မိတ္ထီလာ ကန်ထဲသို့ အက်စစ် ထည့်သည်ဆိုသော သတင်း ကောလာဟလဟုဆို

ပို့စ်တင်ချိန် - 2/13/2014 02:55:00 PM




မိတ္ထီလာ၊ ဖေဖော်ဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ ကန်တော်ကြီးဘေး မြို့မ (၄) ရပ်ကွက်ရှိ လျှပ်စစ်ရုံး ဓာတ်အားပေးရေး ရုံးအနီးတွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညပိုင်းက မိတ္ထီလာ ကန်ထဲသို့ လူအချို့က အက်စစ်များ လောင်းထည့်သည် ဆိုသော သတင်းမှာ ကောလာဟလ တစ်ခုသာ ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။
ယင်းနေ့ ည ၉ နာရီ ၀န်းကျင်ခန့်က၊ မြို့မ (၄) ရပ်ကွက်ရှိ လျှပ်စစ် ဓာတ်အားပေးရေး ရုံးအနီးတွင် မိတ္ထီလာ ကန်အတွင်းသို့ အက်စစ်ရည်များ လောင်းချခဲ့သည်ဟူသော သတင်းအရ မိတ္ထီလာမြို့မ ရဲတပ်ဖွဲ့ စခန်းမှူးနှင့်အဖွဲ့မှ သွားရောက် စစ်ဆေးရာ ယင်းရပ်ကွက်ရှိ မန်းတက္ကသိုလ် ဓာတ်ပုံတိုက်မှ ဓာတ်ပုံဖလင် ဆေးရည်များ စွန့်ပစ်ထားသည်ကို စစ်ဆေး တွေ့ရှိရကြောင်း အဆိုပါ ရဲတပ်ဖွဲ့ စခန်းမှ တာဝန်ရှိသူက ပြောကြားသည်။

အောင်ဆန်း ရပ်ကွက်နေ မောင်လင်း မောင်းနှင်သော ၁ဟ/၉၀၁၁ သုံးဘီး ဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသော ရန်ကုန်မြို့၊ ရွှေပြည်သာ မြို့နယ်နေသူ ဦးထွန်းအေးနှင့် ရန်ကုန် တောင်ဒဂုံ မြို့နယ်နေသူ ဦးအောင်ကျော်ဦးတို့က ဖလင်ဆေးသည့် စွန့်ပစ်ဆေးရည် ငါးဂါလန်ဝင်ပုံး ၁၀ ပုံး၏ အပေါ်ရည်ကြည်များကို မိတ္ထီလာ ကန်ဘောင်ဘေး မြေကွက်လပ်ပေါ်သို့ သွန်ချခဲ့ကြောင်းကို စစ်ဆေး တွေ့ရှိခဲ့ပြီး ဆေးရည်များကို ၎င်းတို့ နှစ်ဦးသည် တစ်ဂါလန်လျှင် ၁၄၀၀ ကျပ်ဖြင့် မန်းတက္ကသိုလ် ဓာတ်ပုံတိုက်မှ ၀ယ်ယူခဲ့ကာ အပေါ်ရည်ကြည်သွန်၍ ကျန်အနှစ်ကို ပန်းထိမ်လုပ်ငန်း သုံးသည့် “ဘော်” ချက်ရာတွင် သုံးရန်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရသည်။

ယင်းဖြစ်ရပ်သည် ပတ်ဝန်းကျင်ရှိ မျက်မြင်အချို့၏ စူးစမ်းမှု မရှိသည့် မှားယွင်းသော ယူဆချက်နှင့် မိတ္ထီလာ ဒေသခံ မဟုတ်သော သူများ၏ မဆင်မခြင် စွန့်ပစ်မှုကြောင့် ဖြစ်ပေါ်ခဲ့သော ကောလာဟလ သတင်းတစ်ခုသာ ဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်ရွှေက ပြောကြားသည်။

“မနေ့ ည ၉ နာရီကျော်လောက်မှာ EPC ရုံးဘက်က ၀န်ထမ်းတွေက အော်ကြ ဟစ်ကြတော့ ရပ်ကွက်ထဲက မီးကင်းစောင့်တဲ့ သူတွေက လိုက်ကြတယ်။ သုံးဘီး ဆိုင်ကယ်ကလည်း မောင်းပြေးတယ်။ ရဲစခန်းကို အကြာင်းကြားတော့ ရဲတွေ ချက်ချင်း ရောက်လာတယ်၊ နောက်မှ အကြောင်းစုံ သိရတယ်၊ တကယ်ဆိုရင် ရေဆိုးပစ်စရာ မြောင်းကြီးတွေ ရှိတယ်၊ ကန်စပ်နားကို မသွန်သင့်ဘူး၊ နောက်ပြီးတော့ အချိန်မတော်ကျမှ မှောင်ထဲကို လာပြီး ဒီလိုလုပ်တော့ ရပ်ကွက်ထဲက လူတွေ လန့်ကုန်တယ်” ဟု မြို့မ(၄) ရပ်ကွက်ရှိ လျှပ်စစ်ရုံး အနီးတွင် နေထိုင်သူ ဒေါ်သင်းက ဆိုသည်။

မိတ္ထီလာကန်ကို မြို့နေလူထု သောက်သုံးရေအတွက် မိုင် ၃၀ ကျော် ရေပိုက်လိုင်းများဖြင့် ဖြန့်ဝေလျက်ရှိပြီး ကန်အောက်ပိုင်းရှိ ကျေးရွာ ဒေသများတွင် စိုက်ပျိုးရေအဖြစ် အသုံးပြုလျက်ရှိရာ ကန်ရေကို သိန်း ပေါင်း ၉၃၂၀ အကုန်အကျခံကာ သန့်စင်ရန် မူလကပင် စီစဉ်ထားပြီး ဖြစ်ကြောင်း စည်ပင်သာယာရေး ဌာနထံမှ စုံစမ်း သိရှိရသည်။
The Voice Weekly