မင်းခေါင်ကျေးရွာ မီးလောင်မှုတွင် သမီးငယ်ကို ကယ်ထုတ်ရန် ကြိုးစားသည့် မိခင် သေဆုံး

ပို့စ်တင်ချိန် - 2/10/2014 08:28:00 PM

မီးလောင်ပြင်ကိုကြည့်ရှုနေသော မိခင်ဆုံးရှုံးခဲ့သည့် ကလေးငယ်နှင့် ရွာခံအချို့ ဓာတ်ပုံ - မျိုးမင်းဦး

မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ မင်းခေါင်ကျေးရွာတွင် ဖေဖော်ဝါရီ ၉ ရက် နံနက် ၅ နာရီခန့်က ထမင်းဟင်းချက်ပြုတ်ရာမှ မီးလောင်ရာ နေအိမ်အပေါ်ထပ်တွင် (၇)နှစ်အရွယ် သမီးငယ် ရှိသည်အထင်ဖြင့် ကယ်ရန်ကြိုးစားခဲ့သည့် မိခင်တစ်ဦးသေဆုံးခဲ့သည်။

““မီးစလောင်တာ နံနက် ၄ နာရီ ၅၅ မိနစ်ပါ။ မီးလောင်မှုကြောင့် နေအိမ်လေးလုံး မီးလောင်ဆုံးရှုံးပြီး မိသားစု သုံးစု၊ ၁၆ ဦး အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ပါတယ်။ မီးလောင်နေတုန်း အသက်(၃၈)နှစ်အရွယ် အမျိုးသမီးက နေအိမ်အပေါ်ထပ်မှာ အဒေါ်တွေနဲ့အိပ်တဲ့ သမီးလေးရှိတယ်ဆိုပြီး ကယ်ဆယ်ဖို့သွားရင်း မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။ ကျန်တဲ့သူတွေကတော့ ထိခိုက်ဒဏ်ရာရရှိတာမရှိပါဘူး။ မီးဘေးဒုက္ခရောက်နေသူတွေကို မင်းခေါင်ကျေးရွာထဲက ဆွေမျိုးသားချင်းနေအိမ်တွေမှာ စောင့်ရှောက်ထားပါတယ်””ဟု မင်းခေါင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။

ထမင်းအိုးတည်ရာမှတစ်ဆင့် ကူးစက်လောင်ကျွမ်းခြင်းဖြစ်ပြီး ကပ်မိုးကပ်ကာ ပျဉ်ခင်း နှစ်ထပ်အိမ်တစ်လုံး၊ ကပ်မိုးထရံကာ မြေစိုက်အိမ်တစ်လုံး၊ မီးဖိုဆောင်နှင့်ကပ်လျက် နွားစာတဲတစ်လုံး မီးလောင်ဆုံးရှုံးသည်။ မိခင်သေဆုံးခဲ့သော်လည်း ကလေးငယ်မှာ အိမ်အပြင်သို့ ရောက်နေ၍ ဘာမှမဖြစ်ခဲ့ပေ။

မီးလောင်ရာသို့ ချောင်းဦးမြို့နယ် မီးသတ်ဌာနမှ မီးသတ်ကားနှစ်စီး၊ ခင်မွန်ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ မီးသတ်ကားတစ်စီး၊ သန္ဓေမီးသတ်ရှစ်ဦး၊ အရန်မီး သတ် ၅၀ ဦး နှင့် ဒေသခံများ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့သည်။

Author:  မျိုးမင်းဦး
7day Daily