လှည်းကူးဈေးအတွင်း ပဋိပက္ခဖြစ်ပွားမှု ထိန်းသိမ်းနိုင်၍ ဈေးရောင်းဈေးဝယ်တို့ဖြင့် ပုံမှန်အတိုင်း စည်ကားလျက်ရှိ

ပို့စ်တင်ချိန် - 4/06/2014 11:45:00 AM


ရန်ကုန် ဧပြီ ၅

ရန်ကုန်-မန္တလေး လမ်းမကြီးကို မျက်နှာမူထားသော လှည်းကူးမြို့၏ မြို့မဈေးအတွင်း ခိုက်ရန်ဖြစ်ပွားမှုမှ ပဋိပက္ခအသွင်သို့ ဖြစ်ပေါ်ခဲ့ သော်လည်း ယနေ့ နံနက်တွင် ပုံမှန်အတိုင်း အေးချမ်းစွာဖြင့် ဈေးဝယ်ဈေးသည်တို့ဖြင့် စည်ကားသွားလာလျက်ရှိကြောင်း သိရသည်။

ပဋိပက္ခဖြစ်ပွားစဉ်က မြို့နယ်မှ တာဝန်ရှိသူများ အချိန်မီရောက်ရှိ၍ မုန့်ဆိုင်အတွင်း ဝင်ရောက်သွားသော ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးထိန်းသိမ်းရန် ဆောင်ရွက်နေစဉ် အနီးဝန်းကျင်ရှိ ပြည်သူများက အော်ဟစ်ပြောဆိုလျက် မြို့ခံ မဟုတ်သော လူအချို့ရောက်ရှိလာပြီး စုဝေးမိကာ အဆိုပါမုန့်ဆိုင်ကို ခဲဖြင့် ပစ်ပေါက်ခြင်း၊ ပစ္စည်းများဖျက်ဆီးခြင်းတို့ကို လုပ်ဆောင်နေသည့်အတွက် အကြမ်းဖက်သည့် အသွင်သို့ဆောင်လျက်ရှိပြီး တာဝန် ရှိသူများ မုန့်ဆိုင်အတွင်းရှိ ပြစ်မှု ကျူးလွန်သူသုံးဦးအား ဖမ်းဆီး ခေါ်ဆောင်စဉ် ခဲများဖြင့် ပစ်ပေါက် မှုကြောင့် လုံခြုံရေးတာဝန်ယူသူ အချို့နှင့် အပြစ်မဲ့ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ညနေ ၅နာရီခန့်တွင် ခရိုင်မှ တာဝန်ရှိသူများ ရောက်ရှိ၍ အခြေအနေကို ထိန်းသိမ်း နိုင်ခဲ့သည်။

တိုင်းဒေသကြီးနှင့်ခရိုင်မှ တာဝန်ရှိသူများက လူစုလူဝေးအား ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်ရန် နှင့် ပြစ်မှုကျူးလွန်သူများကို တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသံချဲ့စက်ဖြင့် လိုက်လံ နှိုးဆော်ခဲ့သည်။ ဆူပူသူအချို့မှာ လူစုလူဝေးအသွင်ဖြင့် ဆက်လက်တည်ရှိနေမှုကြောင့် ည ၁၀ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒေသန္တရ အမိန့်ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဥပဒေကို ချိုးဖောက်၍ လှည်းကူးတံတားပေါ်နှင့် နေရာအချို့တွင် လူစုလူဝေးဖြင့် ဆူပူမှု အသွင်လုပ်ဆောင်ခဲ့သူ လေးဦးကို ထိန်းသိမ်းထားပြီး အဆိုပါအမိန့်ကို ချိုးဖောက်ခဲ့သူများကို ဆက်လက် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် မုန့်တိုက်ကို ခဲဖြင့် ပစ်ပေါက်၍ ပြစ်မှုကျူးလွန်သူများ ကိုလည်း ဆက်လက်ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး ခဲဖြင့်ပစ်ပေါက်သူ နှစ်ဦးကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားကြောင်း၊ လှည်းကူးမြို့နယ် အေးချမ်းသာယာ၍ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရန် တရားဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိ မြို့နယ်၏ အေးချမ်းသာယာရေးကို နှောင့်ယှက်သူများ၊ ဖျက်ဆီးသူများ၊ လှုံ့ဆော်သူများတွေ့ရှိပါက ဝိုင်းဝန်း ကာကွယ် စောင့်ရှောက်သွားရန်လည်း လိုအပ်ကြောင်း ခရိုင်ဒုတိယရဲမှူးကြီးက ပြောကြားခဲ့သည်။

MOI Webportal Myanmar