ကျွန်းသစ် အလုံးလိုက်ပြည်ပပို့မှု သုံးပုံတစ်ပုံခန့် မြင့်တက်

ပို့စ်တင်ချိန် - 2/08/2014 03:54:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီ ၇

မြန်မာ့ကျွန်းသစ်များကို ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ တင်ပို့မှုသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်ထက် သုံးပုံတစ်ပုံခန့်မြင့် တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

လာမည့် ဧပြီ ၁ ရက်နေ့မှစတင်ကာ သစ်အလုံးလိုက် တင်ပို့မှု ရပ်နားမည် ဖြစ်ကြောင်း အစိုးရက ကြေညာချက် ထုတ်ပြန်ထား၍ ယင်းကဲ့သို့ ကျွန်းသစ်များ အလုံးလိုက် တင်ပို့မှု မြင့်တက်လာခဲ့ခြင်း ဖြစ်သည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ သစ်တောရေးရာ ဦးစီးဌာန (ရန်ကုန်တိုင်း) မှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်က ပြောကြားသည်။

လက်ရှိ ဘဏ္ဍာနှစ်စ ၂၀၁၃ ဧပြီ ၁ ရက်နေ့မှ ဇန်နဝါရီ ၂၄ ရက်နေ့အတွင်း ကျွန်းသစ် (အလုံး) ကုဗတန် ၅၈၀,၀၀၀ နီးပါး တင်ပို့ခဲ့ပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ် အလားတူ ကာလတွင်မူ ကျွန်းသစ် (အလုံး) ကုဗတန် ၄၂၇,၀၀၀ ခန့်သာ တင်ပို့ခဲ့ခြင်းကြောင့် ယခုနှစ်တွင် ၃၅ ရာခိုင်နှုန်းကျော် ပိုမိုတင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း ကျွန်းသစ် ကုဗတန် နှစ်သိန်းကိုသာ မြန်မာ့ သစ်လုပ်ငန်းက ခုတ်လှဲရန် ခွင့်ပြုထားကြောင်း၊ သစ်အလုံးလိုက် တင်ပို့မှု ရပ်နားမည့် ကာလသို့ ရောက်ရှိချိန် နီးလာ၍ ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ကျန်ရှိနေသည့် ခုတ်လှဲပြီး သစ်များကို တင်ပို့လာခြင်း ဖြစ်နိုင်ကြောင်း ဦးကျော်ကျော်လွင်က ဆိုသည်။
“လုပ်ငန်းရှင်တွေကတော့ ဝုန်းဒိုင်းကျဲပြီးကို လုပ်နေကြတာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ကတော့ ဒီနှစ်မှာ ကျွန်းသစ်တန်ချိန် နှစ်သိန်း၊ နောက်နှစ် ဆိုရင်တော့ တန်ချိန် တစ်သိန်းလောက်ပဲ ခုတ်လှဲခွင့်ပြုဖို့ စီစဉ်ထားတယ်” ဟု ၎င်းက ရှင်းပြသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရမူ ယခုဘဏ္ဍာနှစ်စ ဧပြီ ၁ ရက်နေ့မှ ဇန်နဝါရီ ၂၄ ရက်နေ့အထိ ကျွန်းသစ်ခွဲသား ၁၈,၀၀၀ နီးပါးတင်ပို့ခဲ့ပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ် အလားတူကာလကမူ ကျွန်းသစ်ခွဲသား ကုဗတန် ၂၀,၀၀၀ နီးပါး တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

The Voice Weekly