လယ်ဧက နှစ်သောင်းကျော် ပြန်လည် လုပ်ကိုင်ခွင့်ပေးရန် တောင်သူ ၁၀၀ ကျော် ဆန္ဒထုတ်ဖော်

ပို့စ်တင်ချိန် - 2/10/2014 07:00:00 AM


တောင်ငူ၊ ဖေဖော်ဝါရီ ၈

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်တွင် ၁၉၉၀ ပြည့်နှစ်မှ စတင်ကာ တပ်မတော် တပ်ရင်းများ၊ ပြည်ထဲရေး ဝန်ကြီးဌာနအောက်ရှိ အဖွဲ့အစည်းများ အပါအဝင် ကုမ္ပဏီကြီးအချို့က သိမ်းယူခဲ့သည့် လယ်ယာမြေ ဧကနှစ်သောင်းကျော်ကို မူလလက်ငုတ် တောင်သူများ ပြန်လည် လုပ်ကိုင်ခွင့်ပေးရန် တောင်သူ ၁၀၀ ကျော်က ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက် ၁၀ နာရီက တောင်ငူမြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင် ပါဝင်ခဲ့သည့် လယ်သမားအရေး ဆောင်ရွက်သူ ဦးခင်ဇော်က ပြောကြားသည်။
“ကျွန်တော် အပါအဝင် ဒေသခံတောင်သူ အယောက် ၁၀၀ ကျော်နဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။ တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ တရားဝင် ဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားပြီးမှ ခွင့်ပြုချက်နဲ့အညီ ဆန္ဒဖော်ထုတ်ခဲ့တာပါ။ လိုချင်တာက တပ်မတော်က ပြန်လည် စွန့်လွှတ်ထားတဲ့ လယ်ယာမြေတွေကို အမြန်ဆုံးရရှိရေး အတွက်ပါ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းကဲ့သို့ ဆန္ဒဖော်ထုတ်ရာတွင် ကြွေးကြော်သံများ ပြုလုပ်ခြင်းမရှိဘဲ ‘သိမ်း ဆည်းခံ လယ်ယာမြေများ မူလတောင်သူကို အမြန်ဆုံး ပြန်ပေးရေးနှင့် ပုဒ်မ ၃၇ (ဃ) ဖျက်သိမ်းပေးရေး’ ဆိုသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်ကာ တောင်ငူမြို့ အမှတ် (၁၂)၊ ၅ လမ်း၊ မြို့နယ် NLD အဖွဲ့ရုံးရှေ့မှ ကုန်သည်ကြီးလမ်း၊ ဗိုလ်မှူး ဖိုးကွန်းလမ်းနှင့် ဦးမှန်းလမ်းတို့ကို ဖြတ်ကာစုရပ် ဖြစ်သည့် NLD မြို့နယ်ရုံးသို့ မွန်းလွဲ ၁၁ နာရီခန့်တွင် လူစုခွဲခဲ့ကြောင်း ဆန္ဒဖော်ထုတ်ပွဲတွင် လိုက်ပါခဲ့သူ ဒေသခံ တောင်သူများက ဆိုသည်။

တောင်ငူခရိုင် အတွင်းရှိ တောင်ငူ၊ ရေတာရှည်နှင့် ဖြူးမြို့နယ် တို့မှ ဒေသခံတောင်သူ ၁၀၀ ကျော်မှာ လွန်ခဲ့သည့် ၂၃ နှစ်ကပင် လယ်ယာမြေများကို အကြောင်းမဲ့ သိမ်းဆည်းခံခဲ့ရသည့်အပြင် အစိုးရသစ် တက်လာပြီးနောက်ပိုင်း ၎င်းတို့ လယ်ယာမြေများ ပြန်လည် လုပ်ကိုင်ခွင့် ရရှိနိုင်ရေးအတွက် ထွန်တုံးတိုက်ပွဲများ ဆင်နွှဲခဲ့သဖြင့် ဒေသခံတောင်သူ ၂၀၀ နီးပါးမှာ ပိုင်နက် ကျူးလွန်မှုဖြင့် တရားရင်ဆိုင်နေ ရကြောင်း ဖြူးမြို့နယ် ညောင်ပင်သာကျေးရွာမှ စက်မှုလယ်ယာဧက၂၀၀၀ စီမံကိန်းအတွက် လယ်မြေ ၁၃ ဧကခန့် သိမ်းဆည်းခံခဲ့ရပြီး တစ်နှစ်နီးပါးခန့် တရားရင်ဆိုင်နေရသူ ဦးတင်ငွေက ပြောကြားသည်။

တောင်ငူခရိုင်အတွင်း အကြောင်း အမျိုးမျိုးဖြင့် သိမ်းဆည်းခဲ့သော လယ်ယာမြေဧက ၃၀,၀၀၀ နီးပါးရှိရာ လယ်ယာမြေ စုံစမ်းလေ့လာ ဖော်ထုတ်ရေး ကော်မရှင်အဖွဲ့ အနေနှင့် အမှုအားလုံးကို စုံစမ်းလေ့လာကာ တင်ပြချက်များကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းပြီး ဖြစ်ကြောင်း၊ သို့သော် သက်ဆိုင်ရာက မြေယာများကို မူလတောင်သူများထံ ပြန်လည် လုပ်ကိုင်ခွင့် (သို့မဟုက်) မြေယာ နစ်နာကြေး ပြန်လည် ပေးအပ်မှု မတွေ့ရှိသေးကြောင်း ပဲခူးတိုင်းဒေသကြီး သိမ်းဆည်းခံ လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းလေ့လာ ဖော်ထုတ်ရေး ကော်မရှင် အဖွဲ့ဝင် ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ထွန်းက သုံးသပ်ပြောကြားသည်။

သိမ်းဆည်းခံရသည် လယ်ယာမြေ အားလုံးနီးပါးမှာ ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်း တည်ဆောက်ရေး စီမံကိန်းအတွက် တောင်ငူခရိုင် ခြောက်မြို့နယ်မှ လယ်မြေများ ဖြစ်သည်ဟု ၎င်းကဆိုသည်။

တပ်မတော်က သိမ်းဆည်းခဲ့သော လယ်ယာမြေများအနက် လယ်မြေ ၁၅၄,၈၉၂ ဒသမ ၁၀၂ ဧကကို ပြန်လည် စွန့်လွှတ်၍ တောင်သူများထံ ပေးအပ်မည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နှင့် နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန် ကြေညာထားသည်။

တောင်သူလယ်သမာများထံမှ လယ်ဧကများစွာ သိမ်းယူကာ ဖောက်လုပ်ခဲ့သည့် ရန်ကုန်- နေပြည်တော်-မန္တလေး အမြန်လမ်း စီမံကိန်းမှာ ယင်းလမ်းမကြီး ဖြတ်သန်းရာ ဒေသများရှိ ဒေသခံများအတွက် အကျိုးဖြစ်ထွန်းမှု မရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ဝန်ခံပြောကြားခဲ့သည်။
The Voice Weekly