ဟစ်တလာ က ဂျူးလူမျိုးကို လက်ထပ်ခဲ့တယ်ဆိုတာ သိရင် ၊ ဂျူးလူမျိုးတွေကို သတ်ပါ့မလား

ပို့စ်တင်ချိန် - 4/06/2014 04:47:00 PM


အောင်ဟိန်းခိုင် ၊ ဧပြီ - ၆

ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးခါနီးကာလ ရုရှားတပ်များ ဂျာမနီ နိုင်ငံအတွင်းထိ ထိုးဖောက်ဝင်ရောက်လာချိန် ၊ တစ်ဖက်တွင်လည်း အမေရိကန် ပူးပေါင်းပါဝင်သော မဟာမိတ်တပ်များ တိုက်ခိုက်မှုကြောင့် ပထမ ကမ္ဘာစစ်တွင် အောင်ပွဲခံခဲ့သော ဂျာမနီ တို့ စစ်ရှုံးပြီးဘယ်လိုမှ ပြန်လည်ချေပ နိုင်ခြင်းမရှိတော့သည့်နောက်ဆုံး ဂျာမနီ ၏စစ် ဦးစီးချုပ် ဟစ်တလာနှင့် သူ၏ ဇနီး အီဗာဘရွန်းတို့ဟာ နာဇီတို့၏ စစ်ဦးချုပ်ရုံးအခြေစိုက်ရာ မြေအောက် ရုံးခန်းအတွင်းမှာပင် တစ်ဦးနှင့်တစ်ဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ချိန်၌ အီဗာဘရွန်းသည် ဟစ်တလာ၏ ဇနီးအ ဖြစ်နေထိုင်လာခဲ့သည်မှာ ၁၂ နှစ်ခန့်ရှိနေခဲ့ပြီဖြစ်သည်။ ၁၂နှစ်တိုင် အီဗာဘရွန်းသည်ဟစ်တလာ၏ ဇနီးသည်အဖြစ် နေထိုင်ခဲ့သော်လည်း သိပ္ပံပညာရှင်များမကြာသေးမီက တွေ့ရှိခဲ့သော အထောက်အထားများအရ ဟစ်တလာတို့ ဇနီးမောင်နှံ နှစ်ဦးကြား ကြီးမားသော ဖုံးကွယ်မှုများရှိနေခဲ့သည်။ ၎င်းအချက်မှာ အီဗာဘရွန်းသည် နာဇီခေါင်းဆောင် ဟစ်တလာ အလွန်မုန်းတီးသော ဂျူးလူမျိုးတစ်ဦးဖြစ်ခဲ့ဖွယ်ရှိနေခြင်းဖြစ်သည်။
စစ်ကြီးအတွင်း သန်းနှင့်ချီသော ဂျူးလူမျိုးများကို ရက်စက်စွာ မျိုးတုံးအောင်သတ်ဖြတ်ပစ်ခဲ့သော ဟစ်တလာ တစ်ယောက် သူ၏အမျိုးသမီး အီဗာဘရွန်း ဂျူးလူမျိုးဖြစ်ခဲ့သည်ကိုသိရှိခဲ့ပုံမရပေ။ အီဗရာဘရွန်း၏ မိခင်ဖြစ်သူသည် ဂျူးလူမျိုးမှ ဆင်းသက်လာသူ တစ်ဦးဖြစ်ဖွယ်ရှိကြောင်း ဧပြီလ ၂ ရက်နေ့တွင်ပြုလုပ်ခဲ့သော သူမ ၏ ဆံပင်များကို DNA စစ်ဆေးရာမှပေါ်ပေါက်လာခြင်းဖြစ်သည်။ ဟစ်တလာ နှင့် အီဗရာဘရွန်း တစ်ဦးနှင့်တစ်ဦး စတင် တွေ့ရှိချိန်တွင် သူမအနေဖြင့် ဆယ်ကျော်သက်အရွယ်သာရှိနေခဲ့ပြီး ဟစ်တလာ၏ ထင်းရှူးတော စံအိမ်မှ အလွန် ဝေးကွာသော ဘတ်ဖို့ဒ် ဒေသတွင်ဖြစ်သည်။ သိပ္ပံပညာရှင်များက ဟစ်တလာ စစ်ဆင်ရးတစ်ခုပြုလုပ်စဉ် ခေတ္တ နေထိုင်ခဲ့သောအိမ်တွင်တွေ့ရှိခဲ့သော အီဗာဘရွန်အသုံးပြုခဲ့သည့် ဘီးမှ ဆံပင် နှင့် အမေရိကန် စစ်တပ် အရာရှိတစ်ဦးထံမှရရှိခဲ့သော ဆံပင် များကို DNA စစ်ဆေးခဲ့ခြင်းဖြစ်သည်။
တွေ့ရှိခဲ့သော DNA များအရ အီဗရာဘရွန်၏ DNA အမျိုးအစားသည် haplogroup N1b1 နှင့် ဆက်နွယ်လျက်ရှိပြီး ၎င်းအမျိုးအစား သည် ကမ္ဘာ့ဂျူးလူမျိုးများ၏ ၈၀ ရာခိုင်နှုန်းဖြစ်သော အက်ကီနာဇီ ဂျူးလူမျိုးများ၏ DNA ဖြစ်သည်။ ဂျာမနီ နိုင်ငံအတွင်းရှိ အက်ကီနာဇီ ဂျူးလူမျိုးတို့သည် ၁၉ ရာစုအတွင်းအခြေအနေအကြောင်းကြောင်း ကြေင့် ကက်သလစ် ဘာသာဝင်များအဖြစ်သို့ပြောင်းလဲခဲ့ကြသည်။ အီဗရာ၏ ဆံပင် DNA စစ်ဆေးခြင်းကို သေဆုံး ပြီးသူများ၏ DNA များကိုစစ်ဆေးပြီး ထူးခြားချက်များကို တင်ပြလေ့ရှိသော Channel 4 တီဗီအစီအစဉ်က ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး အစီအစဉ်တင်ဆက်သူ မက်ခ်အီဗင်က “DNA ရဲ့ရလဒ်က အလွန်အံ့သြဖို့ကောင်း ပါတယ် ၊ ဒီလိုရလဒ်မျိုးဖြစ်လာမယ်လို့ ကျွန်တော် အိပ်မက်တောင်မမက်ဖူးပါဘူး” ပြောကြားခဲ့သည်။ Channel 4 က DNA စစ်ဆေးခဲ့သော ဆံပင်များသည် အီဗာ ဘရွန်း၏ ဆံပင်ဖြစ်ကြေင်းနှင့်ပတ်သက်ပြီး ၎င်းအစီအစဉ်ကို စီိစဉ် ကြီးကြပ်သူက “ကျွန်တော်တို့မှာ ဆံပင်နှင့်ပတ်သက်ပြီး သက်သေပြဖို့ အီဗာဘရွန်၏ မိဘမျိုးရိုးဘက်မှ ဆင်းသက် လာသောသက်ရှိထင်ရှားအမျိုးသမီးနှစ်ဦး၏ DNA ကိုစစ်ဆးဖို့ ကမ်းလှမ်းခဲ့ပေမယ့် နှစ်ဦးလုံး ငြင်းဆန်ခဲ့ပါတယ် ၊ ငြင်းဆန်ရခြင်းအကြောင်းကလည်း အီဗာဘရွန်ကို ဂျူးလူမျိုးအဖြစ်သတ်မှတ်ဖို့ ပိုပြီးစိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်ဟု” ပြောကြားခဲ့သည်။
ယခု DNA စစ်ဆေးသော ဘီးနှင့်ဆံပင် များကို ၁၉၄၅ ခုနှစ်တွင် အီဗရာဘရွန်း၏ နေအိမ်မှ ပစ္စည်းများကို စုဆောင်း ရယူခဲ့သည့် အမေရိကန် စစ်တပ်မှ အရာရှိ ကပ်ပတိန် ပေါဘဲလ် ထံမှရရှိခဲ့ခြင်းဖြစ်သည်။ ကပ်ပတိန် ပေါဘဲလ် ၏ သားဖြစ်သူ အလန်ဘဲလ် ၏ပြောကြားချက်အရ “ကျွန်တော်ငယ်ငယ်တုံးက အိမ်အောက်ထပ်မှာ သွားကစားရင် နာဇီ အမှတ်တရ ပစ္စည်းတွေ ထည့်ထားတဲ့ရွှေရောင် အ၀တ်အိတ်ကြီးတစ်လုံးကို တွေ့တွေ့ နေတာကို မှတ်မိတယ်၊ အဲ့ဒီအိတ်ထဲမှာ လူအရိုးခေါင်းတစ်ခုရယ်၊ နာဇီတွေ အသုံးပြုခဲ့တဲ့ လက်နက်အချို့ရယ်၊ E.B လို့ရေးထားတဲ့ အိတ် ငယ်လေးတစ်လုံးရယ်ကိုတွေ့တယ်၊ အဲ့ဒီအိတ်လေးကိုဖွင့်ကြည့်လိုက်တော့ မှန်တစ်ချပ်ရယ်၊ ဘီးတစ်ချောင်းရယ် တွေ့တယ်” ဟုသူ၏ ငယ်ဘ၀ အတွေ့အကြုံကိုပြောပြသည်။ ၁၉၇၀ ခုနှစ် သူ၏အဖေ သေဆုံးပြီးနောက် ၎င်း ဘီးနှင့် ဆံပင် ရှစ်ပင်ကို ရှေးဟောင်းပစ္စည်းထိန်းသိမ်းသူ ဂျွန်ရစ်ကနော့ ဆိုသူကို ပေါင်စတာလင် ၁၂၀၀ ဖြင့်ရောင်းချ ခဲ့သည်ဟု ဆိုသည်။
(ref: DM)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)