သားအမိသုံးဦးကို ထော်လာဂျီဝင်တိုက်ကာ မောင်းပြေး

ပို့စ်တင်ချိန် - 5/14/2014 08:39:00 PM


ဖြိုးဝေလင်း၊ ကျော်စိုးမိုး

ဥက္ကံမြို့တွင်နေထိုင်သူ သားအမိသုံးဦးသည် ရန်ကုန်-ပြည်ကားလမ်းမအတိုင်း မြောက်မှတောင်သို့ စက်ဘီးနင်းလာရာ ၎င်းတို့နောက်မှ မောင်းနှင်လာသည့် ထော်လာဂျီဝင်တိုက်မိသဖြင့် နှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သော ဖြစ်စဉ်တစ်ခု တိုက်ကြီးမြို့နယ်အတွင်း မေလ ၁၂ ရက်ဝန်းကျင်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးမှ သတင်းထုတ်ပြန်ထားသည်။

ဖြစ်ပွားပုံမှာ ဥက္ကံမြို့တွင်နေထိုင်သော မအေးအေးသွယ်နှင့်အတူ ၎င်း၏သမီးနှစ်ဦးဖြစ်သည့် မခိုင်ဇင်သန့် (၆)နှစ်နှင့် မချိုဇင်သန့်(၂)နှစ်တို့သည် စက်ဘီးစီးလာစဉ် ထော်လာဂျီက နောက်မှဝင်တိုက်ခဲ့ပြီး မောင်း နှင်ထွက်ပြေးသွားခြင်း ဖြစ်သည်။

တိုက်မိခဲ့သော ထော်လာဂျီယာဉ်အမှတ်နှင့် ယာဉ်မောင်းဖြစ်သူကို စုံစမ်းနေဆဲဖြစ်ပြီး ယာဉ်တိုက်မှု ကြောင့် သားအမိသုံးဦးစလုံးတွင် ဒဏ်ရာအသီးသီးရရှိခဲ့ကာ အသက်(၂)နှစ်အရွယ် မချိုဇင်သန့်နှင့် မိခင် ဖြစ်သူ မအေးအေးသွယ်တို့တွင် စိုးရိမ်ရသည့်အခြေအနေတွင်ရှိသောကြောင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသလျက်ရှိသည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ထော်လာဂျီ မဆင်မခြင်မောင်းနှင်ထွက်ပြေး တိမ်းရှောင်သွားသူအား အရေး ယူပေးပါရန် ဒု-ရဲအုပ်ကျော်စွာလင်း၏ တရားလိုပြုတိုင်ကြားချက်ကို ဥက္ကံရဲစခန်းမှ ယာဉ်(ပ)၁၀/ ၁၄၊ ပြစ် မှုပုဒ်မ ၃၃၇/၃၃၈/၂၀၂ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးနိုင်ရန် စုံစမ်းစစ်ဆေးလျက်ရှိသည်။

Mizzima Burmese