တရားရင်ဆိုင်ခြင်း မရှိသေးသည့် ရွှေဝါမြိုင်ဘုန်းကြီးကျောင်းအား ဖမ်းဝရမ်းထပ်မံထုတ်ဆင့် ဖယ်ရှားပြီးသည့် ကျူးကျော်ဘုန်းကြီးကျောင်းမြေနေရာများတွင် စိန်တလုံးသရက်စိုက်ပျိုးရေးစီမံကိန်းဇုန်အဖြစ် သတ်မှတ်လုပ်ဆောင်နေ

ပို့စ်တင်ချိန် - 4/06/2014 09:06:00 AM



Written by:
နေပြည်တော်သတင်းအဖွဲ့
နေပြည်တော် စိန်တလုံးသရက် စိုက်ပျိုးရေးစီမံကိန်းဇုန် လုပ်ကွက် ၁ နယ်မြေအား တွေ့ရစဉ်
တရားရင်ဆိုင်ခြင်း မရှိသေးသည့် ရွှေဝါမြိုင်ဘုန်းကြီးကျောင်းအား ဧပြီ ၅ ရက် နံနက်ပိုင်းတွင် ဖမ်းဝရမ်းထပ်မံ ထုတ်ဆင့်ခဲ့ကြောင်း ရွှေဝါမြိုင်ဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော်၏ ပြောကြားချက်အရ သိရသည်။

ကျူးကျော်ဘုန်းကြီးကျောင်းများအဖြစ် သတ်မှတ်ဖယ်ရှားခဲ့သည့် ဘုန်းကြီးကျောင်းမြေနေရာများတွင် နေပြည်တော် စိန်တစ်လုံးသရက် စိုက်ပျိုးရေးစီမံကိန်းဇုန်အဖြစ် သတ်မှတ်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

ယင်းကဲ့သို့ ကျူးကျော်ဘုန်းကြီးကျောင်းများအဖြစ် သတ်မှတ်ပြီးနောက် ဘုန်းကြီးကျောင်းမြေနေရာများတွင် အချို့ဘုန်းကြီးကျောင်း နေရာများအား လျော်ကြေးပေး ၀ယ်ယူခြင်းများပြုလုပ်ပြီး ခြံစည်းရိုးများခတ်ကာ သရက်ဇုန်အဖြစ် ဖော်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရွှေဝါမြိုင်ကျောင်းဆရာတော် ဦးပညာလင်္ကာရက “ဘုန်းဘုန်းက မနေ့က ရုံးချိန်းမှာမပါဘူး။ ဓမ္မာစရိယလည်း အောင်ထားပြီးပါပြီ။ ဒီနေ့ ၀ရမ်းလာကပ်တယ်။ သူတို့ အင်အားသုံးဖယ်ရှားမယ့်နေ့ကို စောင့်ပြီးရင်ဆိုင်မယ်။ ဒီနေ့မနက် ၁၀ နာရီလောက်မှာ ရဲတွေလာပြောတယ်။ ဖယ်ပေးရင်ပေး မပေးရင် ဖမ်းဆိုပြီး ၀ရမ်းလည်းကပ်သွားတယ်”ဟု မိန့်ကြားခဲ့သည်။

ယင်းကဲ့သို့ ဖယ်ရှားခိုင်းသည့် ဘုန်းကြီးကျောင်းများအနီးရှိ ဘုန်းကြီးကျောင်းများအား ခွင့်ပြုချက်နှင့်အညီ ဆက်နေခွင့်ရထားသည့် ဘုန်းကြီးကျောင်းများမှာ သုခမြင့်မိုရ်ကျောင်း၊ ရွှေရတနာလကျောင်း၊ ကောသိကာရုံကျောင်း၊ သီရိမင်္ဂလာကျောင်း၊ သာသနာ့ဝေပုဏ္ဏကျောင်းများဖြစ်ကြောင်း သိရသည်။

“အဲဒီကျောင်းတွေကိုကျတော့ ဘာလို့ခွင့်ပြုချက်နဲ့အညီဆိုပြီး နေခွင့်ပေးထားတာလဲ။ အဲဒီကျောင်းတွေမှာရှိတဲ့ ဘုန်းကြီးတွေနဲ့ ဘုန်းဘုန်းတို့နဲ့က ဓမ္မာစရိယဘွဲ့ ရထားတာအတူတူပဲ။ အချို့ကျောင်းထိုင်တွေက အသက်ကြီးမှဝတ်တဲ့ ဘုန်းကြီးတွေတောင်ပါတယ်။ မနေ့က ရုံးချိန်းနေ့မှာ ဘုန်းဘုန်းက ဓမ္မာစရိယဂုဏ်ထူးတန်း ဖြေဆိုနေတာ။ ကျမ်းရင်းသုံးခုက အောင်ပြီးသွားပါပြီ။ ဒီနေ့ ရုံးချိန်းအဖြစ် ၀ရမ်းလာကပ်သွားတယ်။ ဘုန်းကြီးကတော့ မသွားတော့ဘူး။ သူတို့လာ ဖမ်းရင်လည်း ရင်ဆိုင်သွားမယ်”ဟု ဆရာတော်က ဆက်လက်မိန့်ကြားခဲ့သည်။

ညောင်နှစ်ပင်ကျောင်းတိုက်ဆရာတော်က “သတင်းစာမှာ ထည့်သွင်းဖော်ပြခဲ့တဲ့ ဒီဘုန်းကြီးကျောင်းတွေက ဆရာတော်တွေက စာမတတ်၊ ပေမတတ်လို့ ဖော်ပြထားတာတွေက အမှားတွေပါ။ ဒကာ၊ ဒကာမ တွေ အကြည်ညိုပျက်အောင် ဖော်ပြထားတာဖြစ်တယ်။ ဦးဇင်းတို့မှာ အောင်လက်မှတ်တွေလည်း ရှိတယ်။ ဒီနေရာတွေက အရင်ကတောင်သူတွေ ဓားမဦးချ လုပ်ကိုင်ခဲ့တဲ့ နေရာတွေဖြစ်တယ်။ တောင်သူတွေလှူခဲ့တဲ့နေရာတွေ ဖြစ်ပါတယ်”ဟု မိန့်ကြားခဲ့သည်။

နေပြည်တော်တိုင်း သံဃမဟာနာယက အဖွဲ့မှ ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်းတွင် အေးအေးဆေးဆေး ကောင်းကောင်းမွန်မွန်နေထိုင်ရန် အကျိုးတော်ဆောင်ဆရာတော်က မိန့်ကြားခဲ့ကြောင်း၊ နိုင်ငံတော်သံဃနာယကအဖွဲ့၏ စာအမှတ်များအရ နေပြည်တော်တိုင်း သံဃနာယကအဖွဲ့မှ စိစစ်ဆောင်ရွက်၍ ပြန်လည်တင်ပြရန်ဆိုသည့် ဆုံးဖြတ်ချက်အရ ဆောင်ရွက်မှု မပြီးဆုံးသေးသောကြောင့်လည်းကောင်း၊ မြို့နယ်သီးခြား သံဃ၀ိနိစ္ဆယအဖွဲ့၏ ဆုံးဖြတ်ချက်ကို လိုက်နာမှုမပြုသေးခြင်း ဖြစ်ကြောင်း၊ လေးစားလိုက်နာမှု မပြုခြင်းမဟုတ်ကြောင်း တရားသူကြီးမင်းထံ မေတ္တာရပ်ခံစာပေးပို့ခဲ့ကြောင်း ရွှေဝါမြိုင်ကျောင်းဆရာတော်က မိန့်ကြားခဲ့သည်။

ကျူးကျော်ဘုန်းကြီးကျောင်းဟု သတ်မှတ်ပြီး တရားရင်ဆိုင်ခဲ့သည့် ဘုန်းကြီးကျောင်း သုံးခုဖြစ်သည့် သာသနာ့အောင်လံကျောင်း၊ ဓမ္မရက္ခိတကျောင်း၊ ဗုဒ္ဓရတနာကျောင်းများမှ ကျောင်းထိုင်ဘုန်းကြီး သုံးပါး အား လူဝတ်လဲကာ ထောင်ဒဏ်ခြောက်လ သတ်မှတ်ခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဇူလိုင် ၂၈ ရက်က ပြုလုပ်သည့် ဆဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ သတ္တရသမအစည်းအဝေးတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုန်းကြီးကျောင်း ၂၄ ကျောင်း အား ဆောက်လုပ်ခွင့်မရှိဘဲ ဆောက်လုပ်ထားသည့် ကျူးကျော်ဘုန်းကြီးကျောင်းများအဖြစ် သတ်မှတ်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ကျူးကျော်ဘုန်းကြီးကျောင်းများအဖြစ် သတ်မှတ်ထားသည့် ၂၄ ကျောင်းမှာ ဓမ္မရက္ခိတကျောင်း၊ ရွှေဝါမြိုင်ကျောင်း၊ ညောင်နှစ်ပင်ကျောင်း၊ ရာမညကျောင်း၊ ၀ိဇ္ဇာသိဒ္ဓိကျောင်း၊ ဆုတောင်းပြည့်ကျောင်း၊ ဓမ္မဓူဝံကျောင်း၊ နန္ဒာရာမကျောင်း၊ သပြေညိုကျောင်း၊ လှမေတ္တာကျောင်း၊ ရတနာ့သိဒ္ဓိကျောင်း၊ ဝေဠုဝန်ကျောင်း(ဥတ္တရသီရိမြို့)၊ ဇေယျာမြိုင်ကျောင်း၊ အဓိဋ္ဌာန်ကျောင်း၊ မဟာမြိုင်ကျောင်း၊ ပဏ္ဍိတာရာမကျောင်း၊ နန္ဒာရာမကျောင်း (ဥတ္တရသီရိမြို့)၊ ငှက်ပျောတောကျောင်း၊ ဝေဠုဝန်ကျောင်း(ဇမ္ဗူ/ဒက္ခိဏသီရိ)၊ လှေဆွဲမြှောင်ကျောင်း၊ ရွှေညောင်ပင်ကျောင်း၊ မိတ္ထီလာကျောင်း၊ သာသနာ့အောင်လံကျောင်း၊ ဗုဒ္ဓရတနာကျောင်းများဖြစ်ကြောင်း သိရသည်။

ကျူးကျော်အဖြစ် သတ်မှတ်ထားသည့် အဆိုပါဘုန်းကြီးကျောင်းများသည် ဇမ္ဗူသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်များအတွင်းတွင် တည်ရှိကြောင်း သိရသည်။

“ဘုန်းကြီးကျောင်းတစ်ကျောင်း ဖြစ်ဖို့ဆိုတာ ရေစက်ချပြီး လှူရတယ်။ ပြီးတော့ ကျောင်းသိမ်သမုတ်ရတယ်။ကျောင်းသိမ်သမုတ်တဲ့အခါမှာလည်း အရည်အချင်းရှိတဲ့ သံဃာတွေကို ပင့်ဖိတ်ပြီး သိမ်သမုတ်ရတယ်။
သိမ်သမုတ်ပြီးလို့ ကျောင်းဖြစ်သွားရင် ဘယ်သူမှ ဘာမှလုပ်လို့မရဘူး။ နိုင်ငံတော်ကလည်း မပိုင်တော့ဘူး။ အဲဒီလိုဘာသာသာသနာပိုင်ကျောင်းဖြစ်သွားရင် ကျောင်းတို့၊ မြေတို့နဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေကို သံဃ၀ိနိစ္ဆယ(တစ်နည်း) (သံဃာ့တရားရုံး) တရားရုံးတွေနဲ့သာ ဖြေရှင်းရတယ်။ သံဃနာယက ဆရာတော်တွေနဲ့သာ အရေးယူဆောင်ရွက်ရပါတယ်။ လူသတ်မှု၊ မုဒိမ်းမှုလို ရာဇ၀တ်မှုမျိုးတွေကို သံဃာတွေက ကျူးလွန်ရင်သာ ရာဇ၀တ်တရားရုံးတွေမှာ ဖြေရှင်းရတာပါ။ ”ဟု မြန်မာနိုင်ငံရှေ့နေများကွန်ရက်၏ တာဝန်ခံအမှုဆောင်တရား လွှတ်တော်ရှေ့နေ ဦးစိုးတင့်ရည်က ပြောကြားသည်။          

news-eleven