ဓာတုဗေဒလက်နက် တားဆီးရေးစာချုပ် ခံဝန်ချက် လက်မှတ်ထိုးရန် ပြင်ဆင်

ပို့စ်တင်ချိန် - 2/13/2014 07:12:00 PM


မြန်မာနိုင်ငံက ဓာတုဗေဒလက်နက် တားဆီးရေးစာချုပ်ကို လိုက်နာပါမယ်ဆိုတဲ့ ခံဝန်ချက် လက်မှတ်ထိုးဖို့ ပြင်နေပြီဖြစ်ကြောင်း သမ္မတပြောခွင့်ရ ဦးရဲထွဋ်က ပြောပါတယ်။

မြန်မာနိုင်ငံက ဓာတုဗေဒလက်နက် တားဆီးရေးစာချုပ်မှာ နှစ်ပိုင်းရှိတဲ့အနက် ၁၉၉၃ ခုနှစ်မှာ သိရှိကြောင်းအပိုင်းကို လက်မှတ်ထိုးထားပြီး မဖြစ်မနေ လိုက်နာမယ်ဆိုတဲ့ ကတိခံဝန်ချက်ကိုတော့ ခုထက်ထိ လက်မှတ်မထိုးသေးပါဘူး။


ဒါကြောင့် လက်မှတ်ထိုးဖို့ အစီအစဉ် ရှိ မရှိ မေးမြန်းရာမှာ သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်က ခုလို ပြောလိုက်တာဖြစ်ပါတယ်။
“ကျနော်သိသလောက် ကွန်ဗန်းရှင်းမှာ ထိုးထားပြီးသား၊ ပြည်တွင်းမှာ ratify (သဘောတူညီချက်ကို အတည်ပြုလက်မှတ်ရေးထိုးသည်) လုပ်တာ ကျန်နေတယ်။ နိုင်ငံတကာ Convention တွေရဲ့ သဘောတရားအရ သက်ဆိုင်ရာ ဥပဒေပြု အဖွဲ့အစည်းက ratify မလုပ်သေးရင်တောင်မှ လက်မှတ်ထိုးထားတဲ့အတွက်ကြောင့် အဲဒီ convention ရဲ့ အနှစ်သာရကို လိုက်နာရတယ်။ ratify လုပ်ပြီးတယ်ဆိုရင် အဲဒီဟာနဲ့အညီ ပြည်တွင်းဥပဒေကို လိုက်ပြင်ရတာပေါ့ဗျာ။ ကျနော်တို့က အဲဒီအဆင့်တခုပဲ ကျန်တယ်လို့ အကြမ်းမျဉ်း နားလည်ထားတယ်။ ratify လုပ်ပြီးရင် ထပ်ပြီး ဖြည့်ဆည်းရမှာအတွက်ကို ကျနော်တို့ဆီမှာ အဖွဲ့အစည်းတွေ ဖွဲ့တာ၊ ဥပဒေ ပြုတာတွေအတွက်ကို သင်ကြားလေ့ကျင့်ပေးတဲ့ သူတွေ ရှိတယ်။ ဓာတုကော ဇီဝလက်နက်တွေနဲ့ပတ်သက်တဲ့ ratify လုပ်ပြီးရင် ဆက်ပြီးတော့ လုပ်ရမယ့် လုပ်ငန်းစဉ်တွေအတွက် အတက်ပညာ၊ နည်းပညာဆိုင်ရာ အကူအညီပေးဖို့တွေ ဆွေးနွေးနေတယ်။ ဥပမာ ပြည်ထောင်စု လွှတ်တော်မှာ အတည်မပြုရသေးဘူးဗျာ။ မပြုရသေးဘူး ဆိုရင်တောင်မှာ သူ့ရဲ့အနှစ်သာရကို လိုက်နာနေရပြီ။ အတည်ပြုပြီးရင်တော့ လိုအပ်တဲ့ ဥပဒေတို့ စစ်ဆေးရေးအဖွဲ့တို့ ဒါမျိုးတွေ သူ့အဆင့်တွေ ရှိတယ်။ အဲဒါတွေကို ဆက်ပြီးတော့ အကောင်အထည်ဖော်ရမယ်။ အခုအစိုးရသစ်လက်ထက်မှာ လုပ်နေရတာက အဲဒါတွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဘာတွေလုပ်ရမလဲ။ ကျနော်တို့မှာ ဘာတွေ လေ့ကျင့်ခန်းတွေ လုပ်ဖို့လိုလဲ ဆိုတဲ့ အဲဒါတွေကို ဟိုဘက်က အဖွဲ့အစည်းတွေနဲ့ သင်တန်းပေးဖို့တွေ နောက် ဥပဒေဆွဲမယ်ဆိုရင် ဥပဒေ ဆွဲတာကို အကူအညီပေးဖို့တွေ လုပ်နေတယ်။”

ဓာတုဗေဒလက်နက် တားဆီးရေးအဖွဲ့ (OPCW) ရဲ့ ပြောရေးဆိုခွင့်ရှိသူ Michael Luhan က မြန်မာနိုင်ငံက ဓာတုဗေဒ လက်နက် တားဆီးရေးစာချုပ်ကို လိုက်နာပါမယ်ဆိုတဲ့ ခံဝန်ချက်လက်မှတ် အမြန်ဆိုးထိုးဖို့ မြန်မာအစိုးရကို မကြာခဏ တောင်းဆိုထားတယ်လို့ ဒီဗွီဘီကို အီးမေးလ်နဲ့ ဖြေကြားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ဟာ ဓာတုဗေဒလက်နက် တားဆီးရေးအဖွဲ့ (OPCW) ရဲ့ နှစ်ပတ်လည်ညီလာခံကို နှစ်စဉ်လို တက်ရောက်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် အစောပိုင်းကလည်း OPCW ရဲ့ ကျွမ်းကျင်ပညာရှင်များအဖွဲ့ကို မြန်မာနိုင်ငံမှာ လက်ခံတွေ့ဆုံပြီး ဓာတုဗေဒလက်နက် တားဆီးရေးစာချုပ် ခံဝန်ချက် လက်မှတ်ထိုးမယ်ဆိုရင် လိုက်နာရမယ့် တာဝန်တွေနဲ့ အခွင့်အရေးတွေအကြောင်း လေ့လာခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ဓာတုဗေဒလက်နက် တားဆီးရေးစာချုပ်ကို လိုက်နာပါမယ်ဆိုတဲ့ ခံဝန်ချက် လက်မှတ်မထိုးသေးတာကြောင့် OPCW အနေနဲ့ မြန်မာနိုင်ငံမှာ ဓာတုဗေဒလက်နက် ရှိ မရှိ စုံစမ်းဖို့ အခွင့်အရေးမရှိပါဘူး။ ဓာတုလက်နက်စက်ရုံ သတင်းတွေနဲ့ ပတ်သက်လို့လည်း ကောက်ချက်ပေးလို့ မရပါဘူးလို့လည်း အီးမေးလ်က ပြောထားပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်တွေတုန်းက ယူနတီဂျာနယ်က ရေးသားခဲ့တဲ့ မကွေးတိုင်း ပေါက်မြို့နယ်မှာ ဓာတုလက်နက်စက်ရုံသတင်းကြောင့် သတင်းထောက်တွေကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲဆိုထားပါတယ်။

ဒီစက်ရုံနဲ့ ပတ်သက်လို့ ဒီဗွီဘီက ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ကို မေးမြန်းစဉ်မှာ ဒီစက်ရုံဟာ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်တဲ့စက်ရုံသာဖြစ်ပြီး ဓာတုလက်နက်စက်ရုံ မဟုတ်ကြောင်းငြင်းဆိုထားပြီး ဓာတုလက်နက်တားဆီးရေး ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးထားတယ်လို့ ဖြေဆိုခဲ့ပါတယ်။ ဒါပေမယ့် ဓာတုလက်နက်တားဆီးရေး သဘောတူစာချုပ်ကို မဖြစ်မနေလိုက်နာပါမယ်လို့ ကတိပြုတဲ့ စာချုပ်ကို လက်မှတ်ထိုးရခြင်း မရှိသေးတာကြောင့် ၀င်ရောက်စစ်ဆေးခွင့်တောင်းခံလာရင် ငြင်းပယ်ခွင့်ရှိနေပါတယ်။

ဓာတုဗေဒလက်နက် တားဆီးရေးစာချုပ်ကို လိုက်နာပါမယ်ဆိုတဲ့ ခံဝန်ချက် လက်မှတ်ထိုး လိုက်တဲ့ နိုင်ငံတိုင်းဟာ ကိုယ်နိုင်ငံမှာ ဓာတုဗေဒ လက်နက်ရှိနေမယ်ဆိုရင် လက်မှတ်ထိုးပြီး ရက်ပေါင်း ၆၀ အတွင်း ကနဦး တရားဝင် တင်ပြရမှာဖြစ်ပါတယ်။

ဒီထဲမှာပါတာကတော့ ဓာတုဗေဒလက်နက်နဲ့ ထုတ်လုပ်တဲ့ စက်ရုံတည်နေရာ၊ ဓာတုဗေဒ လက်နက် တားဆီးရေးစာချုပ်မှာ ဖော်ပြထားတဲ့ ဓာတုဗေဒပစ္စည်း ၄၃ မျိုး ထုတ်လုပ်တဲ့ စက်ရုံတည်နေရာ၊ ဓာတုဗေဒလက်နက်အဖြစ် အလွယ်တကူ အသွင်ကူးပြောင်းနိုင်တဲ့ တခြား ဓာတုဗေဒပစ္စည်း ထုတ်လုပ်ရာ စက်ရုံတည်နေရာတွေကို ဖော်ပြရမှာဖြစ်ပါတယ်။

ဓာတုဗေဒလက်နက် တားဆီးရေးစာချုပ်ကို မဖြစ်မနေလိုက်နာပါမယ်ဆိုတဲ့ စာချုပ်ကို နိုင်ငံပေါင်း ၁၉၀ နီးပါးက လက်မှတ်ထိုးထားကြပြီး လက်မှတ်မထိုးရသေးတာ မြန်မာ၊ အစ္စရေးနဲ့ မြောက်ကိုရီးယားအပါအ၀င် ခြောက်နိုင်ငံ ရှိပါတယ်။

DVB Burmese