မြို့ (၉)မြို့တွင် အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ် ကြောက်ရွံ့ မုန်းတီးမှုများအား ဆန့်ကျင်ရေး အခမ်းအနား ပြုလုပ်မည်

ပို့စ်တင်ချိန် - 5/14/2014 11:56:00 AM


ရန်ကုန်မြို့ အပါအ၀င် မြို့ပေါင်းကိုးမြို့ ၌ အပြည်ပြည်ဆိုင်ရာ လိင်တူ ချစ်သူများ အပေါ် ကြောက်ရွံ့မုန်းတီးမှုများ ဆန့်ကျင်ရေး အခမ်းအနားကို တစ်ချိန်တည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း လိင်တူ ချစ်သူများ အရေး ဆောင်ရွက်နေသည့် Colour Rainbow အဖွဲ့မှ သိရ သည်။

အခမ်းအနားကို ပြုလုပ်တာဆိုရင် ဒါ သုံးနှစ်မြောက်ပါ။ ဒီလိုမျိုးပွဲ လုပ်ပြီး ပညာပေးတဲ့ အတွက် အရင်ကထက် လိင်တူ ချစ်သူ တွေကို ပြည်သူတွေက ပိုလက်ခံလာတယ် လို့ ပြောလို့ရပါတယ်။ အရင်က ဆိုရင် ပေါ်ပေါ် ထင်ထင် မတွေ့ရဘူး။ ခွဲခြား ဆက်ဆံမှုတွေ ပြုလုပ် တယ်။ အခုဆိုရင် အဲဒါတွေ သိပ်မရှိတော့ဘူး ဟု Colour Rainbow အဖွဲ့မှ တာဝန်ခံ ကိုဖြိုးသစ်လူ က The Messenger သတင်းစာ သို့ ပြောသည်။ ရန်ကုန်မြို့ ၌ ပြုလုပ်ရာတွင် ပြည်သူ့ ဥယျာဉ်နှင့် အမေရိကန် စင်တာတို့တွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပြည်သူ့ဥယျာဉ်တွင် လိင်တူချစ်သူများစုပေါင်း၍ သရုပ်ပြ အစီအစဉ်များ၊ ကပြ ဖျော်ဖြေမှုများ ပြုလုပ်သွားမည် ဖြစ်ပြီး၊ လိင်တူချစ်သူများကို ခွဲခြား ဆက်ဆံမှု မရှိစေရေး၊ လိင်တူ ချစ်သူများ အပေါ် ခေါ်ဝေါ်သုံးစွဲ ပုံပြောင်းလဲပေးရေး အစရှိသည့် တို့ပါဝင်သည့် စာတမ်းများကို ဖြန့်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။ အမေရိကန် စင်တာတွင်မူ လူ့အခွင့်အရေးကော်မရှင်နှင့် နိုင်ငံခြား သံရုံးမှ သံရုံး ကိုယ်စားလှယ်များက လူ့အခွင့်အရေး ဆိုင်ရာ အသိပညာ၊ ကျန်းမာရေးဆိုင်ရာ အသိပညာ၊ ဥပဒေ ဆိုင်ရာ အသိပညာ၊ စာနယ်ဇင်း ကျင့် ၀တ်ဆိုင်ရာ အသိပညာတို့ကို ဆွေးနွေးပွဲ တစ်ရပ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။(၁၅)ရက်နဲ့ (၁၆)ရက်မှာ ပုဒ်မ ၃၇၇ နဲ့ ပတ်သက်ပြီး ဥပဒေပညာရှင်တွေ ပါဝင်တဲ့ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်သွားမယ်။ ပုဒ်မ ၃၇၇ က ဘယ်လိုပေါ်လာလဲ၊ လက်ရှိမှာ အသုံးပြုနေ လား၊ ဥပဒေနဲ့ ပတ်သက်ပြီး၊ ဘယ်သူတွေက ဘယ်လို ခံစားနေရလဲ စ သည်ဖြင့်ပေါ့။ ဥပဒေကို ပြင်မလား၊ ဖျက်မလား။ အဲဒါတွေကို ဆွေးနွေးသွားမှာပါ ဟု Equality Myanmar မှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းကပြောသည်။ အဆိုပါ ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍လည်း ပြည်သူ့လွှတ်တော် သို့ တင်ပြရန် အစီအစဉ်များ ပြုလုပ်ထားကြောင်း Colour Rainbow အဖွဲ့မှ သိရသည်။

၁၉၉၀ ပြည့်နှစ်တွင် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့မှ လိင်တူချစ်သူများကို ရောဂါသည်များ စာရင်းမှ ပယ်ဖျက်သည့်နေ့ကို အပြည်ပြည် ဆိုင်ရာ လိင်တူချစ်သူများနေ့အဖြစ် သတ် မှတ်ထားခြင်းဖြစ်ပြီး ကော့သောင်း၊ ထားဝယ်၊ မုံရွာ၊ ပခုက္ကူ၊ ကျောက်ပန်းတောင်း၊ ပြည်၊ လားရှိုး၊ မန္တလေးမြို့ တို့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။


messenger news journal