင်းအင်တာနက် နဲ့ ဈေးကြီးကြီး မြန်မာ့အင်တာနှေး

ပို့စ်တင်ချိန် - 2/08/2014 11:05:00 AM



 
မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲမှု လစဉ်ကြေးများသည် အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် နှိုင်းယှဉ်ပါက အဆမတန် ဈေးနှုန်းကွာခြား နေသည်။


(ထိုင်းနိုင်ငံတနေရာတွင် တွေ့ရသော အားကျဖွယ် ကြော်ငြာတခု။
အလွန်တရာမြန်နှုန်းမြင့်အင်တာနက် လစဉ်ကြေးကို ဘတ် ၁,၂ဝဝ ဟု ဆိုသည်။
ကျပ်လေးသောင်းခန့်နှင့် ညီမျှသော ငွေပမာဏဖြစ်သည်)
အစိုးရ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT)မှ လစဉ်ကြေး အမြန်နှုန်း ၄ Mbကို ဒေါ်လာ ၁၃၅၀ (မြန်မာကျပ်ငွေ ၁၃သိန်း ၀န်းကျင်ခန့် ) ပေးဆောင်ရကြောင်း၊  အင်တာနက် ၀န်ဆောင်မှုပေးနေသည့် ထိုင်းနိုင်ငံ 3BB Broadband ADSL ကုမ္ပဏီက အမြန်နှုန်း ၃ဝ  Mb အတွက် ကျပ်ငွေ လေးသောင်းခန့်သာ ပေးဆောင်ရကြောင်း ရန်ကုန်မြို့မှ အိုင်တီနည်းပညာ လေ့လာနေသူတဦးက ပြောသည်။

လစဉ်ကြေး မြန်မာကျပ်ငွေ ၃ သိန်းခွဲခန့်သာ ပေးဆောင်ရသည့် ADSL စနစ် အပါအ၀င် Siber နှင့် RedLink တို့ ရှိနေသော်လည်း MPTက ဈေးနှုန်း အမြင့်ဆုံး ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“တခြားလိုင်းတွေ အမြန်နှုန်းကတော့ ၄ Mb အထိ ရှိတယ်၊ နောက်ဆုံး ၈ Mb အထိ တောင်းလို့ရတယ်၊ ပြဿနာက အဲဒီအမြန်နှုန်း အတိုင်းမရဘူး ၄Mb ဆိုတဲ့ဟာက အလွန်ဆုံးရလို့ရှိရင် ၂Mb လောက်ပဲရတယ်၊ နောက်ထပ်အကောင်းဆုံးကတော့ MPTသူဆီက ၄Mbယူလို့ရှိရင် အပြည့်ရတယ်”ဟု အိုင်တီ နည်းပညာလေ့လာ သူက ဧရာဝတီသို့ ပြောသည်။

MPT ကို အသုံးပြုပါက ကြိုတင်လျှောက်ထားခ ဒေါ်လာ ၂,၅၆၀ ပေးရပြီး ယင်းငွေများကို ပြန်မအမ်းကြောင်း၊ အင်တာနက် အသုံးပြု ရန်အတွက် အစိုးရက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များအလိုက် တဆင့်ခံပွဲစားများကို ချပေးထားကြောင်း သိရသည်။

လတ်တလောတွင် အိုင်တီ နည်းပညာလေ့လာနေသူ အနေနှင့် Fiber ခေါ် FTTx လိုင်းကို အသုံးပြုနေပြီး အလွန်နှေးကွေး၍ Upload နှင့် Downloadလုပ်မရခြင်း အပါအ၀င် မကြာခဏ လိုင်းကျခြင်းတို့ကို ကြုံရကြောင်း ဆိုသည်။

“နောက် ၀န်ဆောင်မှုကလည်း ဘယ်နေ့ ပျက်မယ်ဆိုတာ မသိဘူး၊ ထိုင်းမှာ အင်တာနက် ပျက်မယ်ဆိုရင် ကြိုတင်ပြောလေ့ရှိတယ်။ ဒီနေ့တော့ ပျက်မယ် သီးခံပေးပါ၊ ဒါမျိုးတွေ အသိပေးတယ်”ဟု ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံမှာ  အင်တာနက်  အကောင်းဆုံး အသုံးပြုနိုင်အောင် မကြာခင် ပြောင်းလဲမှုတွေ ရှိလာမည်ဟု ယုံကြည် ကြောင်းလည်း အိုင်တီနည်းပညာလေ့လာသူက ဆက်ပြောသည်။

“မကြာခင်မှာ စနစ်တွေ ပြောင်းသွား လိမ့်မယ်လို့ ထင်တယ်၊ ဘာလို့လဲဆိုတော့ တယ်လီနော် (Telenor) ကုမ္ပဏီနဲ့ Ooredoo ကုမ္ပ ဏီတို့က၀င်လာပြီ။ သူတို့ မိုဘိုင်း Network ကို သူတို့ ချဲ့မယ် ဆိုလို့ရှိရင် သူတို့ (အစိုးရ) ဘက်က ဒီစနစ်ကို ပြင်ဆင်မှုတွေ လုပ်ရ တော့မယ်၊ မလုပ်လို့ ရှိရင် လူတွေ ဟမ်းဖုန်းနဲ့ပဲ အသုံးပြုကြတော့မှာပေါ့” ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဇွန်လက မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်ရန် အတွက် နော်ဝေ နိုင်ငံမှ တယ်လီ နော် ကုမ္ပဏီနှင့် ကာတာနိုင်ငံမှ Ooredoo ကုမ္ပဏီတို့ တင်ဒါ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန် အခြေစိုက် နိုင်ငံတကာ မြန်မာ့သတင်း (BNI) ရုံးတာဝန်ခံ ကိုနေမျိုးကလည်း ရန်ကုန်မြို့တွင် အင်တာနက် လိုင်းမကောင်း ခြင်း မကြာခဏ ကြုံရပြီး ထိုင်းနိုင်ငံနှင့် အလွန့်အလွန် ကွာခြားကြောင်း ပြောသည်။

“ရန်ကုန်မှာ သုံးတာကတော့ အင်တာနက်က အမြဲတမ်း ပြဿနာ ခဏခဏကြုံတယ်၊ အခု ကျနော်သုံးနေတဲ့ အင်တာနက်လိုင်းဆို ရင် ၂ mbps ဆိုပေမယ့် အဲဒီ ၂mbpsအတိုင်း မရဘူး၊ လျှော့ပြီးတော့ပဲ သုံးနေရတော့ တယောက် နှစ်ယောက်လောက်ပိုသုံးလိုက် တဲ့ အခါကျရင် နှေးသွားတယ်၊ ထိုင်းမှာတော့ အဲဒီလိုမကြုံဖူးဘူး သုံးရင်လည်းသုံးတဲ့နှုန်း အတိုင်းပဲ ဥပမာ ထိုင်းမှာ ဆိုလို့ရှိရင် အွန် လိုင်း ရေဒီယိုပဲ ဖြစ်ဖြစ်၊ တီဗွီပဲဖြစ်ဖြစ် ကြည့်မယ်ဆိုရင် တောက်လျှောက် လွယ်လွယ်ကူကူ ကြည့်လို့ရတယ်၊ ရန်ကုန်မှာတော့ အဲဒီ လို မရဘူး” ဟု သူက ရှင်းပြသည်။

ရန်ကုန်မြို့မှာ မနက်စောစောတွင် အင်တာနက် အသုံးပြုရန် အဆင်ပြေသော်လည်း မနက် ၁၀ နာရီနောက်ပိုင်း လူသုံးများသည့် အတွက် လိုင်းမကောင်းခြင်းနှင့် ကြုံရကြောင်း သူက ဆက်ပြောသည်။

ယခုလ ၇ ရက်နေ့က နေပြည်တော်၌ ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်က ဝန်ထမ်းများကို လစာ ကျပ်နှစ်သောင်းတိုးမည်ဟု ပြောခဲ့ကြောင်း၊ ယင်းသို့သော လစာတိုးမြှင့်မှုသည် အဆမ တန် မြင့်ရောင်းချ နေသော အင် တာနက်ဈေးနှုန်းကို ကုစားနိုင်မည် မဟုတ်ကြောင်း၊ မလိုအပ်ဘဲ မြင့်တင်ရောင်းချနေသော ထိုကဲ့ သို့ ဈေးနှုန်းမျိုးကို အများပြည်သူသုံး နိုင်စေရန် ဆောင်ရွက်သင့်ကြောင်း သတင်းစာဆရာ တဦးက ထောက်ပြသည်။

ယနေ့ အစိုးရ ကြေးမုံသတင်းစာ Facebook စာမျက်နှာတွင်လည်း မြန်မာပြည် အင်တာနက် နှေးကွေးနေမှုအပေါ် အိုင်တီ ပညာရှင် တဦး၏ အမြင့်ကို ယခုကဲ့သို့ ဖော်ပြထားသည်။

“လက်ရှိ မြန်မာပြည် အင်တာနက် နှေးတာ နည်းပညာ ပြဿနာလို့ ကျွန်တော် လုံးဝ မထင်ပါဘူး၊ စီမံ ခန့်ခွဲမှု၊ မရင့်ကျပ်မှု ပြဿ နာပါ၊ Vision တွေ Mission တွေ ခေတ်မမှီ တော့တာတွေ၊ နေရာလိုချင်တာတွေ၊ အာဏာ လိုချင်တာတွေ ရပိုင်ခွင့်တွေ လိုချင်တာတွေ စတဲ့ လောဘတွေကို ထိမ်းချုပ်ပေးနိုင်တဲ့ စီမံခန့်ခွဲမှု့မျိုး တာဝန်ယူသူ တိတိပပ ရှင်းရှင်းလင်းလင်း မတွေ့ရသေးပါဘူး၊ တွဲ ချည် ရောချ မျှစားနေရာယူ လုံးခြာလိုက်နေဆဲပါ”ဟု ပါရှိသည်။

ဝေးလံခေါင်ဖျားဒေသများ အထိ ဆက်သွယ်နိုင်စေရန် MPT Satellitel Termanial စီမံကိန်းကို ၂၀၀၄ ခုနှစ်တွင် ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထိုင်း ဂြိုဟ်တု ငှားရမ်းကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ MPT Satellite  စခန်းများ မှတဆင့် တယ်လီဖုန်း၊ ဖက်စ်၊ အင်တာနက် ဆက်သွယ်မှုများကို ပြုလုပ်ခဲ့သော်လည်း လက်ရှိမြန်မာနိုင်ငံမှ ဆက်လက် ငှားရမ်း ခြင်း မရှိတော့ကြောင်း သိရသည်။

လက်ရှိ စင်္ကာပူ နိုင်ငံမှ ဂြိုဟ်တုကို ငှားရမ်းသုံးစွဲပြီး အဆိုပါ   Satellite စခန်းများမှ တဆင့် တယ်လီဖုန်း၊ ဖက်စ်၊ အင်တာနက် ဆက်သွယ်မှုများကို ဆောင်ရွက်ပေးနေသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိ လုပ်ကိုင်နေသည့် အင်တာနက် ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများကို အစိုးရ စာတိုက်နှင့် ကြေး နန်းဆက်သွယ်ရေး ၀န်ကြီးဌာနပိုင် (MPT), Myanmar Info-tech,  ယခင် Bagan Net ကို အမည်ပြောင်းထားသော Myanmar Teleport နှင့် Hanthawaddy National Gateway တို့ ဖြစ်သည်။

အဆိုပါ Hanthawaddy National Gateway သည် မန္တလေးရှိ ရတနာပုံ တယ်လီပို့နှင့် ချိတ်ဆက်ကာ ရန်ကုန်မှအပ ဒေသ တချို့ရှိ အင်တာနက် ၀န်ဆောင်မှု အပါအ၀င် စစ်တပ်အရာရှိများ အတွက် စီစဉ်ပေးထားကြောင်း သိရသည်။


သန်းထိုက်ဦး
arrawady