ဒဂုံဆိပ်ကမ်းတွင် ရဲတပ်ဖွဲ့နှင့် တောင်သူများ ပဋိပက္ခဖြစ်

ပို့စ်တင်ချိန် - 2/10/2014 08:29:00 PM


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် (၉၃) ရပ်ကွက်ရှိ လယ်မြေများပေါ်တွင် ပုဂ္ဂလိက စီးပွားရေး ကုမ္ပဏီ ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် လူ ၁၅၀ ခန့်က ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ခြံစည်းရိုး လာရောက်ခတ်ရာမှ လယ်ပိုင်ရှင် မိသားစုနှင့် နှစ်ဖက် ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း မျက်မြင် ကြုံတွေ့သူများထံမှ စုံစမ်းသိရှိရသည်။

မြို့နယ်ရဲတပ်ဖွဲ့မှူး၊ အထွေထွေ အုပ်ချုပ်ရေးမှူးတို့ အပါအဝင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၅၀ ကျော်နှင့် ကောင်းမြန်မာအောင် ကုမ္ပဏီမှ ဝန်ထမ်း ၁၀၀ ခန့်သည် ကွင်းအမှတ် ၄၄၂ (တာပသွန်ကွင်း) ကို ခြံစည်းရိုးတိုင်များ လာရောက် ခတ်နေစဉ် လယ်ပိုင်ရှင် ဦးချစ်လှိုင်က လာရောက် ဟန့်တားခဲ့ရာ အရပ်ဝတ် ဝန်ထမ်းများက ကိုယ်ထိလက်ရောက် ပြန်လည် တိုက်ခိုက်ခဲ့ခြင်းကြောင့် ပိုင်ရှင်၏ မိသားစုနှင့် လယ်နီးချင်းများ ထပ်မံလာရောက် ဟန့်တားရာ နှစ်ဖက် ရုန်းရင်းဆန်ခတ် ဖြစ်ပွား ခဲ့ကြောင်း တောင်သူများက ပြောကြားသည်။

“ကားခြောက်စီးနဲ့ ရောက်လာပြီး ခြံတိုင်တွေ စိုက်ဖို့လုပ်တာ။ မင်းတို့နားကို ဘယ်သူမှ မကပ်စေနဲ့၊ ကပ်လာရင် ရိုက်လို့ သုံးပွင့်နဲ့ ရဲမှူးက ရဲတပ်သားတွေကို အမိန့်ပေးတယ်။ သွားတားတဲ့ လယ်ပိုင်ရှင်ကို လည်ပင်းညှစ်တယ်။ ဒါကို သမီးဖြစ်သူက မြင်တော့ မခံနိုင်လို့ သွားဆွဲတယ်။ သူ့ကိုလည်း အုတ်ခဲနဲ့ ခေါင်းကို ရိုက်လိုက်တယ်” ဟု မျက်မြင် တစ်ဦးဖြစ်သူ ဦးတိုက်စံက ပြောကြားသည်။

ယင်းနောက် အနီးအနားလယ်များမှ လယ်သမား ၄၀ ခန့် ထပ်မံရောက်ရှိ လာခြင်းကြောင့် ခြံစည်းရိုး ခတ်ခြင်းကို ဆက်လက် မပြုလုပ်တော့ဘဲ နံနက် ၉ နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင်နှင့် ကုမ္ပဏီ ဝန်ထမ်းများ ပြန်သွားခဲ့ကြောင်း၊ ပဋိပက္ခကြောင့် လယ်သမားငါးဦး ဒဏ်ရာရရှိခဲ့ပြီး သမီးဖြစ်သူ မအေးအေးခိုင်မှာ သင်္ဃန်းကျွန်း စံပြဆေးရုံကြီး အထူးကြပ်မတ်ဆောင်တွင် ဆေးကုသ ခံနေရကြောင်း ၎င်းက ပြောကြားသည်။

ယခုအခင်းဖြစ်သည့် လယ်မြေ အပါအဝင် လယ်မြေ ၅၂ ဧကကို ကောင်းမြန်မာအောင် ကုမ္ပဏီသို့ အစိုးရ ဝန်ကြီးတစ်ဦးက နှစ် ၆၀ အငှားချထားပေးခဲ့ကြောင်း ကုမ္ပဏီ တာဝန်ရှိသူများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ၂၀၁၃ ခုနှစ် မေလအတွင်းက လာရောက် ပြောကြားခဲ့ပြီး လယ်သမားများကို လယ်မြေအတွင်းမှ ဖယ်ရှား ခိုင်းခဲ့သော်လည်း ဖယ်ရှားပေးခြင်း မရှိသဖြင့် လယ်ပိုင်ရှင် ဦးချစ်လှိုင် အပါအဝင် လယ်သမား ၁၅ ဦးကို တရားစွဲဆိုထားပြီး အမှုမှာ ပြီးပြတ်ခြင်း မရှိသေးကြောင်း လယ်သမားများက ပြောဆိုသည်။
“ပြီးခဲ့တဲ့ တစ်လလောက်ကလည်း ပထမအကြိမ် ခြံလာခတ်သေးတယ်၊ ကျွန်မတို့က အမှုဆုံးဖြတ် ချက်ချပြီးမှ သူတို့လုပ်ငန်းတွေ ဆက်လုပ်ဖို့ ပြောတော့ အသာတကြည်ပဲ ပြန်သွားတယ်။ မနက်ဖြန်မှာလည်း ရုံးချိန်းရှိတယ်” ဟု လယ်ပိုင်ရှင် တစ်ဦးဖြစ်သူ မဇာနည်မော်က ပြောကြားသည်။

အဆိုပါ လယ်မြေများမှာ ဘိုးဘွားများ လက်ထက်ကတည်းက အဆင့်ဆင့် လွှဲပြောင်း လုပ်ကိုင်ခဲ့သည့် လယ်မြေများ ဖြစ်ကြောင်း၊ ၁၉၉၄ ခုနှစ်တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက သိမ်းယူခဲ့သော်လည်း ၂ နှစ်ခန့် အကြာတွင် မူရင်း လယ်သမားများထံသို့ ပြန်လည် လုပ်ပိုင်ခွင့် ပေးအပ်ခဲ့သဖြင့် လယ်လုပ်ကိုင်ခဲ့သည်မှာ ယခုအချိန်အထိ ဖြစ်ကြောင်း၊ ပိုင်ဆိုင်ကြောင်း အထောက်အထားများ ရှိကြောင်း တောင်သူတစ်ဦးက ထပ်မံရှင်းလင်း ပြောဆိုသည်။

နှစ်ဖက် ပဋိပက္ခ ဖြစ်ပွားမှုနှင့် ပတ်သက်၍ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက် မေးမြန်းမှသာ ပြန်လည် ဖြေဆိုနိုင်မည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က
The Voice ၏ ဆက်သွယ် မေးမြန်းချက်ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြန်လည် ဖြေဆိုသည်။

အဆိုပါ ရိုက်နှက်ခံရမှု ဖြစ်စဉ်အတွက် အမှုဖွင့် တိုင်ကြားသွားမည်ဟု လယ်သမားများက ပြောဆိုသော်လည်း အခင်းဖြစ်ပွားသည့်နေ့ ညနေ ၅ နာရီအထိ လာရောက် တိုင်ကြားခြင်း မရှိသေးကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ရဲစခန်းထံမှ သိရသည်။

The Voice Weekly


တောင်သူလယ်သမား