ရွှေပေါက်ကံ ၁၂ ရပ်ကွက်ရှိ အိမ် ၃၀၀ ကျူးဟု သတ်မှတ်ဖျက်ဆီး

ပို့စ်တင်ချိန် - 2/10/2014 12:10:00 AM


ရွှေပေါက်ကံ ၁၂ ရပ်ကွက်ရှိ လူနေအိမ်များကို စည်ပင်က ဖျက်ဆီးနေစဉ် ဓာတ်ပုံ - စန်းထွေး

  ရန်ကုန်တိုင်း၊ ရွှေပေါက်ကံမြို့သစ် ၁၂ ရပ်ကွက်၊ ပင်းယလမ်းရှိ အိမ်ခြေသုံးရာကျော်ကို ကျူးများဟုဆိုကာ မြို့နယ်စည်ပင်သာယာက ဖေဖော်ဝါရီ ၈ ရက် နံနက်က ၀င်ရောက်ဖျက်ဆီးခဲ့သည်။

အဆိုပါရပ်ကွက်အတွင်းရှိ မြေကွက်များကို ပွဲစားများထံမှတစ်ဆင့် ၀ယ်ယူကာ နေထိုင်မှုများရှိနေကြောင်း အချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ ငှားရမ်းနေထိုင်လာရင်း ယခုကဲ့သို့ အဖျက်ခံလိုက်ရသည်ဟုဆိုကြသည်။

ငှားရမ်းနေထိုင်ကြရာတွင် မြေနေရာများကို သုံးသောင်း၊ ခုနစ်သောင်း၊ တစ်သိန်း၊ တစ်သိန်းခွဲအထိ ပေးဆောင်၍ နေထိုင်လာကြခြင်းဖြစ်ကြောင်း ယခုတစ်ပတ်အတွင်း ပြောင်းရွှေ့ရမည့်သူများအတွင်း ပါဝင်သည့် ဦးအုန်းရွှေက ပြောသည်။

ဖေဖော်ဝါရီ ၈ ရက်က အဆိုပါရပ်ကွက်အတွင်းရှိ ကျူးကျော်အိမ်များ ဖျက်ဆီးရာတွင် လူနေထိုင်မှုရှိသော အချို့အိမ်များ တစ်ပတ်အတွင်း ဖျက်သိမ်းပေးရန် ညွှန်ကြားသွားခဲ့ကြောင်း သိရသည်။

““ကျူးကျော်အိမ်တွေဆိုပြီး လာဖျက်တယ်။ လူရှိတဲ့အိမ်တွေဆို မဖျက်ဘူး။ တချို့လည်း လူရှိတာတောင်ဖျက်သွားတာပါ။ ပါးစပ်နဲ့ လိုက်ပြောထားတာတော့ရှိပါတယ်။ နို့တစ်စာကပ်ပြီး ဘယ်ရက်အတွင်း ပြောင်းရမယ်လို့ဆိုတာမျိုးလည်း မလုပ်ဘူးဗျ။ အိမ်ဆောက်ဖို့ ပစ္စည်းတွေတောင် ၀ယ်လာတာ ပြန်ရောက်တော့ အိမ်တွေကို လာဖျက်နေကြပြီ””ဟု ၂ နှစ်ကျော်ကြာ ငှားရမ်းနေထိုင်သူတစ်ဦးဖြစ်သော ဦးမင်းကျော်သူကပြောသည်။

ယင်းသို့ ကျူးကျော်အိမ်များ လာရောက်ဖျက်ဆီးရခြင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ တောင်းဆိုချက်အရဖြစ်ပြီး ရပ်ကွက်အတွင်း ကျူးကျော်နေထိုင်သူ များပြားလာခြင်းကြောင့် လာရောက်ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း စည်ပင်ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါကျူးကျော်အိမ်များ ဖျက်ဆီးမှုကို ၁၂ ရပ်ကွက် အုပ်ချုပ်ရေးတာဝန်ခံခွဲရုံးသို့ သွားရောက်မေးမြန်းခဲ့ရာ ““ဒီကိစ္စကို ကျွန်တော်တို့ မပြောနိုင်ပါဘူး။ အုပ်ချုပ်ရေးမှူးကပဲ ပြောနိုင်မှာပါ””ဟုသာ ရုံးတွင်ရှိနေသူတစ်ဦးက ပြန်လည်ဖြေကြားပေးခဲ့သည်။

Author:  သူရကျော်
7day Daily