အမြန်လမ်းတွင် သေဆုံးမှုစံချိန်တင်ခဲ့သည့် ရာဇာမင်း ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရာဇာမင်းယာဉ်လိုင်း တာဝန်ရှိသူတို့ တွေ့ဆုံ

ပို့စ်တင်ချိန် - 5/14/2014 01:32:00 PM


ရာဇာမင်းယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနရုံး၌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ နေပြည်တော် မထသ (အဝေးပြေး) ဥက္ကဋ္ဌ ဦးဝင်းဆွေ၊ အမြန်လမ်းလုံခြုံရေး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေ၀င်းနှင့် ရာဇာမင်းယာဉ်လိုင်းမှ တာဝန်ရှိသူများသည် မေ ၁၃ ရက် မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသူ ၁၄ ဦးအား တစ်ဦးလျှင် ရာဇာမင်းယာဉ်လိုင်းမှ










နစ်နာကြေးအဖြစ် ကျပ် ၁၅ သိန်းပေးအပ်ရန် သဘောတူညီခဲ့ကြောင်း နေပြည်တော်မထသ (အဝေးပြေး) ဥက္ကဋ္ဌ ဦးဝင်းဆွေက ပြောကြားသည်။

အလားတူအာမခံကြေးအဖြစ် သေဆုံးသွားသူတစ်ဦးလျှင် ခရီးသွားအာမခံကြေး ကျပ်သိန်း ၃၀၊ သူတစ်ပါးထိခိုက်နာကျင်မှု အာမခံကြေး ကျပ်ငါးသိန်း၊ အလုံးစုံ အာမခံကြေး ကျပ် ၁၀ သိန်းတို့ ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပေးအပ်မည့် အာမခံကြေးများနှင့် ယာဉ်လိုင်းမှပေးအပ်မည့် နစ်နာကြေးအပါအ၀င် စုစုပေါင်းသေဆုံးသူတစ်ဦးလျှင် ကျပ်သိန်း ၆၀ အား မေ ၁၄ ရက် နံနက်ပိုင်းတွင် ဘဏ္ဍာရေးဝန်ကြီးဌာနရုံး၌ ကျန်ရစ်သူမိသားစုများအား ပေးအပ်မည်ဖြစ်ကြောင်းနှင့် ယာဉ်တိုက်မှုကြောင့် ဆေးရုံပေါ်တွင် တက်ရောက်ကုသနေသူများကိုလည်း လိုအပ်သည့် အကူအညီများ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မေ ၁၃ ရက် ညနေပိုင်းတွင် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် မြန်မာ့အာမခံလုပ်ငန်းတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အမြန်လမ်းတွင် ရာဇာမင်းယာဉ်တိမ်းမှောက်သည့် ကိစ္စနှင့်စပ်လျဉ်းပြီး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရာဇာမင်းကားသည် မေ ၁၂ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာခဲ့ပြီး နေ့လယ် ၂ နာရီခန့်တွင် နေပြည်တော် ဘောဂသီရိကားကွင်းသို့ ဆိုက်ရောက်ခဲ့ကာ နေပြည်တော်မြို့မဈေးမှ ညနေ ၆ နာရီတွင် ရန်ကုန်သို့ ပြန်လည်ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း၊ မြို့မဈေးမှထွက်ခွာလာပြီး ၄၅ မိနစ်ခန့်အကြာ မိုင်တိုင် ၁၉၇/၆ တွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ယာဉ်မောင်းအတွက် အနားယူချိန်နည်းပါးသည်ကို စစ်ဆေးတွေ့ရှိရကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"အဲဒီအချိန်က မိုးကရွာနေတယ်။ မိုးရွာလို့ ကီလိုမီတာ ၄၀ လောက်မောင်းရမှာကို ၈၀ ကီလိုလောက်မောင်းတယ်လို့ ယူဆပါတယ်။ အရှိန်လျှော့မောင်းရင် ဒီလိုမဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ အခင်းဖြစ်တဲ့နေရာနဲ့ တစ်ဖာလုံလောက်ကတည်းက ကားက လမ်းဘေးကဆွဲမောင်းနေတာ စစ်ဆေးတွေ့ရှိရတယ်။ မိုင်တိုင် ၁၉၇/၆ ကိုဝင်တိုက်ပြီး ကားက တံတားအောက်ကျသွားတာ။ တံတားနဲ့အောက်ခြေနဲ့က ပေ ၁၀၀ ၀န်းကျင်လောက်ရှိတယ်။ အခင်းဖြစ်တဲ့နေရာနားက လမ်းကအကွေ့မရှိဘဲ လမ်းဖြောင့်ဖြစ်နေတာတွေ့ရတယ်။ ယာဉ်မောင်းမှာ အဓိကတာဝန်ရှိတယ်။ ဒါကြောင့် ပြင်းပြင်းထန်ထန် အရေးယူသွားမယ်"ဟု ရဲမှူးကြီးနေ၀င်းက ပြောကြားခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည် ၁၄ ဦးသေဆုံးခဲ့ပြီး ၂၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများအား နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံတွင် ၂၆ ဦး၊ လယ်ဝေးဆေးရုံတွင် သုံးဦး ဆေးကုသလျက်ရှိကြောင်း၊ ဒဏ်ရာရသူများထဲတွင် သုံးဦးမှာ စိုးရိမ်ရသည့်အတွက် အထူးကြပ်မတ်ဆောင်တွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ ဒဏ်ရာရရှိခဲ့သူများတွင် သံဃာတော်နှစ်ပါး ပါဝင်ကြောင်း သိရသည်။

ဆေးကုသမှုခံယူနေသည့် တိုက်ကြီးမြို့နယ်မှ ခရီးသည်တစ်ဦးက "ကျွန်တော်က အခုအရိုးကုသဆောင်မှာ ဆေးကုနေရပါတယ်။ ဖြစ်စဉ်ကိုတော့ ပြန်မပြောချင်တော့ပါဘူး။ ကျွန်တော်တို့က လက်လုပ်လက်စားတွေပါ။ အခုလို ဆေးကုသနေရတဲ့အချိန်မှာ ဆေးကုသစရိတ်ရယ်၊ ဆေးရုံတက်နေရတဲ့ အချိန်တွေအတွက်ကို ဘယ်သူကတာဝန်ယူပေးမှာလည်း။ ဒါတွေကို တာဝန်ယူပေးမယ်ဆိုရင် ကျေနပ်ပါပြီ" ဟု ပြောကြားခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သည့် ခရီးသည် ၁၄ ဦး အနက် သုံးဦးမှာ အစိုးရ၀န်ထမ်းများဖြစ်ပြီး အားကစားလေ့ကျင့်ရေး ရိုးရာခြင်းလုံး တာဝန်ခံ(လက်ထောက်ညွှန်ကြားရေးမှူး- ဦးမျိုးနိုင်)၊ ဒေါက်တာ ၀င်းဇော်(အမျိုးသားပြန်လည်သန်စွမ်းရေး ဆေးရုံအုပ်-သမိုင်း)နှင့် မရီရီချို(အမှတ် ၁ လျှပ်စစ်ဌာနမှ စာရေးအဆင့်-၃) တို့ဖြစ်ကြောင်း သိရသည်။

တိမ်းမှောက်ခဲ့သည့် ရာဇာမင်းမော်တော်ယာဉ်သည် ခန့်မှန်းတန်ဖိုး သိန်း ၆၀၀ ခန့်ပျက်စီးခဲ့ကြောင်း၊ မိုင်တိုင်တစ်ခုနှင့် တံတားထိပ်ပိတ် လက်ရန်းနှင့်ဘာရီယာတုံးပျက်စီးမှုမှာ ခန့်မှန်းတန်ဖိုး ၁၀ သိန်းကျပ်ခန့်ရှိကြောင်း သိရသည်။

"အခင်းဖြစ်တဲ့သတင်းကြားကြားချင်းပဲ ဒဏ်ရာရရှိတဲ့ လူနာတွေအတွက်ရော တခြားလိုအပ်နေတာတွေကို ကူညီဖို့အတွက်နဲ့ နေပြည်တော်ရာဇာမင်းကားဂိတ်က တာဝန်ရှိသူတွေရော၊ ရန်ကုန်ကားဂိတ်က တာဝန်ရှိသူတွေပါ လိုက်သွားကြပါပြီ။ အဲဒီကားမှာ ယာဉ်မောင်းနှစ်ဦးပါသွားတဲ့အနက် တစ်ဦးဒဏ်ရာရတယ်လို့ကြားတယ်။ စပယ်ယာ တစ်ဦးဆုံးသွားတယ်။ အခင်းမဖြစ်ခင် မောင်းတဲ့ယာဉ်မောင်းရဲ့လုပ်သက်ကလည်း နှစ် ၂၀ ခန့်လောက်ရှိပြီ။ ၀ါရင့်ပုဂ္ဂိုလ်ပါ။ မသောက်မစားတတ်ပါဘူး။ ပြီးတော့ ယာဉ်မောင်းကလည်း ဘုန်းကြီးဝတ်ပြီး ထွက်လာတာမကြာသေးဘူး။ ကျွန်တော်တို့ကားဂိတ်မှာ ယာဉ်မောင်းလုပ်နေတာကလဲ ၁၀ စုနှစ်တစ်စုလောက် ကြာပါပြီ။ အခုအခင်းဖြစ်သွားတဲ့ယာဉ်ကလည်း တရုတ်ပြည်က ၀ယ်ထားတာ တစ်နှစ်လောက်ပဲရှိပါသေးတယ်" ဟု ရန်ကုန်ရာဇာမင်းကားဂိတ်၏ မန်နေဂျာ ဦးချိုက မေ ၁၃ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

အဆိုပါယာဉ်မတော်တဆမှုအား ဒုရဲအုပ် ဇော်လှိုင်ထွန်းက တရားလိုပြုလုပ်တိုင်တန်းထားကြောင်း၊ ပလွေးအမြန်လမ်းရဲစခန်းက ယာဉ်(ပ) ၁၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

၂၀၁၄ ခုနှစ်အတွင်း အမြန်လမ်း၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်အချို့

● ဇန်န၀ါရီ ၅ ရက် နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း၌ မှန်လုံယာဉ်က ယာဉ်တစ်စီးအားကျော်တက်စဉ် အရှိန်လွန်ကာ ယာဉ်တိမ်းမှောက်၍ တစ်ဦးသေ။

● ဇန်န၀ါရီ ၁၀ ရက်ရက် နံနက် ၆ နာရီမိနစ် ၄၀ ခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၂၂/၀)နှင့် (၂၂/၁)၌ ဟွန်းဒိုင်းခရီးသည် တင်မှန်လုံယာဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ခရီးသည် ၃၂ ဦးအား ကယ်တင်နိုင်ခဲ့။

● ဖေဖော်ဝါရီ ၂ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင်အမှတ် (၃၇၈/၁) တွင် ထော်လာဂျီယာဉ်နှင့် ဗန်အမျိုးအစားယာဉ်တို့ တိုက်မိခဲ့ပြီး ခရီးသည် ခြောက်ဦးသေဆုံးကာ ၂၉ ဦး ဒဏ်ရာရ။

● ဖေဖော်ဝါရီ ၂ ရက် နံနက် ၅ နာရီခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၂၇၄/၅-၆) တွင် လိုက်ထရပ်တစ်စီးအရှိန်မထိန်းနိုင်ဘဲ တံတားအားဝင်တိုက်မိခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့။

● ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကိုရီးယားနိုင်ငံသားမောင်းနှင်လာသော ပရာဒိုယာဉ် တိုက်ရော့ပြုတ်ကာ ယာဉ်တိမ်းမှောက်ခဲ့ပြီး နှစ်ဦးဒဏ်ရာရ။

● ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၃၈၇/၀) တွင် ဘုရားဖူးဒိုင်နာယာဉ် အရှိန်လွန်တိမ်းမှောက်ခဲ့ပြီး တစ်ဦးသေဆုံးကာ သံဃာတော်ခုနစ်ပါးနှင့် လူ သုံးဦး ဒဏ်ရာရရှိခဲ့။

● မတ် ၂၀ ရက် ညနေ ၄ နာရီခန့်တွင် နေပြည်တော်-ရန်ကုန် အမြန်လမ်းမိုင်တိုင် (၁၂၄/၀)တွင် ဘရူနိုင်းနိုင်ငံသားသုံးဦး စီးနင်းလိုက်ပါလာသောယာဉ်သည် အခြားလိုက်ထရပ်ယာဉ်နှင့် တိုက်မိခဲ့ပြီး ယာဉ်ပေါ်ပါသူများ ဒဏ်ရာရ။

● ဧပြီ ၁၂ ရက် နံနက် ၂ နာရီခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင် အမှတ် (၁၁၆/၂-၃) တွင် တောင်ပြာတန်းခရီးသည်တင် မှန်လုံယာဉ်မှာ ချီစာဆလွန်အားတိုက်မိရာမှ မီးလောင်၍ ၁၂ ဦးသေဆုံးခဲ့။

● ဧပြီ ၁၄ ရက် နံနက် ၄ နာရီခွဲခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် (၃၃၆/၃-၄) ၌ စက်ပျက်ပြီးရပ်ထားထားသော နေလခရီးသည်တင်ယာဉ်အား ခရီးသည်တင် တက်လမ်းယာဉ်က တိုက်ပြီးခဲ့ပြီး နှစ်ဦးသေဆုံးကာ ရှစ်ဦး ဒဏ်ရာရရှိခဲ့။

● ဧပြီ ၁၈ ရက် နံနက် ၁၀ နာရီခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင် အမှတ် (၁၈၇/၃-၄) တွင် နစ်ဆန်းဗင်နတီယာဉ် ၀ဲဘက်ရှေ့ဘီးပေါက်၍ ယာဉ်တိမ်းမှောက် လေးဦးသေ၊ ၁၄ ဦး ဒဏ်ရာရှိခဲ့။

● ဧပြီ ၂၂ ရက် နံနက် ၇ နာရီ၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၂၈/၆)၌ ခရီးသည်တင်မှန်လုံယာဉ်တစ်စီး အပူလွန်ကဲတာယာပွင့်ကာ မီးလောင်မှုဖြစ်ပွားပြီး သံဃာတော်လေးပါးအပါအ၀င် ၄၁ ဦးအား ဒဏ်ရာများမရရှိအောင် ကယ်ဆယ်နိုင်ခဲ့။

Eleven Media Group