သောက်သုံးရေ အလုံအလောက် မရရှိသော မြို့နယ်များသို့ ရေဂါလန် ၄၅ သန်းဖြန့်ဝေမည်

ပို့စ်တင်ချိန် - 2/08/2014 03:08:00 PM




ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ငမိုးရိပ် ရေပေးစီမံကိန်း အမှတ် (၂) ဆောက်လုပ်မှုသည် ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်သောကြောင့် ဧပြီလဆန်းမှစတင်ကာ သောက်သုံးရေ ဂါလန် ၄၅ သန်းကို ရန်ကုန်မြို့အတွင်းရှိ သောက်သုံးရေ အလုံအလောက် မရရှိသော မြို့နယ်များသို့ ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“ဧပြီမှ ရေစဖြန့်မှာ ဆိုပေမယ့် အခုကတည်း စမ်းသပ်မောင်းနှင် ဖြန့်ဝေနေပါတယ်။ ပင်မရေပို့လိုင်းနဲ့ ဆက်ရမယ့် ပိုက်အခွဲတွေ ဆက်တာက မတ်လကုန်လောက်မှ ပြီးမှာဆိုတော့ အပြည့်အဝကို ဧပြီမှာပဲ ဖြန့်နိုင်မှာပါ” ဟု ၎င်းကပြောကြားသည်။

လက်ရှိအချိန်တွင် ပင်မရေပို့ပိုက်နှင့် ဆက်သွယ်ပြီးသော နေရာ များသို့ သောက်သုံးရေ ဂါလန် ၃၃ သန်းကို စမ်းသပ်ဖြန့်ဝေလျက်ရှိပြီး ရေဂါလန် ၄၅ သန်း အပြည့်အဝ ဖြန့်ဝေနိုင်မည့် ဧပြီလတွင် ၂၄ နာရီပတ်လုံး ဖြန့်ဝေပေးမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

အဆိုပါ ငမိုးရိပ် ရေပေးစီမံကိန်း အမှတ် (၂) ပြီးစီးပါက ရေဂါလန် ၄၅ သန်းကို သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်များသို့ သောက်သုံးရေ ထပ်တိုးဖြန့်ဝေပေးမည် ဖြစ်ကြောင်း အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က ထုတ်ပြန်ထားသည်။
“အခုနောက်ပိုင်း ရေမပြတ်တာ ကြာပြီ၊ အချိန်တိုင်းလာနေတာ ထပ်တိုးပေးတာထက် ရေမပြတ်တော့ဘူး ဆိုတာကို ပိုလိုချင်ပါတယ်” ဟု တောင်ဥက္ကလာပ မြို့နယ် (၇) ရပ်ကွက်တွင် နေထိုင်သူ ဦးမြင့်မြတ်ဂေါင်က ပြောကြားသည်။

ရန်ကုန်မြို့တွင် ဖူးကြီး၊ ဂျိုးဖြူ၊ လှော်ကား၊ ငမိုးရိပ် ရေလှောင်ကန် (အမှတ်-၁) နှင့် ကော်မတီပိုင် အ၀ီစိတွင်းများမှ သောက်သုံးရေ များကို နေ့စဉ် ရေဂါလန်သန်း ၁၆၀ ဖြန့်ဝေလျက်ရှိပြီး ငမိုးရိပ် ရေပေးဝေ ရေးစီမံကိန်း (အမှတ်-၂) မှ ရေဖြန့်ဝေပါက တစ်နေ့လျှင် သောက်သုံးရေ ဂါလန်ပေါင်း ၂၀၅ သန်း ဖြန့်ဝေနိုင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ စာရင်းများအရ သိရသည်။

The Voice Weekly