လယ်သိမ်းသူကို ရုပ်/သံဗီဒီယိုဖိုင်နဲ့တိုင်လို့ တရားစွဲခံရ

ပို့စ်တင်ချိန် - 2/10/2014 04:34:00 PM


ဖေဖော်ဝါရီလ ၉ ရက် (လပွတ္တာ)

ဧရာဝတီတိုင်း ဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ဂုံညှင်းတန်း ကျေးရွာအုပ်စုက လယ်သမားတွေဟာ သူတို့လယ်တွေကို ဦးသန်းအေးဆိုသူက အတင်းအဓမ္မ ၀င်ရောက်ထွန်ယက်ပြီး လုယူသွားတဲ့ကိစ္စကို အာဏာပိုင်တွေ သိစေလိုတဲ့အတွက် ရုပ်/သံဗီဒီယိုရိုက်ကူးပြီး တိုင်ကြားခဲ့ရာမှာ တရားစွဲဆိုခံနေရကြောင်း သိရပါတယ်။

ဂုံညှင်းတန်း ကျေးရွာအုပ်စု လိပ်သစ်ကျေးရွာက လယ်သမားတွေရဲ့လယ်တွေကို လိပ်သစ်ကျေးရွာနေ ဦးသန်းအေးက အကြွေးနဲ့သိမ်းယူပြီး လူအင်အားနဲ့ အဓမ္မ၀င်ရောက်စိုက်ပျိုးတဲ့ ကိစ္စတွေကို ရုပ်/သံ ဗီဒီယိုရိုက်ကူးပြီး ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းက ဧရာဝတီတိုင်း ၀န်ကြီးချု့ပ်အပါအ၀င် တိုင်းအဆင့်
ဌာနဆိုင်ရာများ၊ လပွတ္တာခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာန စသဖြင့် ဌာနပေါင်း (၂၆) ခု ထံ ပေးပို့တိုင်ကြားခဲ့ကြောင်း သိရပါတယ်။

အဲ့လိုတိုင်ကြားတဲ့အတွက် ဦးသန်းအေးက လပွတ္တာမြို့နယ်တရားရုံးမှာ တရားလိုပြုလုပ်ပြီး အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ လယ်သမား ၁၄ ဦးကို ၂၀၁၃ ခုနှစ် မေလကနေ စတင်တရားစွဲဆို ခဲ့တဲ့အတွက် တိုင်ကြားသူလယ်သမားတွေ အမှုရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

“ကျနော်တို့ကို တရားစွဲတာက ၂၀၁၃ ခုနှစ် မေလကပါ။ ကျနော်တို့က လယ်တွေ မတရား အကြွေးနဲ့ အသိမ်းခံရတာကို အထက်ကလူကြီးတွေ သိရှိပြီး ဖြေရှင်းပေးနိုင်အောင် တင်ပြကြတာပါ။ ဦးသန်းအေးကို အသရေဖျက်တာ မဟုတ်ပါဘူး။ ဗီဒီယိုဖိုင်မှာပြောထားတာတွေအကုန်လုံး အမှန်တွေ ချည်းပါပဲ။ အခုက တိုင်ကြားတဲ့ဟာကို အထက်လူကြီးတွေက ဘာမှဖြေရှင်းပေးတာ မခံစားရဘဲ တိုင်ကြားလို့ တရားစွဲတာပဲ ခံလိုက်ရတယ်”ဟု တရားစွဲဆိုခံနေရသည့် လိပ်သစ်ကျေးရွာမှ ဦးအောင်ဆွေက Myanmar News Now ကို ပြောပါတယ်။

တရားစွဲခံနေရသူတွေကတော့ လိပ်သစ်ကျေးရွာမှ ဦးခင်ဇော်၊  ဦးအောင်ဆွေ၊ ဦးဖိုးစိန်ကြီး၊ ဦးစိန်ကုလား၊ မမိုးမိုး၊ မတင်တင်စိန်အပါအ၀င် ၁၄ ဦးဖြစ်ပြီး အဲဒီထဲက ၁၃ ဦးက ဦးသန်းအေးရဲ့ လယ်သိမ်းတာခံထားရတဲ့ လယ်သမားတွေ ဖြစ်ပါတယ်။

“ကျနော်တို့မိသားစုမှာ လယ် ၁၈ ဧက ရှိတယ်။ ကျနော့်ညီ နေထွန်းက ဦးသန်းအေးဆီမှာ လူငှားလုပ်ရင်းနဲ့ အကြွေးတင်တယ်။ အဲဒါ ကျနော့် အဖေဆီလာတောင်းတော့ အကြွေးအတွက်ဆိုပြီး အဖေက ဦးသန်းအေးကို လယ် ၆ ဧက ထိုးပေးလိုက်တယ်။ ၂၀၁၂ ခုနှစ်မှာ အဖေဆုံးသွားရော ဦးသန်းအေးက ဒီလယ်တွေအကုန်လုံး သူ့ကိုရောင်းထား ပါတယ်ဆိုပြီး အတင်းဝင်လုပြီး ၀င်ထွန်တာ။ အဲဒီလယ်တွေကို ရောင်းခဲ့တာ လုံးဝမရှိပါဘူး။ ဒီကနေ့အထိလည်း ကျနော်တို့ မြေခွန်ပြေစာ ထမ်းဆောင်နေပါတယ်။ ဒီလို မတရားလုပ်ခံရလို့ တိုင်တာကို ကျနော်တို့ကို တရားစွဲတာ”လို့ တရားစွဲခံနေရတဲ့ ဦးဖိုးစိန်ကြီးက ပြောပါတယ်။

တရားစွဲခံထားရသူတွေထဲမှာ လိပ်သစ်ကျေးရွာက မမိုးမိုးနဲ့ မတင်တင်စိန်တို့ ညီအစ်မ ၂ ဦးဟာ ဗီဒီယို ရုပ်သံဖိုင်နဲ့ တိုင်ကြားသူတွေထဲမှာ မပါဝင်ပေမယ့် ဦးသန်းအေးရဲ့ တရားစွဲဆိုတာ ခံနေရပါတယ်။

“ကျမတို့ ညီအစ်မ ၂ ယောက်က ဦးသန်းအေးကိုတိုင်တဲ့ ရုပ်/သံဗီဒီယိုထဲမှာ လုံးဝမပါပါဘူး။ အဲဒါကို ကျမတို့ညီအစ်မကိုလည်း မဆီမဆိုင် ထည့်ပြီး တရားစွဲထားတယ်။ ကျမတို့မှာ ငတ်တလှည့် ပြတ်တလှည့်နဲ့ တရားရင်ဆိုင်နေရတာ အရမ်းဒုက္ခရောက်နေပါတယ်။ ကူညီနိုင်သူတွေ ကူညီပေးကြပါဦး”လို့ မမိုးမိုးက ပြောပါတယ်။

လက်ရှိမှာ ဒီအမှုကို လပွတ္တာမြို့နယ်တရားရုံးက လက်ခံစစ်ဆေးပေးနေပြီး ဒီလ ဇန်န၀ါရီ ၁၁ ရက်နေ့ကို ရုံးချိန်း သတ်မှတ်ပေးထားပါတယ်။

“ကျနော်တို့က လယ်သိမ်းခံရတဲ့ ကိစ္စတွေကို ဂုံညှင်းတန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထိန်လင်းအောင်ဆီကို တင်ပြတယ်။ ဒီမှာသူက ဘာပြောလဲဆိုတော့ မင်းတို့ ရုပ်/သံ ဗီဒီယို ရိုက်ပြီး လူကြီးတွေဆီ တိုင်ကြ။ အဲဒါဆို ပိုထိရောက်တယ်လို့ပြောတယ်။ အခုကျတော့ ဒါတွေ သူမသိပါဘူး။ သူဘာမှ အကြံဥာဏ်မပေးခဲ့ပါဘူးလို့ ဗြောင်လိမ်နေတယ်။ ကျနော်တို့က တောသားတွေ။ ဒီလို ဗီဒီယိုဖိုင်နဲ့ တိုင်တာတွေဘာတွေ သိတာမဟုတ်ဘူး။ အုပ်ချုပ်ရေးမှူး အကြံပေးတဲ့အတိုင်း လုပ်ခဲ့ကြတာ”
“နောက်ပြီးတော့ ကျနော်တို့တိုင်တဲ့ ဗီဒီယိုခွေကို ဦးသန်းအေးက လပွတ္တာမြို့ကိုသွားရင်း လမ်းမှာကောက်ရလာတယ်လို့ ပြောတယ်။ သူကောက်ရလာတဲ့အခွေကို ဖွင့်ကြည့်တော့ သူ့ကိုတိုင်တဲ့အခွေဖြစ်တဲ့အတွက် တရားရုံးကို ဦးတိုက်လျှောက်ပြီး တရားစွဲတာလို့ ပြောတယ်။ ဒါက လမ်းမှာကောက်ရတယ်ဆိုတာ မဖြစ်နိုင်ဘူး။ ကျနော်တို့က ဌာနဆိုင်ရာတွေကို ပေးတာ။ လမ်းမှာ ချကြဲခဲ့တာမဟုတ်ဘူး။ ကျနော်တို့ ပေးပို့တဲ့ ဌာနဆိုင်ရာတခုခုက ဦးသန်းအေးကို ပေးလိုက်တာလို့ပဲ ကျနော်ထင်တယ်”လို့ တရားစွဲခံနေရတဲ့ လယ်သမားတဦးက ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ လယ်ယာမြေကိစ္စတွေကို အကြောင်းပြုပြီး လယ်သမား ၅၀၀ ကျော် တရားစွဲခံခဲ့ရပြီး ၂၅၀ ကျော် ထောင်ဒဏ်တွေ ချမှတ်ခံထားရကြောင်း လယ်သမားအရေး လှုပ်ရှားတဲ့ လူမှုကွန်ရက်အဖွဲ့တွေထံက သိရပါတယ်။

thithtoolwin