သင်္ကြန်ကာလအတွင်း ရန်ကုန်လမ်းမအချို့ တစ်လမ်းမောင်း သတ်မှတ်

ပို့စ်တင်ချိန် - 4/06/2014 02:03:00 PM


ရန်ကုန်၊ ဧပြီ ၅

မဟာသင်္ကြန်ပွဲတော် ကာလအတွင်း ရန်ကုန်မြို့တော်ရှိ ယာဉ်ကြောပိတ်ဆို့မှုများ လျော့ကျစေရန် မြို့တွင်းလမ်းအချို့ကို တစ်လမ်းမောင်း ယာဉ်ကြောအဖြစ် သတ်မှတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းမှု ကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဗဟန်းမြို့နယ် ဆရာစံလမ်းမှ စက်မှု (၁) လမ်းဆုံ (ရန်ကင်းစင်တာ) ထိကို တစ်လမ်းမောင်း သတ်မှတ်ထားပြီး ကမ္ဘာအေးဘုရားလမ်းမပေါ် (ဟာမစ်တစ်မှတ်တိုင်) မှ ဝင်ရောက်ရမည် ဖြစ်ကြောင်း၊ ကျောက်တံတား မြို့နယ်ရှိ မဟာဗန္ဓုလလမ်းကို ပန်းဆိုးတန်းလမ်းမှ ဝင်ရောက်၍ ဆူးလေဘုရားထိ မောင်းနှင်ရန် သတ်မှတ်ထားအကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကန်တော်ကြီးပတ်လမ်းကို ဦးထောင်ဘိုအဝိုင်း၊ တိရစ္ဆာန်ဥယျာဉ်ဘက်မှ ကန်ရိပ်သာလမ်းသို့ ဝင်ရန် သတ်မှတ်ထားပြီး နတ်မောက်လမ်းအတိုင်း ကမ္ဘာအေးဘုရားလမ်းသို့ ပြန်ထွက်ရန် သတ်မှတ်ထားကြောင်း၊ ကန်တော်ကြီးပတ်လမ်းသို့ ချဉ်းကပ်လမ်းများ ဖြစ်သည့် အထက်ပန်းဆိုးတန်းလမ်း၊ ဒေါ်သိန်းတင်မီးပွိုင့် စသည့် လမ်းများမှ ဝင်ရောက်လျှင်လည်း ညာဘက် ကွေ့မောင်းနှင်ရမည် ဖြစ်ပြီး ကန်တော်ကြီးပတ်လမ်း တစ်လျှောက်တွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီထိ ယာဉ်မရပ်ရန်ု သတ်မှတ်ထားသည်။

ယင်းတစ်လမ်းမောင်း စနစ်သည် ဧပြီလ ၁၃ ရက်နေ့ (သင်္ကြန်အကြိုနေ့) မှ ဧပြီလ ၁၆ ရက် (အတက်နေ့) ထိ အကျုံးဝင်မည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ လမ်းများတွင် မဏ္ဍပ်များပြီး ယာဉ်သွားလမ်း ကျဉ်းမြောင်းသဖြင့် ယင်းကဲ့သို့ ပြုလုပ်ပေးသည်မှာ သင့်လျော်ကြောင်း အနှစ်နှစ်ဆယ်ကျော် အငှားယာဉ်မောင်း လုပ်နေသည့် ဦးထွန်းထွန်းဝင်းက ဆိုသည်။
“ခရီးသည်တွေက မဏ္ဍပ်ရေသွားဆော့ဖို့ ကားငှားရင် အနီးဆုံးရောက်အောင် သွားချင်ကြတာ။ ခုလိုကြေညာထားတော့ ခရီးသည်တွေကို ပြန်ပြောရ အဆင်ပြေတာပေါ့” ဟု ၎င်းကဆိုသည်။

The Voice Weekly