တနှစ်ခွဲကြာ ၀န်းရံပိတ်ဆို့မှု ခံခဲ့ရတဲ့ ဆီးရီးယား ပြည်သူ ၈၃ ဦး ကယ်ထုတ်

ပို့စ်တင်ချိန် - 2/08/2014 05:42:00 PM


ဓာတ်ပုံ - Reuters

ဆီးရီးယားအစိုးရတပ်တွေရဲ့ တနှစ်ခွဲကြာ ၀န်းရံပိတ်ဆို့ခံခဲ့ရတဲ့ ဟုမ်းမြို့က အရပ်သားတွေကို ကယ်ထုတ်နေရာမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က ပထမအသုတ်အနေနဲ့ ခလေးနဲ့ လူကြီး ၈၃ ဦးကို ကယ်ထုတ်ခဲ့ပါတယ်။ ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေး အစီအစဉ်တွေအတွက် ၃ ရက်ကြာ အပစ်အခတ် ရပ်စဲထားတယ်လို့ဆိုပါတယ်။

ကယ်ထုတ်လာခဲ့တဲ့ သူတွေဟာ အစာအာဟာရ ပြတ်လပ်နေတဲ့ပုံပေါ်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ဆိုခဲ့ပြီး ကျန်ရစ်နေသေးတဲ့လူတွေကိုလည်း ထောက်ပံ့ရေးတွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။
အခုလို ဟုမ်းမြို့ခံတွေကို ကယ်ထုတ်မှုနဲ့ အကူအညီထောက်ပံ့မှုတွေဟာ လွန်ခဲ့တဲ့ ၂ ပတ်ကျော်က ကျင်းပခဲ့တဲ့ ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ ပထမဆုံးရလဒ်အဖြစ် အများက ယူဆကြပါတယ်။ ယခင်ကလည်း အခုလိုကယ်ထုတ်ဖို့ ကမ်းလှမ်းမှုတွေရှိခဲ့ဖူးပေမယ့် မြို့ထဲမှာ ကျန်ခဲ့မယ့် သူပုန်တွေအပါအ၀င် ဒေသခံ အမျိုးသားတွေရဲ့ ကံကြမ္မာအတွက် စိုးရိမ်ရတာကြောင့် အမျိုးသမီးတွေနဲ့ ခလေးတွေကို ကယ်ထုတ်ဖို့ သူပုန်တွေက ငြင်းပယ်ခဲ့ကြပါတယ်။

အခုလိုကယ်ဆယ်မှုတွေနဲ့ ထောက်ပံ့မှုတွေဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ထပ်မံကျင်းပဖို့ စီစဉ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆီသွားမယ့် ခြေလှမ်းတွေအဖြစ် ထင်မြင်ယူဆ နေကြပါတယ်။ ဟုမ်းမြို့ထဲမှာ ပိတ်မိနေသူ အရပ်သား ၂၅၀၀ လောက်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။


DVB Burmese