ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်၌ ယာဉ်ရပ်နားခ တစ်နာရီ ၂၀၀ ကျပ်ဖြင့် ဧပြီ ၆ ရက်တွင် စတင်ကောက်ခံမည်

ပို့စ်တင်ချိန် - 4/06/2014 11:45:00 AM

ရန်ကုန်မြို့တွင်း လမ်းကြားတစ်နေရာ၌ ယာဉ်များ ရပ်နားထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ လမ်းမကြီးများပေါ်တွင် မူလက ဧပြီ ၁ ရက်မှ စတင်၍ ယာဉ်ရပ်နပ်နားခများ ပြန်လည်ကောက်ခံရန် စီစဉ်ခဲ့သော်လည်း လုပ်ငန်းလေလံမအောင်မြင်၍ ဧပြီ ၄ ရက်အထိ မကောက်ဖြစ်ခဲ့ကြောင်း၊ ဧပြီ ၄ ရက် ညနေပိုင်းတွင် လေလံအောင်မြင်ခဲ့သောကြောင့် ဧပြီ ၆ ရက်မှစတင်၍ ကောက်ခံမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့်တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၁၉၉၆ ခုနှစ်မှစတင်၍ ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်တွင် မြောက်ဘက်၌ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ တောင်ဘက်၌ ကမ်းနားလမ်း၊ အရှေ့ဘက်၌ ဗိုလ်အောင်ကျော်လမ်း၊ အနောက်ဘက်၌ လမ်းမတော်လမ်း ဧရိယာအတွင်းရှိ နံပါတ်တပ်လမ်း၊ အမည်တပ်လမ်းငယ်များ၊ အမည်တပ်လမ်းမအကြီးများအား ယာဉ်ရပ်နားမှု ကန့်သတ်ဇုန်များသတ်မှတ်၍ အဆိုပါနေရာများတွင် ယာဉ်ရပ်နားပါက ယာဉ်ရပ်နားခများကို ကောက်ခံခဲ့ကြောင်းသိရသည်။ သို့သော် ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ စတင်၍ ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားနေရာများ တိုးချဲ့ရန်၊ လမ်းတိုးချဲ့ရန်နှင့် စင်္ကြံများပြုပြင်ရန်အတွက် ယာဉ်ရပ်နားခ ကောက်ခံခြင်းကို ရပ်ဆိုင်းခဲ့ကြောင်း၊ ယခုအခါ ယာဉ်ရပ်နားနေရာများ တိုးချဲ့ခြင်း၊ လမ်းတိုးချဲ့ခြင်းလုပ်ငန်းများလည်း ပြီးစီးခဲ့ပြီးဖြစ်၍ ဧပြီ ၁ ရက်မှ စတင်၍ ယာဉ်ရပ်နားခများ ပြန်လည်ကောက်ခံရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ယင်းလုပ်ငန်းအား ပုဂ္ဂလိကလုပ်ငန်းရှင်များအား လေလံချထားပေးခဲ့ရာ လေလံမအောင်မြင်သေးခြင်းကြောင့် ဧပြီ ၁ ရက်နေ့တွင် မကောက်ခံဖြစ်ဘဲ ဧပြီ ၄ ရက် ညပိုင်းမှသာ လေလံအောင်မြင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် လေလံအောင်သည့် နှုန်းထားများကိုမူ ထုတ်ပြန်၍မရနိုင်ဟု ဆိုသည်။

“လေလံက မနေ့ကညနေပိုင်းကမှ အောင်သွားတယ်။ အဲဒါကြောင့် ယာဉ်ရပ်နားခတွေ စကောက်ပါမယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်း နှင့်တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ဧပြီ ၅ ရက် နေ့လယ်ပိုင်းက ပြောကြားသည်။

ယာဉ်ရပ်နားခများကို မြို့တွင်း ခြောက်မြို့နယ်ရှိ လမ်းများပေါ်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များက တစ်နာရီလျှင် ကျပ် ၂၀၀ နှုန်းဖြင့် နံနက် ၈ နာရီမှ ညနေ ၆ နာရီ အတွင်း ကောက်ခံမည်ဖြစ်ပြီး ယာဉ်ရပ်နားချိန် တစ်နာရီကျော်ပါက ကျပ် ၂၀၀ ထပ်မံပေးဆာင်ရမည်ဖြစ်ကြောင်း သိရသည်။

ကားပါကင်ခများ ပြန်လည်ကောက်ခံမည့် အစီအစဉ်တွင် နံပါတ်တပ်လမ်းများ၊ အမည်တပ်လမ်းငယ်များ (ဥပမာ-ဆိပ်ကမ်း သာလမ်း၊ စဥ့်အိုးတန်းလမ်း စသည်) မပါဝင်ဘဲ အမည်တပ်လမ်းမကြီးများတွင်သာ ကောက်ခံမည်ဟု သိရသည်။

ယင်းသို့ ပြန်လည်ကောက်ခံမည့် လမ်းမကြီးများထဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတ်မှတ်ထားသည့် ယာဉ်မရပ်ရ လမ်းအချို့လည်း ပါဝင်နေရာ အဆိုပါလမ်းများတွင် ယာဉ်ရပ်နားရန် ပြုလုပ်ပေးထားသည့်နေရာ၌ ရပ်နားခပေး၍ ရပ်နားနိုင်ပြီး လမ်းမပေါ်တွင်ရပ်ပါကမူ ကရိန်းယာဉ်ဖြင့် ဖယ်ရှားခံရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ယာဉ်ရပ်နားခကောက်ခံသည့် လုပ်ငန်းသည် ၀င်ငွေရများပြားသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်က အဆိုပါလုပ်ငန်းမှ ၀င်ငွေကျပ်သိန်း ပေါင်း ၁၄၀၀၀ ခန့် ရရှိခဲ့သည်ဟု သိရသည်။

Eleven Media Group