i pay ကတ်ဖြင့် မြို့ပတ်ရထားစီးနိုင်ရန် စီစဉ်နေ

ပို့စ်တင်ချိန် - 2/10/2014 12:25:00 PM


===============
ရန်ကုန် ဖေဖော်ဝါရီ ၉

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ပြောင်းလဲဆန်းသစ်သည့် နည်းပညာ အထောက်အကူပစ္စည်းများဖြင့် ဖြည့်ဆည်းဆောင်ရွက်နေချိန်ဖြစ်သည်။ ကောင်းမွန်သော ပြောင်းလဲဖြည့်ဆည်းမှုများကိုလက်ခံရမည်ဖြစ်ရာ ပြည်သူများအတွက် ရထားစီးပြီး ခရီးသွားရာတွင် i pay ကတ်ကို အသုံးပြုနိုင်ရေး အစီအစဉ်တင်ပြ ထားပြီဖြစ်သည်။

မြန်မာ့မီးရထားမှ ပြေးဆွဲလျက်ရှိသည့် ရထားခရီးစဉ်များ၊ မြို့ပတ်ရထား ခရီးစဉ်များတွင် နေ့စဉ်ပြေးဆွဲနေသည့် ရထားများကို i pay ကတ်ဖြင့် စီးနိုင်ရန်အတွက် ပြောင်းလဲနိုင်ရေးကို တင်ပြထားပြီဖြစ်ရာ ခွင့်ပြုပါက ခရီးသည်များ၊ ပုံမှန်စီးနေသော ကျောင်းသား ကျောင်းသူများ၊ ရုံးဝန်ထမ်းများ၊ အလုပ်သမားများ အတွက် အဆင်ပြေမှုဖြစ်ပေါ်လာမည်ဖြစ်သည်။

i pay ကတ်ဖြင့် ရထားစီးနင်းရာတွင် ပထမဦးစွာ မြို့ပတ်ရထားခရီးစဉ်များ ၌ စတင်ကျင့်သုံးရန် စီစဉ် ထားသည်။ နေ့စဉ် အသွားအပြန် ရထားကိုအားကိုး အားထားစီးနေရသူများအဖို့ ငွေကြေးကိုင်ဆောင်ရမှု၊ ရထားလက်မှတ်ဝယ်ယူ ရမှုတို့မှ ကင်းဝေးစေမည်ဖြစ်သည်။ အချိန်ကုန်သက်သာပြီး ကရိကထ မများ ဘဲ ရထားကို တိုက်ရိုက်စီးနိုင်မည်ဖြစ်သည်။ i pay ကတ်ကိုအသုံးပြုကာ ဘတ်စ်ကားများစီးနိုင်မှုစနစ်ကို ၂၀၁၂ ခုနှစ် ဧပြီလကစတင်ခဲ့ရာ လက်တွေ့၌ i pay ကတ်ဖြင့် စီးနင်း လိုက်ပါသူ နည်းပါးနေ ဆဲဖြစ်သည်။

ရန်ကုန်-ဒလကူးတို့ယာဉ်ပြေးဆွဲမှု ခရီးစဉ်တွင် i pay ကတ်ကို အသုံးပြုခွင့် ပေးခဲ့ရာအများစုမှာ ငွေစက္ကူများကိုအသုံးပြု၍သာ ခရီးစဉ်အလိုက် လိုက်ပါ စီးနင်းနေကြဆဲဖြစ်သည်။ အချို့စား သောက်ဆိုင် များတွင် i pay ကတ် အသုံးပြုခွင့်ရှိသကဲ့သို့ ရန်ကုန်မြို့ ဒဂုံတက္ကသိုလ် စားသောက်ဆိုင်အချို့တွင်လည်း ပြီးခဲ့သည့်နှစ် i pay အသုံးပြုလျက်ရှိနေပြီဖြစ်သည်။ i pay ကတ်ဖြင့် အသုံးပြုသူ သည် လောလောဆယ်တွင် စုစုပေါင်း ၅၀၀၀ ခန့်သာရှိနေရာ ဘတ်စ်ကားစီးရာတွင် အသုံးပြုသူ နည်းပါးနေဆဲဖြစ်သည်။ ယခုအခါ မြို့ပတ်ရထားများတွင်လည်း i pay ကတ်အသုံးပြုနိုင်မည် ဆိုပါက ရထားစီးခရီးသည်များအတွက် နေ့စဉ်ရထားစီးနင်းရာတွင် လွယ်ကူ လျင်မြန်စေမည်ဖြစ်သည်။

MOI Webportal Myanmar