အတိုက်အခံနှင့် အာဏာရ ပါတီတို့၏ အပြိုင်အဆိုင် အမှုဖွင့်ခြင်းများကို ထိုင်းအခြေခံဥပဒေ ခုံရုံး ပယ်ချ၊ လက်ရှိ အချိန်အထိ ယင်းလပ်တို့ အသာစီးရ

ပို့စ်တင်ချိန် - 2/13/2014 07:05:00 PM




ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၂

ထိုင်းအိမ်စောင့် အစိုးရက နိုင်ငံရေး အကျပ်အတည်း ပြေလည်စေရန် ကျင်းပပေးသည့် ဖေဖော်ဝါရီ ၂ ရက်နေ့ ဒီမိုကရေစီ ရွေးကောက်ပွဲသည် တရားဥပဒေနှင့် ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးပေးရန် အတိုက်အခံ ဒီမိုကရက်တစ် ပါတီက ဦးတိုက် လျှောက်ထားခဲ့သည့် လျှောက်လဲချက်ကို အခြေခံ ဥပဒေ ခုံရုံးက ပယ်ချလိုက်သလို အစိုးရ ဆန့်ကျင်ရေး အုပ်စုဖြစ်သည့် ပြည်သူ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီ PDRC ခေါင်းဆောင်များသည် အခြေခံဥပဒေနှင့် ကိုက်ညီမှု မရှိသည့် နည်းလမ်းဖြင့် ဒီမိုကရေစီ အစိုးရတစ်ရပ်ကို ဖြုတ်ချရန် ကြိုးပမ်းခဲ့ခြင်း ရှိ၊ မရှိဟူ၍ အာဏာရ ဖေ့အ်ထိုင်း ပါတီဘက်က အသနားခံ လျှောက်လဲချက်ကိုပါ ယင်းခုံရုံးက ပယ်ချလိုက်ကြောင်း ထိုင်းမီဒီယာများနှင့် နိုင်ငံခြား သတင်းဌာနများ၏ ရေးသား ဖော်ပြချက်များအရ သိရသည်။

ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ဦးဆောင်သည့် အိမ်စောင့်အစိုးရက ဖေဖော်ဝါရီလ ၂ ရက် ရွေးကောက်ပွဲကို ကျင်းပ ပေးခဲ့ခြင်းသည် ဥပဒေနှင့် ကိုက်ညီမှု မရှိသောကြောင့် အရေးယူပေးပါရန် အတိုက်အခံ ဒီမိုကရက်တို့ဘက်က ထိုင်းအခြေခံ ဥပဒေ ခုံရုံးသို့ အမှုဖွင့် လျှောက်ထားကာ အစိုးရကို တိုက်ရိုက် စိန်ခေါ်ခဲ့မှုမှာ ခုံရုံးဘက်က ဗုဒ္ဓဟူးနေ့တွင် ပယ်ချလိုက်ခြင်းကြောင့် အရေးနိမ့် သွားခဲ့ရသည်။

ထို့အတူ ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီ (PDRC) မှ ဆူတက်တာဆူဘန် အပါအ၀င် ခေါင်းဆောင်များသည် ဘုရင်စနစ် လက်အောက်ရှိ ဒီမိုကရက်တစ် အုပ်ချုပ်ရေး ယန္တရား တစ်ရပ်ကို ဖြုတ်ချရန် ကြိုးပမ်းခဲ့ခြင်း ရှိ မရှိ၊ သို့မဟုတ် အခြေခံဥပဒေ အပိုဒ် ၁ အခန်း ၆၈ ကို ချိုးဖောက်ကာ အခြေခံဥပဒေနှင့် ကိုက်ညီမှု မရှိသော နည်းလမ်းများဖြင့် တိုင်းပြည် အစိုးရတစ်ရပ်ကို ရယူရန် ကြိုးပမ်းခဲ့ခြင်း ရှိ မရှိ စစ်ဆေးပေးရန် အာဏာရ ဖေ့အ်ထိုင်း ပါတီဘက်မှ လျှောက်ထားချက်ကို ခုံရုံးက အဆိုပါနေ့တွင်ပင် ပယ်ချခဲ့သည်။

ဖေဖော်ဝါရီလ ၂ ရက် ရွေးကောက်ပွဲအပေါ် အတိုက်အခံ ဒီမိုကရက်တစ် ပါတီဘက်က ဥပဒေဖြင့် စိန်ခေါ်မှုကို ထည့်သွင်း စဉ်းစားရန် အခြေခံ အကြောင်းအချက် တစ်စုံတစ်ရာ မတွေ့ရှိကြောင်း ခုံရုံးက ထုတ်ဖော် အသိပေးသည်။

အငြင်းပွားဖွယ် အဆိုပါ ရွေးကောက်ပွဲကို အတိုက်အခံ ဒီမိုကရက် ပါတီဘက်က သပိတ်မှောက်ခဲ့သောကြောင့် ၀န်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်နှင့် ၎င်း၏ ဖေ့အ်ထိုင်း ပါတီတို့သည် ကံကောင်း ထောက်မစွာပင် အနိုင်ရရှိမည့် အနေအထားတွင် ရှိကြောင်း VOA သတင်းဌာနက ရေးသား ဖော်ပြသည်။
သို့သော်လည်း အတိုက်အခံ အင်အားစုများ၏ ကဖျက်ယဖျက် လုပ်မှုကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မဲဆန္ဒနယ်များတွင် မဲပေးမှု ထပ်မံ မပြုလုပ် နိုင်သေးသရွေ့ တရားဝင် ရွေးကောက်ပွဲ ရလဒ်များ ထွက်ပေါ်လာနိုင်မည် မဟုတ်ပေ။

ဤအတောအတွင်းမှာပင် တည်ငြိမ်မှု မရှိဘဲ ဥပဒေ ချိုးဖောက်မည့် အလားအလာ ရှိသည့် ဒေသများတွင် ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်ပေးဦးမည် မဟုတ်ကြောင်း၊ ယင်းနေရာ ဒေသများတွင် အစစအရာရာ မူလ အနေအထားသို့ ပြန်လည် ရောက်ရှိကာ တည်ငြိမ် အေးချမ်းသွားပါမှ မဲပေးမှု ဖြစ်စဉ်ကို ပြန်လည် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဆူပါချိုင်းဆွမ်ချန်ရွန်းက အသိပေး ပြောကြားသည်။

လက်ရှိ အနေအချိန်ကာလအထိ အရေးပေါ် အခြေအနေ အမိန့်ဒီကရီနှင့် သတိပေး ပြောဆိုချက်များ ရှိနေသည့်တိုင် အတိုက်အခံများက ဆန္ဒပြမှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ကြေညာ ထားသည်။

ထိုင်းအာဏာပိုင်များ အဆိုအရ အစိုးရ ဆန့်ကျင်ရေး ခေါင်းဆောင် ၁၉ ဦးကို ဖမ်းဆီးရန် ၀ရမ်းများကို ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း သိရသည်။

မည်သို့ပင်ဆိုစေ အိမ်စောင့်အစိုးရ ဖြုတ်ချရေးနှင့် ရွေးကောက်ပွဲ သပိတ်မှောက်ရေးဟူသည့် ဆူတက်တာဆူဘန် ဦးဆောင်သော အတိုက်အခံတို့၏ ကြိုးပမ်းမှုမှာ လက်ရှိ အချိန်အထိ အောင်မြင်မှု မရရှိကြောင်း လေ့လာ စောင့်ကြည့်သူတို့က အကဲဖြတ်ကြသည်။

မကြာသေးခင် ရက်ပိုင်းက ထွက်ပေါ်လာသော ကိန်းဂဏန်းများအရ ရာနှုန်းပြည့် အောင်မြင်မှု မရှိခဲ့သော အဆိုပါ ရွေးကောက် ပွဲတွင် တစ်နိုင်ငံလုံးတွင် မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း၏ ၄၇ ဒသမ ၇ ရာခိုင်နှုန်းသာ မဲပေးခွင့် ရရှိခဲ့သည်။

The Voice Weekly