နိုင်ငံတကာလုပ်ငန်းရှင်များ ရင်းနှီးမြုပ်နှံရန် စိတ်ဝင်စားလာသောကြောင့် ကျောက်စိမ်းကုန်ကြမ်း ရောင်းချသူအဆင့်မှ အချောထည်ရောင်းချသူအဆင့်သို့ ရောက်ရှိလာမည်

ပို့စ်တင်ချိန် - 2/08/2014 08:03:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီ ၈။

မြန်မာနိုင်ငံသည် နိုင်ငံတကာသို့ကျောက်စိမ်းရောင်းချရာတွင် ကုန်ကြမ်းရောင်းချနေသူ အဆင့်မှ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြုပ်နှံရန် စိတ်ဝင်စားမှုများရှိလာကြောင့် နောက်ပိုင်းတွင် ကျောက်စိမ်းအချောထည် ရောင်းချနိုင်သည်အထိ အဆင့်မြင့်တက်လာပြီး အိမ်နီးချင်း နိုင်ငံများ၏ ဈေးကွက်ကို အားကိုးစရာမလိုဘဲ ကျော်တက် သွားနိုင်ကြောင်း ကျောက်မျက်ကုန်သည် တစ်ဦးက ပြောကြားသည်။

လွန်ခဲ့သောနှစ်များအတွင်း မြန်မာ့ကျောက်စိမ်းဈေးကွက်တွင် နည်းပညာအခက်အခဲ၊ ငွေကြေးအရင်းများ လိုအပ်ချက်ကြောင့် ကုန်ကြမ်းအဖြစ်သာ ရောင်းချရပြီး အိမ်နီးချင်း ထိုင်း၊ အိန္ဒိယနှင့် တရုတ်နိုင်ငံများ အပေါ်တွင်သာ မှီခိုအားထားခဲ့ရပြီး ထိုနိုင်ငံများသို့ ရောက်ရှိသွားသော မြန်မာ့ကျောက်စိမ်းများမှာ ၁၀ဆမှ ၁၅အထိ ဈေးနှုန်း မြင့်တက်သွားကြောင်း သိရသည်။

“ဒီကိုလာဝယ်တာ အများစုက ပွဲစားတွေပဲဖြစ်ပါတယ်၊ သူတို့နိုင်ငံရောက်သွားရင် ဈေးကအဆမတန် တက်သွားတယ်၊အဲဒါဘာဖြစ်သလဲဆိုတော့ တရားဝင် ဈေးကွက်ကို ရှောင်ချင်နေကြလို့ အခွန်များတယ်လို့ တစ်ချို့ကလဲ ပြောနေကြတယ်”ဟု ကျောက်မျက် အရောင်းအဝယ် လုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။

ကျောက်စိမ်းများကို ခေတ်အဆက်ဆက် အမြောက်အများ တူးဖော်ရရှိခဲ့သော်လည်း  မြန်မာနိုင်ငံတွင် ကျောက်စိမ်းများ ဆက်လက် ထွက်ရှိသေးသည်ဖြစ်ရာ တရားဝင်စနစ်တကျ တူးဖော်ရန် လိုအပ်ကြောင်း သို့မဟုတ်ပါက သဘာဝ သယံဇာတများ ကုန်ခမ်းသွားနိုင်ပြီး နိုင်ငံတော်အတွက်လည်း များစွာဆုံးရှုံး နစ်နာနိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ပညာရှင်ဦးညိုမောင်က ပြောကြားသည်။

လက်ရှိတွင် နိုင်ငံတကာ အသိုင်းအဝိုင်းမှ မြန်မာနိုင်ငံ၏ပြောင်းလဲမှုများကိုစိတ်ဝင်တစားစောင့်ကြည့်နေချိန်တွင်နိုင်ငံတကာစီးပွားရေး လုပ်ငန်းရှင်များကလည်း မြန်မာ့ကျောက်မျက်လုပ်ငန်းကို စိတ်ဝင်တစား လုပ်ကိုင်ရန် ကမ်းလှမ်းမှုများ ရှိလာကြောင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာ့ကျောက်မျက်လုပ်ငန်းကို အထူးစိတ်ဝင်စားသည့် နိုင်ငံများမှ ထိုင်ဝမ်၊ ဟောင်ကောင်၊ မလေးရှား၊ စင်္ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံများဖြစ်ကြောင်း သိရသည်။

ကိုထိုက်
The Myanma Age