ဧရာဝတီမြစ် တစ်လျှောက် ဆေးကုပေးမည့် ဒုတိယမြောက် ဆေးကုသင်္ဘော ဂျာမနီ လှူဒါန်းမည်

ပို့စ်တင်ချိန် - 2/10/2014 12:28:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ဧရာဝတီမြစ်အတွင်း လှည့်လည်၍ ဆေးကုသရန် ဂျာမနီအစိုးရက ဒုတိယမြောက် ဂျာမနီ ဆေးကုသင်္ဘော (Swimming Doctors 2) ကိုလှူဒါန်းမည် ဖြစ်ပြီး ယင်းအခမ်းအနားကို ဂျာမနီ ပြည်ထောင်စုသမ္မတနိုင်ငံ သမ္မတကတော်ဖြစ်သူ Ms.Daniela Schadt တက်ရောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးမှ ပြောရေး ဆိုခွင့်ရှိသူ Ms. Alexandra Bautz က The Voice သို့ပြောကြားသည်။

ဧရာဝတီမြစ်ကြာ တစ်လျှောက် တည်ရှိနေသည့် ကျေးလက်ဒေသ များရှိ ပြည်သူများကို ဆေးကုသပေးရန်နှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးရန်အတွက် အဆိုပါ ဆေးကုသင်္ဘောကို ဂျာမနီ အစိုးရက လှူဒါန်းခြင်း ဖြစ်ပြီး၊ သင်္ဘော မိတ်ဆက်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“ဆေးကုစရိတ်က တစ်ယောက်ကို မြန်မာငွေတစ်ထောင်ရှိရင် ရပါပြီ၊ ဆေးကုသမှုတွေအပြင် ဆေးဝါးတွေပါ အထောက်အပံ့ ပေးပါတယ်” ဟု ၎င်းကဆိုသည်။

ယခု အသစ်မိတ်ဆက်မည့် ဂျာမနီ ဆေးကုသင်္ဘောသည် ဒုတိယမြောက် သင်္ဘောဖြစ်ပြီး၊ ပထမဦးဆုံး ဆေးကုသင်္ဘော (Swimming Doctor 1) ကို ၂၀၁၀ ပြည့်နှစ်ကပင် စတင်မိတ်ဆက်၍ ဧရာဝတီ မြစ်အတွင်း လှည့်လည်၍ ဆေးကုသမှုများ ပြုလုပ်ပေးလျက်ရှိသည်။

ယင်းသင်္ဘောသည် ဆေးကုသမည့် ခရီးစဉ်တစ်ခု (တစ်လ) လျှင် ဧရာဝတီ မြစ်ကြောင်းအတွင်း သုံးပတ်ကြာ နေထိုင်ပြီး သင်္ဘောလုပ်သားများနှင့် ဆရာဝန်များ အနားယူရန်အတွက် ရန်ကုန်ဆိပ်ကမ်းတွင် တစ်ပတ်ကြာ ကမ်းကပ်၍ အနားယူလေ့ ရှိကြောင်း Ms. Alexandra Bautz က ဆိုသည်။

ယင်းသို့ ဧရာဝတီ မြစ်ကြောင်းအတွင်း လှည့်လည် ဆေးကုရခြင်းမှာ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို မှီခိုနေထိုင် နေရသည့် ဒေသခံ ပြည်သူ နှစ်သန်းရှိပြီး၊ ယင်းပြည်သူများအတွက် ကျန်းမာရေး ဝန်ဆောင်မှုနှင့် ဆေးဝါးဆိုင်ရာ အကူအညီ ပေးမှုများသည် မရှိသလောက် ဖြစ်နေသောကြောင့် ဒေသတွင်းရှိ အမျိုးသမီးများနှင့် ကလေးငယ်များကို အဓိက ကုသမှုပေးရန် ဂျာမနီ အစိုးရက ကူညီပေးခြင်း ဖြစ်ကြောင်း အဆိုပါ သင်္ဘောတည်ဆောက်ရေး စီမံကိန်း အရာရှိ Patrick Meyer က ပြောကြားသည်။

ဂျာမနီသမ္မတ၏ ဇနီးဖြစ်သူ Ms. Daniela Schadt သည် မြန်မာနိုင်ငံ သို့ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ပြီး၊ ၎င်း၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ သတင်းစာ ဆရာများနှင့် တွေ့ဆုံ ဆွေးနွေးမှုတစ်ရပ် ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းသံရုံးက ထုတ်ပြန်ထားသည်။
The Voice Weekly