လှည်းကူး၌ ပုဒ်မ-၁၈၈ မရုပ်သိမ်းသေး လုံခြုံရေးအင်အား အပြည့်ချထားဆဲ

ပို့စ်တင်ချိန် - 4/06/2014 02:02:00 PM


နန္ဒ၊ အောင်မြင်ရဲဇော်၊ ရန်ကုန်၊ ဧပြီ-၅

လှည်းကူးမြို့မဈေးတွင် ဧပြီ ၄ ရက်ညနေခင်း၌စတင်သော ခိုက်ရန်ဖြစ်ပွား မှုမှ ညပိုင်းအထိ ဆူပူမှုအချို့ဖြစ်ပွားခဲ့ရာ ပုဒ်မ-၁၈၈ထုတ်ပြန်ထိန်းသိမ်းခဲ့ ရပြီး ဧပြီ ၅ ရက်အထိ ပုဒ်မ-၁၈၈ ကို မရုပ်သိမ်းသေးဘဲ လုံခြုံရေးအင်အား အပြည့် သုံးစွဲထားကြောင်း သိရသည်။

" တည်ငြိမ်အေးချမ်းမှု အခြေအနေကိုကြည့်ပြီး ပုဒ်မ-၁၈၈ ဆက်ထား၊ မထားစဉ်းစားမယ် " ဟု လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
မှ တာဝန်ရှိသူတစ်ဦးက စံတော်ချိန်သို့ ပြောကြားခဲ့သည်။

ရဲအင်အားအပြည့်သုံးထားသောကြောင့် တည်ငြိမ်အေးချမ်းမှုရရှိခဲ့ပြီဟု ဆိုသော်လည်း လှည်းကူးမြို့မဈေးမှဆိုင်ခန်းများမှာ ဧပြီ ၅ ရက် နံနက်ပိုင်း ၌သာ ခေတ္တဖွင့်လှစ်ခဲ့ကြပြီး တစ်နေကုန် ပြန်လည်ပိတ်သိမ်းခဲ့ကြသည်။
" ကျွန်တော်တို့ကတော့ ဈေးပိတ်ဖို့ အမိန့်မထုတ်ထားပါဘူး။ ဆိုင်ရှင်တွေက စိုးရိမ်နေကြလို့ မဖွင့်ကြသေးတာဘဲ ဖြစ်မှာပါ " ဟု အထက်ပါပုဂ္ဂိုလ်က
ပြောဆိုသည်။

အခင်းဖြစ်ပွားရာ မြို့မဈေးပတ်ပတ်လည်၌ ၂၄ နာရီပတ်လုံး ရဲအင်အား ထူထပ်စွာလုံခြုံရေးတာဝန်ချထားသည်ကိုလည်း တွေ့ရှိရသည်။
" ရန်ဖြစ်တဲ့သုံးယောက်အပြင် လူစုလူဝေးနဲ့ဆူပူတဲ့လူတွေထဲက ငါးဦးထက် မနည်းထိန်းသိမ်းထားပါတယ် " ဟု လှည်းကူးမြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။ အဆိုပါဆူပူမှုကြောင့် ဧပြီ ၅ ရက်တွင် လှည်းကူးမြို့ နယ်သို့ ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးကိုယ်တိုင် လာရောက်ခဲ့ပြီး လုံခြုံရေးအတွက် စီမံမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ဧပြီ ၄ ရက် ညနေပိုင်းက ဆိုင်နီးချင်းလူငယ်များ အကြားဖြစ်ပွားသော ခိုက်ရန်ဖြစ်ပွားမှုမှ စတင်ကာ အုပ်စုဖွဲ့ဆူပူမှုများ ဖြစ်ပွားခဲ့ပြီး နေအိမ်နှင့် ဆိုင်ခန်းများအား ခဲဖြင့်ပစ်ပေါက်မှုများ ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များပါ ထိခိုက်ဒဏ်ရာရရှိမှု များရှိခဲ့သည်။ အဆိုပါ ဆူပူမှုမှာ သန်းခေါင်စာရင်းကောက်ယူစဉ်ကာလ အတွင်း ပထမဆုံးဖြစ်ပေါ်ခဲ့သည့် ဆူပူမှုလည်း ဖြစ်သည်။ နေ့ဘက်၌ တည်ငြိမ်အေးချမ်းလျက်ရှိသော်လည်း ညဘက်တွင် အုပ်စုဖွဲ့ဆူပူသောင်း ကျန်းမှုများ ထပ်မံဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ