ဂေါက်ကွင်းနဲ့ ဆီးဂိမ်းစ်ဆင်း(မ်)ကတ်

ပို့စ်တင်ချိန် - 2/08/2014 07:55:00 PM


ဆီးဂိမ်းစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားတွင် လုပ်အားပေးလူငယ်များအား တွေ့ရစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)

(Written by: မောင်စံပေါ)

(၁)
“ငါ့လူရ။ လူဆိုတာ ကိုယ့်ဘာသာ တစ်ကိုယ်ရေတစ်ကာယ တစ်ယောက်တည်းနေတော့ ဂရုစိုက်ရတာ တိုက်ရိုက်အားဖြင့် ပြောရရင် တစ်ယောက်တည်းပေါ့ကွာ။ ဒါတောင်မှ မိဘတွေ၊ ညီအစ်ကိုမောင်နှမတွေ ရှိသေးသကွ။ အေး မိန်းမယူလိုက်ပြီ ဆိုရင်တော့ မိန်းမနဲ့ ကိုယ့်ရဲ့မိသားစုက မိဘတွေရှေ့ကို ရောက်လာသကွ။ မင်းဘာသာ မင်းလက်ခံချင်ရင် လက်ခံ၊ လက်မခံချင်ရင်နေ။ ငါက ငါ့ဘ၀နဲ့ ထင်ဟပ်ပြီးပြောတာ”

စာဆိုတာ သေစာ၊ ရှင်စာလောက်ပဲတတ်တဲ့ ဦးလေးရဲ့ ပြောစကား။ ကြီးကြီးကျယ်ကျယ်ပြောရရင် ဦးလေးရဲ့ ဘ၀အခြေခံ ဒဿန။

(၂)
“လူဆိုတာ ကိုယ့်နောက်မှာ ပရိသတ်များလေလေ ကိုယ့်ကိုယ်ကိုယ် မပိုင်လေလေပဲ” ကွယ်လွန်သွားပြီဖြစ်တဲ့ စွယ်စုံရ အနုပညာရှင် ၀င်းဦးရဲ့ ပြောစကားတစ်ခွန်းပါ။ ကိုယ့်ကိုယ်ကိုယ် မပိုင်ခြင်းဆိုတဲ့ လွတ်လပ်မှု ဆုံးရှုံးခြင်းသာ မကပါဘူး။ တာဝန်ယူခြင်းဆိုတဲ့ ကိစ္စကပါ နောက်ကနေ ထက်ကြပ်မကွာ ပါလာပါတယ်။

(၃)
ကိုယ့်နောက်မှာရှိတဲ့ ပရိသတ်တွေ၊ လူတွေများပြားခြင်းဆိုတာ အကြောင်းအမျိုးမျိုးကြောင့်ပါ။ အနုပညာနယ်ပယ် အသီးသီးက အနုပညာရှင်တွေ အတွက်တော့ သူတို့ရဲ့ အနုပညာကို နှစ်သက်လို့ဖြစ်မှာပါ။ လူမှုရေး အသင်းအဖွဲ့တွေမှာ ရှေ့ဆောင်ရှေ့ရွက် ပြုနေသူတွေကိုတော့ သူတို့ရဲ့ လုပ်ရပ်ကို လေးစားလို့ ဖြစ်ပါတယ်။ နိုင်ငံရေး နယ်ပယ်က ပုဂ္ဂိုလ်တွေရဲ့နောက်က ပရိသတ်တွေကတော့ သူတို့ကို ယုံကြည်အားကိုးလို့ပါပဲ။

ဌာနဆိုင်ရာ အကြီးအကဲတွေရဲ့နောက်မှာ အရာထမ်း၊ အမှုထမ်းတွေရှိသလို စီးပွားရေး လုပ်ငန်းရှင်ကြီးတွေရဲ့နောက်မှာ ၀န်ထမ်းတွေရှိပါတယ်။ ဘာကြောင့် နောက်မှာပရိသတ်တွေ ရှိနေကြသလဲဆိုတဲ့ အကြောင်းရင်း ကွာချင်ရင်ကွာပါမယ်။ ရှေ့ကပုဂ္ဂိုလ်များကတော့ တာဝန်ရှိကြတာချင်း အတူတူပါပဲ။

(၄)
“တာဝန်ရှိတဲ့နေရာရောက်ရင် တာဝန်ယူရမှာကွ။ အခုတော့ တာဝန်မယူတဲ့အပြင် ခဏရောက်လာတဲ့ နေရာမှာ ငါအာဏာရှင်၊ ငါထင်တာ ငါလုပ်မယ်။ ဘယ်သူ့မှ ဂရုမစိုက်ဘူးဆိုတဲ့ ပုံမျိုးတော့ မချိုးစကောင်းပါဘူး။

မိတ်ဆွေ ဂေါက်သီးရိုက်သမားတစ်ယောက်ရဲ့ မြည်တွန်တောက်တီးသံ ကြားတာနဲ့ ဂေါက်ကွင်းနဲ့ပတ်သက်တဲ့ကိစ္စ ဖြစ်မှာပဲလို့ စုံထောက်မောင်စံရှား စဉ်းစားပုံမျိုးနဲ့ စိတ်ထဲက ကောက်ချက်ချမိတယ်။

“ဆိုစမ်းပါဦး သူငယ်ချင်းရေ။ ဘယ်သူ့ကို ဘာများမကျေမနပ် ဖြစ်နေရတာလဲ”

“ဘယ်သူရမှာလဲကွာ၊ ပုဂ္ဂိုလ်ပေါ့။ ဂေါက်ကွင်းထဲ ဂေါက်သီးရိုက်ချိန်မှာ ဘောင်းဘီတိုနဲ့ ကစားခွင့်မပြုဘူးတဲ့ကွာ။

“ဟာ ဒီစည်းကမ်းက အရင်ကတည်းက ရှိပြီးသား မဟုတ်ဘူးလား။ တီရှပ်နဲ့ မရိုက်ရတို့၊ ကော်လာပါတဲ့စပို့ရှပ် ဒါမှမဟုတ် လည်ထောင်စပို့ရှပ်ကိုပဲ ခွင့်ပြုမယ်တို့လေကွာ”

“အရင်ကတည်းကရှိတာ၊ နိုင်ငံတကာမှာ ကျင့်သုံးတာက ဒူးပေါ်တဲ့ ပေါင်လယ်လောက်ပဲရှိတဲ့ လက်ဝှေ့ဘောင်းဘီမျိုးကို ပြောတာ။ အခု သူတားမြစ်တာက ဒူးဖုံးတဲ့ ဘောင်းဘီတွေ၊ သရီးကွာတားတွေပါ။ ခွင့်မပြုဘူးပြောတာ။ နောက်ပြီး ငါတို့က အလကား အသင်းဝင်လက်မှတ်ရပြီး အလကား လာရိုက်နေတဲ့လူတွေ မဟုတ်ဘူး။ ပိုက်ဆံသိန်းပေါင်းများစွာပေးပြီး အသင်းဝင်ထားတဲ့ အသင်းသားတွေ။ ပြောရရင် သူက၀န်ထမ်း။

“အခု သူမ၀တ်ရဘူးပြောတဲ့ ဘောင်းဘီတွေက ကမ္ဘာ့ပြိုင်ပွဲကြီးတွေမှာတောင် ၀တ်ခွင့်ပြုတာကွ။ လေယာဉ်ပျက်ကျပြီး ဆုံးသွားတဲ့ ကမ္ဘာကျော် ဂေါက်သီးချန်ပီယံကွာ၊ အမေရိကန်က ပိန်းစတီးဝပ် အဲသလို ဘောင်းဘီနဲ့ ခြေအိတ်ရှည်နဲ့ဝတ်ပြီး သူခိုးဦးထုပ်ဆောင်းတာကွ။ စည်းကမ်းကြီးပါတယ်ဆိုတဲ့ ကမ္ဘာပေါ်မှာ ရှေးအကျဆုံးဂေါက်ကွင်း၊ စိန့်အင်ဒရူးမှာတောင် ခွင့်ပြုတာကွာ။ သူ့လက်ထက်ကျမှ သူ့ကိုယ်ပိုင်ဂေါက်ကွင်း ကျနေတာပဲ”

“အဲဒီတော့”

“ဂေါက်ကွင်းကဆိုင် (Pro Shop) မှာ ဘောင်းဘီရှည်ဝယ်ဝတ်ပြီး ရိုက်ရတာပေါ့ကွာ။ ဆိုင်ကလည်း ဖွင့်ပေလို့။ ကိုယ်နဲ့တော်တဲ့ ဘောင်းဘီကလည်း ရှိပေလို့ပေါ့ကွာ။ ဖြစ်သင့်တာက စည်းကမ်းအသစ် ထုတ်မယ်ဆိုရင်တောင်မှ နှစ်ပတ်တန်သည်၊ တစ်လတန်သည် ကြိုပြီးကြေညာရမှာပေါ့ကွာ။ သတင်းစာ၊ ဂျာနယ်တွေမှာထည့်ပေါ့။ ဘာကုန်မှာမှတ်လို့ကွာ။ နောက်ပြီး စာရေးမတွေ ဘာလုပ်ဖို့ ခန့်ထားတာတုန်း။ လစဉ်ကြေးဘာညာ အချိန်မီမသွင်းရင် Tee-Off Booking ကြေး မရသေးရင်တောင် ဖုန်းဆက်ပြီး တောင်းတာကွာ။ ဖုန်းမဆက်ချင်ရင်တောင် မက်ဆေ့ခ်ျပို့လို့ ရပါတယ်။

“ဒါပဲလား”

“ဒီကွင်းကတော့ ဒါပဲပေါ့ကွာ။ ဟိုတစ်ကွင်း ရှိသေးတယ်မောင်။ ကြောင်ကြောင်ကျားကျား ဘောင်းဘီတွေဝတ်ပြီး ဂေါက်သီးရိုက်ခွင့် မပြုဘူးတဲ့ကွာ။ အမေရိကန်က ကမ္ဘာကျော် ဂေါက်သီးချန်ပီယံ ဂျွန်ဒဲလေးသာ မြန်မာပြည်လာရင် အဲဒီကွင်းမှာ ရိုက်ခွင့်ရမှာ မဟုတ်ဘူးမောင်”

(၅)
“အဘရေ သားတို့ဖုန်းတွေ ပိတ်သွားပြီ လုပ်ပါဦး”

ဆီးဂိမ်းစ်မှာ ဆက်သွယ်ရေးအရာရှိအဖြစ် လုပ်အားပေးခဲ့တဲ့ ကျောင်းသားလူငယ်လေး တစ်ယောက်က ပြောလာတယ်။ မျက်နှာလေးက မချိတင်ကဲနဲ့။

သူတို့လေးတွေမှာ အဆင်းရဲခံ၊ အပင်ပန်းခံပြီး နိုင်ငံ့ဂုဏ် မပျက်ရအောင် ကြိုးစားလုပ်အားပေးခဲ့ကြတာ။ LO တွေ၊ VO တွေ၊ WF တွေ ဖွင့်ပွဲပိတ်ပွဲတွေမှာ ပါဝင်ခဲ့ကြသူတွေ။ နိုင်ငံတော်က GSM Sim Card တွေပေးတော့ ပျော်လို့။ သူတို့မုန့်ဖိုးလေးတွေနဲ့ ဖုန်းတွေဝယ်။ ပိုက်ဆံတွေ ဖြည့်နဲ့ပေါ့။ သုံးလပဲ ခံမယ်ဆိုတော့ ဆီးဂိမ်းစ်ပွဲကျင်းပတဲ့ ဒီဇင်ဘာပြီးရင် ဇန်န၀ါရီ၊ ဖေဖော်ဝါရီ သုံးလတော့ သုံးလို့ရမယ်ပေါ့။ နောက်တစ်ခါ ဒီကတ်တွေ၊ နံပါတ်တွေကို တောက်လျှောက်သုံးခွင့်ပေးမယ် ပြောသံကြားတော့ ကလေးတွေပျော်ကြတယ်။ ၁၅၀၀ တန်ကတ် မဲနှိုက်တာက ပေါက်ချင်မှ ပေါက်မှာလေ။ သမ္မတကြီးကတောင် ဂုဏ်ပြုပွဲကြီး ခမ်းခမ်းနားနားလုပ်ပြီး ဂုဏ်ပြုပေးတော့ သူတို့ရထားတဲ့ Sim Card လေးတွေလည်း ဂုဏ်ပြုလက်ဆောင် ဖြစ်နိုင်ကောင်းရဲ့ပေါ့ဗျာ။

အခုလို ပိတ်သွားတော့ ကြွားထားသမျှလေးတွေ ရေဖြစ်သွားရုံသာမကဘူး။ ဖြည့်ထားတဲ့ လက်ကျန်ပိုက်ဆံတွေပါ ပလုံသွားတာကိုး။

“ကျုပ်က ၁၇၀၀၀ တောင် ကျန်သေးတာဗျ။ ကတ်ထုတ်ပေးတုန်းက မှတ်ပုံတင်နံပါတ်တွေ၊ နာမည်တွေနဲ့တွဲပြီး စာရင်းသွင်းတော့ ဟုတ်နိုးနိုး အောက်မေ့ခဲ့တာဗျာ”

အားကစားအဖွဲ့ချုပ် တစ်ခုက အမှုဆောင် တစ်ယောက်ရဲ့ ရင်ဖွင့်သံ။

(၆)
ဘောင်းဘီတို မ၀တ်ရဘူးဆိုလို့ ဘောင်းဘီရှည်ဝယ်ဝတ်ပြီး ဂေါက်သီးရိုက်ခဲ့တဲ့ မိတ်ဆွေအတွက်တော့ ပြဿနာ သိပ်မရှိလှဘူးဆိုရင် ဆိုနိုင်ပါတယ်။ သူ့လိုမျိုး တွေ့ကြုံရမယ့် ဂေါက်သီးရိုက် အသင်းသား အရေအတွက်က များချင်မှများမှာကိုး။ စည်းကမ်းထုတ်ပြီးစမှာ ရှိသမျှ အသင်းသားတွေ လာရိုက်ကြမှာမှ မဟုတ်တာ။ လာရိုက်ပြီး မဟာစည်းကမ်းတော် အသစ်ကြီးအကြောင်း ကြားသိကြုံတွေ့ခဲ့ကြရတဲ့ အမျိုးကောင်းသား ဂေါက်သီးသမားကြီးများက သတင်းစကား တစ်ဆင့်ပါးကြမှာလေ။ ဒါပေမဲ့ အသင်းသားတွေလည်း အသင်းသား အခွင့်အရေး ရချင်ကြမှာ။ အရာသွင်းပြီး ကြိုကြိုတင်တင် အသိပေး အကြောင်းကြားတာမျိုးကို လိုလားကြမှာ။

ပြောရရင် ဘောင်းဘီတို မ၀တ်ရဆိုလို့ ဘောင်းဘီရှည် ၀ယ်ဝတ်ကြရတဲ့လူတွေ အရေအတွက်ကလည်း မများနိုင်ဘူး။ ဒီကိစ္စအတွက် ဂေါက်ကွင်းမှာ ၀င်ငွေတွေအများကြီး တိုးလာစရာ အကြောင်းမရှိဘူး။

ဆီးဂိမ်းစ်ဆင်း(မ်)ကတ် ကိစ္စကကျတော့ ဂေါက်ကွင်းကိစ္စနဲ့ မတူပါဘူး။ သုံးတဲ့လူ အရေအတွက် များတယ်။ သုံးလလောက် နိုင်ငံတော်ကို ပိုက်ဆံဝင်တယ်။ ဒီဖုန်းတွေကြောင့် လိုင်းကျပ်တယ် ပြောရအောင်ကလည်း ဆီးဂိမ်းစ်ကာလမှာ ပြည်ပကလာတဲ့ အားကစားသမားတွေ၊ အုပ်ချုပ်သူတွေ၊ နည်းပြတွေ၊ မီဒီယာတွေ၊ အဖွဲ့ဝင်တွေ အများကြီး သုံးခဲ့ကြတာ။ အဆင်လည်း ပြေခဲ့တာပါပဲ။ နိုင်ငံခြားက အဖွဲ့တွေပြန်တော့ လိုင်းတောင်ပိုချောင်သွားမယ်ထင်ရဲ့။

တကယ်လို့ တောက်လျှောက်ဆက်ဖွင့်ပေးထားဖို့ အစီအစဉ် မရှိဘူးဆိုရင်တောင် သက်တမ်းကုန်ဆုံးမယ့်ရက်ကို တိတိကျကျ ကြိုတင်ပေးထားရင် ကိုယ့်ဘာသာချိန်ပြီး သုံးနိုင်တာပေါ့ဗျာ။ ဆက်ပြီးသုံးခွင့်ပေးရင်တော့ အကောင်းဆုံးဖြစ်မယ် ထင်ပါတယ်။ သုံးစွဲသူတွေလည်းပျော်၊ နိုင်ငံတော်လည်း ပိုက်ဆံရ။ အခုတော့ လက်ကျန်ငွေလေးတောင် လွှဲမရပြုမရနဲ့ ဆုံးသွားတဲ့ဘ၀။

(၇)
ဂေါက်သီးရိုက်တဲ့ သူဋ္ဌေးတွေလည်း လူပါပဲ။ ဆီးဂိမ်းစ်မှာ လုပ်အားပေးခဲ့တဲ့ ကလေးတွေလည်း လူပါပဲ။ သန်း ၆၀ သော ပြည်သူတွေထဲက လူတွေပါ။ လူရာသွင်းပြီး သက်ဆိုင်ရာ ကိစ္စရပ်တွေမှာ လူကိုလူလို လေးလေးစားစားနဲ့ ဆက်ဆံဖို့လိုပါတယ်။ ကြိုတင်အသိပေးရမယ့် ကိစ္စတွေမှာ လုံလောက်တဲ့ အချိန်တစ်ခုပေးပြီး အသိပေးသင့်ပါတယ်။ သက်ကယ်ချောင်းနဲ့ ခေါင်းလောင်းထိုးပြီး ငါနှိုးသားပဲကွာ ဆိုတာမျိုးလည်း မဖြစ်သင့်ပါဘူး။

လူကိုလူလို လူပီသစွာ ဆက်ဆံနိုင်ကြပါစေ။ လူပီသစွာ ရှင်သန်ခွင့်ရကြပါစေ။

Eleven Media Group