ကောင်းသော အိပ်စက်ခြင်း ဖြစ်ရန်



အသက် ၇ နှစ်အရွယ် ကောင်မလေးနဲ့ ကောင်လေး တစ်နေရာ မှာ တွေ့ပါတယ်။

ကောင်မလေးမှာ သကြားလုံးများပါလာပြီး ကောင်လေးဆီမှာ ဖန်ဂေါ်လီလုံးများ ပါလာပါတယ်။

ကောင်လေးက သကြားလုံး စားချင်တော့ သကြားလုံး အားလုံးနဲ့ သူ့ဖန်ဂေါ်လီအားလုံး လှဲမယ်လို့ ပြောလိုက်ပါတယ်။ ကောင်မလေး က လည်း သဘောတူတော့ သကြားလုံးနဲ့ ဂေါ်လီလုံးများကို လှဲလိုက် ပါတယ်။

သို့ပေမယ့် ကောင်လေး ကတော့ အလှဆုံး ဖန်ဂေါ်လီတစ်လုံးကို မပေး ပဲ ဝှက်ထားပါတယ်။ ကောင်မလေးကတော့ သူ့သကြားလုံး အားလုံး ကို ပေးလိုက်ပါတယ်။

ညရောက်တဲ့အခါမှာတော့ ကောင်မလေးက အိပ်ပျော်ပေ မယ့် ကောင်လေး တစ်ယောက် အိပ်မပျော်ပါဘူး။ ဖန်ဂေါ်လီ အားလုံး ပေးမယ်လို့ ပြောပြီး အလှဆုံး တစ်လုံး ဖယ်လို့ သူ့အတွက် သိမ်းထားမိတဲ့အတွက် မလုံမလဲနဲ့ ပေးခဲ့ရင် အကောင်းသား လို့တောင် နောင်တရနေမိပါတယ်။

---
သင်ခန်းစာ -

လူတွေက အမှန်ဆိုတာ သိတယ်။ အမှားဆိုတာ သိတယ်။ ကောင်းတဲ့ အကျင့်ကို သိတယ်။ မကေင်းတဲ့ အကျင့်ကို သိတယ်။ သို့ပေမယ့် တကယ် ပြုမူ လုပ်ဆောင်တဲ့ အခါမှာ ကိုယ့် အတ္တကို ရှေ့တန်းတင်ပြီးတော့ တစ်ခါ တစ်လေကျ လုပ်ဆောင်တတ်ပါတယ်။ နောက်တော့မှ ငါမှားနေ ပါလား ဆိုပြီးတော့ နောင်တရတာက ထုံးစံပါပဲ။ အားလုံး အမှား အနည်းနိုင်ဆုံး၊ အတ္တ အနည်းနိုင်ဆုံး ကြိုးစားလို့ ကောင်းမွန်စွာ အိပ်နိုင်ဖို့ ဆုတောင်း ပေးလိုက် ရပါတယ်။

--
Ref: everyquote
အောင်ခမ်း (ရိုးရာလေး)

ဂူဂဲလ် မြေပုံပေါ်က အိန္ဒိယရဲ့ တပ်ဂ်ျ မဟာလ်



Published on Feb 17, 2014
အိန္ဒိယက တပ်ဂ်ျ မဟာလ် ဆိုတာ ကမ္ဘာ့ အထင်ကရ အဆောက်အအုံတွေထဲက တစ်ခု ဖြစ်ပါတယ်။ အခုတော့ အဲဒီကို အင်တာနက်ပေါ်ကနေ သွားကြည့်လို့ ရနေပါပြီ။ အိန္ဒိယ အစိုးရနဲ့ ဂူဂဲလ်တို့ ပေါင်းပြီး အွန်လိုင်းကနေ ၃၆၀ ဒီဂရီ Street View ကြည့်နိုင်ဖို့ လုပ်ပေးထားတာပါ။ သတင်းဗီဒီယိုကို ကြည့်ရှုနိုင်ပါတယ်။

BBC

အမေရိကန်သမ္မတဟောင်း Theodore Rooseveltအဖြစ်သရုပ်ဆောင်ချင်နေ တဲ့ Leonardo DiCaprio



Monday, February 17, 2014

Leonardo DiCaprio ဟာသူ့ရဲ့နောက်ထပ်ရုပ်ရှင်လှုပ်ရှားမှုတစ်ခုအနေနဲ့ အမေရိကန်သမ္မတဟောင်း Theodore Roosevelt အဖြစ်သရုပ်ဆောင်ဖို့စီစဉ်နေပါတယ်။

အမေရိကန်နိုင်ငံရဲ့ ၂၆ ယောက်မြောက်သမ္မတရဲ့အတ္ထုပ္ပတိဇာတ်ကားအတွက် ဒါရိုက်တာ Martin Scorsese နဲ့ရိုက်ကူးထုတ်လုပ်ဖို့အတွက် Wolf of Wall Street ရဲ့သရုပ်ဆောင်က အပူတပြင်းလုပ်ဆောင်နေတာဖြစ်ပါတယ်။

“သူ့ရဲ့အရင်ရုပ်ရှင်ဟာ box office မှာအကြီးအကျယ်အောင်မြင်ခဲ့ပြီးနောက် Leo တစ်ယောက် Martin Scorsese နဲ့ထပ်မံပူးပေါင်းမယ့် သူ့ရဲ့ Roosevelt အတ္ထုပ္ပတိရုပ်ရှင်အတွက် အလောတကြီးလုပ်ဆောင်နေတာဖြစ်ကြောင်း သူ့သူငယ်ချင်းတွေကိုပြောပါတယ်” လို့အတွင်းသိတစ်ယောက်က RadarOnline.com ကိုပြောပါတယ်။

သူက ဒီတစ်ခု စတင်ရုပ်လုံးပေါ်လာဖို့ ငွေကြေးကို ဆယ်စုနှစ်တစ်ခုနီးပါး စိတ်ရှည်ရှည်နဲ့ စောင့်လာခဲ့တဲ့အတွက် အခုမှမလုပ်ရင် ဘယ်တော့မှလုပ်ဖြစ်မှာမဟုတ်ဘူး လို့ပြောတယ်လို့ဆိုပါတယ်။

၁၉၀၁ ခုနှစ်ကနေ ၁၉၀၉ ခုနှစ်အထိသမ္မတ တာဝန်ယူခဲ့တဲ့ လူကောင်ထွားထွား သမ္မတနေရာမှာ သရုပ်ဆောင်ဖို့အတွက် Leonardo တစ်ယောက် ကာယလေ့ကျင့်ခန်းတွေ လုပ်ရဖွယ်ရှိပါတယ်။ ဒါပေမယ့်လည်း သူဟာဒီစိတ်ခေါ်မှုအတွက် အသင့်ရှိတယ်လို့ အတွင်းသိကပြောပါတယ်။

“သူကဒီတစ်ခုအတွက်ဘာပဲလုပ်ရလုပ်ရ ဖြစ်အောင်လုပ်မှာပါ။ ဒါဟာ Leo အော်စကာဆု ရချင်တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ပြီးတော့ဒီရုပ်ရှင်အကြောင်းကိုသူအမြဲတမ်းပြောနေတာပါ” လို့လဲပြောပြပါတယ်။

ဒီရုပ်ရှင်ဟာ Pulitzer ဆုရစာအုပ် The Rise of Theodore Roosevelt စာအုပ်ကိုအခြေခံတာဖြစ်ပြီး Leonard ရဲ့လုပ်ဖေါ်ကိုင်ဖက်တွေကတော့ Leo တစ်ယောက်နိုင်ငံရေးရုပ်ရှင်ထပ်လုပ်မှာဖြစ်တဲ့အတွက် အဲဒီ့ရုပ်ရှင်ရဲ့အရည်အသွေးအတွက်ပူပန်နေရပါတယ်။ Leo ဟာ ၂၀၁၁ ခုနှစ်တုန်းက FBI ဒါရိုက်တာဟောင်း J Edgar Hoover ရဲ့ဖြစ်ရပ်မှန်သမိုင်းရုပ်ရှင် J Edgar မှာပါဝင်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်မှုမရခဲ့ပါဘူး။

Trend Myanmar.

ဧရာဝတီတိုင်းက ကျေးရွာ အုပ်ချုပ်ရေးမှူး ၁ ဦး လူကုန်ကူးမှုဖြင့် တရားစွဲခံရ


ကျေးရွာ အုပ်ချူပ်ရေးမှုး, လူကုန်ကူးမှု, ဧရာဝတီတိုင်း ဒေသကြီး, သာပေါင်းမြို့နယ်
ဧရာဝတီတိုင်း ပုသိမ်မြို့တွင် ကျင်းပသည့် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဖျော်ဖြေပွဲ(ဓာတ်ပုံ – ဆလိုင်းသန့်စင်)

ဧရာဝတီ တိုင်းဒေသကြီး သာပေါင်း မြို့နယ် တောင်ကလေး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အပါအ၀င် လူ ၃ ဦးကို လူကုန်ကူးမှုဖြင့် အရေးယူပေးရန် ထိုင်းနိုင်ငံမှ ပြန်လည် ရောက်ရှိလာသည့် ရွှေပြောင်း လုပ်သားတဦးက သာပေါင်း မြို့မရဲစခန်းတွင် ယမန်နေ့က အမှုဖွင့်ခဲ့ကြောင်း သိရသည်။

တောင်ကလေး ကျေးရွာအုပ်စု အတွင်းမှ ဒေသခံများကို အကြွေး စနစ်ဖြင့် ထိုင်းနိုင်ငံသို့ တရားမ၀င် ပို့ဆောင်၍ အလုပ်ကြမ်းများ ခိုင်းစေခဲ့သည့် အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်၊ ၎င်း၏ ညီဖြစ်သူ ဦးအောင်မြင့်နှင့် ဦးအုန်းချစ်တို့အား အမှုဖွင့် ထားကြောင်း တရားလို ဖြစ်သူ တောင်ကလေး ကျေးရွာနေ ကိုမောင်ဇော်က ဧရာဝတီသို့ ပြောသည်။

“သူတို့က ကျနော် အပါအ၀င် ရွာသားတွေကို လူ စုဆောင်းတယ်၊။ ထိုင်းကို တရားမ၀င် အကြွေးနဲ့ ပို့ပေးတယ်။ ဟိုရောက်တော့ လုပ်ခတွေ ခေါင်းပုံဖြတ် ယူတယ်။ ကျနော့်ကို ပို့ဆောင်ပေးခဲ့တာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နဲ့ သူ့ညီ ဦးအောင်မြင့် ဖြစ် ပါတယ်။ နောက် လူပို့တဲ့ အထဲမှာ ဦးအုန်းချစ် ဆိုတာလည်း ပါသေးတယ်။ ဒီကိစ္စကို ကျနော်က မကျေနပ်လို့ အမှု ဖွင့်တာပါ”ဟု ၎င်းက ပြောသည်။

တောင်ကလေး ကျေးရွာမှ အမျိုးသား ၄၅ ဦး၊ အမျိုးသမီး ၆ ဦး စုစုပေါင်း ၅၁ ဦးကို ဦးသိန်းအောင်၊ ဦးအောင်မြင့်နှင့် ဦးအုန်းချစ်တို့က ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းက စတင်၍ တရားမ၀င် လမ်းကြောင်းမှတဆင့် ထိုင်း နိုင်ငံသို့ ပို့ဆောင်ခဲ့ပြီး လုပ်အားခများအား ခေါင်း ပုံဖြတ်ယူခဲ့ကြောင်းလည်း ကိုမောင်ဇော်က ဆိုသည်။

ယင်းသို့ တရားမ၀င် ပို့ဆောင်မှုတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က လူ၎ ဦး ပို့ဆောင်ခဲ့ပြီး၊ ဦးအောင်မြင့်က လူ ၂၄ ဦးနှင့် ဦးအုန်းချစ်က လူ ၂၇ ဦးကို ပို့ဆောင်ခဲ့ကြောင်း တောင်ကလေး ကျေးရွာ ဒေသခံများက ဧရာဝတီ တိုင်းဒေသကြီး အစိုးရ ၀န်ကြီး ချုပ်ထံ တင်ပြသော စာတွင် ရေးသားထားသည်ကို တွေ့ရသည်။

အမည် မဖော်လိုသည့် တောင်ကလေး ရွာသား တဦးက“ကျေးရွာ အုပ်ချုပ်ရေးမှူးက ကိုမောင်ဇော် တို့ကို ပို့တဲ့ အခေါက်က ဆိုရင် လူ ၁၄ ဦး ပါတယ်။ ဦးသိန်းအောင် ကိုယ်တိုင် ကားဂိတ် အထိ လိုက်ပို့ ပေးတာ။ နောက်တခါ သူ့သားကို ထိုင်းကိုပို့တဲ့ အခေါက်မှာဆိုရင်လည်း ရွာက လူငယ် ၃ ဦးပါတယ်။ သူ့သားနဲ့ဆို ၄ ဦးပေါ့။ သူကိုယ်တိုင် ရန်ကုန်ကို ထက်အောင်လင်းကားနဲ့ လိုက်ပို့ပေးခဲ့ တာ”ဟု ပြောသည်။

ဦးအောင်မြင့်က မိမိအား ထိုင်းသို့ အလုပ်သွား လုပ်ရန် လမ်းစရိတ် ကျပ် ၆ သိန်း သတ်မှတ်ပြီး ယင်းငွေ အပေါ်တွင် အတိုး ၁၀ ရာခိုင်နှုန်း သတ်မှတ်ကြောင်း၊ ထိုင်းရောက်မှ အလုပ်လုပ်ပြီး ပြန်ဆပ်ရန် ပြောဆိုပြီး တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့မှ တဆင့် သွားရသည့် တရားမ၀င် လမ်းကြောင်းမှ ထိုင်းနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံမှ သာပေါင်း မြို့နယ်သို့ ပြန်လည် ရောက်ရှိလာခဲ့သူ မ၀ါဝါအောင်က ပြောသည်။

“ကျမတို့ကို ဦးအောင်မြင့်က ထားဝယ်အထိ လိုက်ပို့တယ်။ ထားဝယ်မှာ ကောင်လေးတယောက်နဲ့ဦးကြီး တယောက်က လာခေါ်ပြီး ထိုင်းထဲကို ပို့တယ်။ ထိုင်းရောက်တော့ ဦးအောင်မြင့်ရဲ့သား ကိုသန်းထိုက်က ငါးခြောက်လှမ်းတဲ့ စက်ရုံမှာ အလုပ် ထည့်ပေးတယ်။ အလုပ်လုပ်ရတာက တနေကုန်ပဲ။ မနက် ၆ နာရီလောက်က လုပ်တာ ည ၁၁ နာရီလောက်မှ ပြီးတယ်။ စားတာလည်း ကောင်း ကောင်း မစားရဘူး။ လုပ်ခ ကျတော့ ကိုသန်းထိုက်က အလုပ်ရှင်ဆီကနေ ဖြတ်ယူထားတယ်”ဟု ၎င်းက ပြောပြသည်။

အလုပ်ကြမ်း လုပ်ရသဖြင့် မလုပ်လိုတော့ဘဲ အိမ်ပြန်လိုကြောင်း ပြောသော်လည်း အကြွေး မကျေသည့် အတွက် ကိုသန်းထိုက်က ပြန်မလွှတ်ခဲ့ကြောင်း၊ ၁၀ လခန့် အလုပ်လုပ်ပြီးနောက် လမ်းစရိတ် အကြွေး ၆ သိန်း ကျေသည့် အခါမှသာ အိမ်ပြန်ခွင့် ပြုသဖြင့် ထိုင်းနိုင်ငံမှ ပြန်လာရခြင်း ဖြစ်ကြောင်း မ၀ါဝါအောင်က ပြောဆိုသည်။

ထိုင်းနိုင်ငံသို့ တရားမ၀င် ပို့ဆောင်ခံရသူများမှာ ငါးခြောက် လုပ်ငန်း၊ ရေခဲ စက်ရုံ၊ ရေသန့် စက်ရုံ၊ ရာဘာ စိုက်ခင်းနှင့် သစ်သီးခြံများရှိ အလုပ်ကြမ်းများကို လုပ်ကိုင်ကြရကြောင်း ထိုင်းမှ ပြန်လည် ရောက်ရှိလာသူများက ဆိုသည်။

လူကုန်းကူးမှု စွပ်စွဲချက်များနှင့် ပတ်သက်ပြီး တောင်ကလေး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က “ကျနော့်ကို စွပ်စွဲထားတာ တွေက လုံးဝ မဟုတ်ပါဘူး။ ဒီကိစ္စကို တရားရုံးမှာ ကျနော် ရင်ဆိုင် ရဲပါတယ်။ အပြစ် ကျူးလွန်ရင်လည်း ကျနော်တို့က အရေးယူခံ ဖို့ အဆင်သင့်ပဲ။ လူခေါ်တဲ့ ကိစ္စတွေမှာ ဦးအောင်မြင့်တို့ ဦးအုန်းချစ်တို့နဲ့ အလုပ်လုပ်ချင်တဲ့ လူတွေ ထိုင်း ကို ပါသွားတယ် ဆိုတာ သိတာနဲ့ ဖေဖော်ဝါရီလ ၁၅ ရက်၊ ၂၀၁၃ မှာ ကျနော် သူတို့ ၂ ဦးကို ခံဝန် လက်မှတ် ထိုးခိုင်းခဲ့ပါတယ်။ ဒါတွေဟာ ပြဿနာ ရှိတယ်။ အန္တရာယ် ရှိတယ်။ နောက်နောင် အခုလို လူတွေ ခေါ်မသွားဖို့ လက်မှတ် ထိုးခိုင်းတာပါ”ဟု ပြောဆိုသည်။

ယင်း အမှုကို သာပေါင်းမြို့နယ် မြို့မရဲစခန်းက လက်ခံထားပြီး တိုင်ကြားသူ ကိုမောင်ဇော်အား မေးမြန်း စစ်ဆေးနေကြောင်း သာပေါင်း မြို့မ ရဲစခန်းမှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။

လက်ရှိတွင် ထိုင်း နိုင်ငံမှ သာပေါင်း မြို့နယ်သို့ ပြန်လည် ရောက်လာသူ ၉ ဦး ရှိပြီး လူ ၄၀ ကျော်မှာ တရားမ၀င် အလုပ်သမားများ အဖြစ် ထိုင်းနိုင်ငံ၌ အလုပ်လုပ်နေကြဆဲ ဖြစ်ကြောင်း သိရသည်။

“ထိုင်းမှာ ကျန်နေတဲ့ လူတွေ အတွက် မြန်မာပြည်က သူတို့ မိသားစုဝင်တွေက စိတ်ပူနေကြတယ်။ တရားမ၀င်သွားတဲ့ လူတွေလည်း ဖြစ်တော့ သူတို့တွေ အဖမ်းခံ ရမလား၊ ဘာတွေများ ဖြစ်မလဲ စိတ်ပူနေကြတာ။ ပြန်ခေါ်ဖို့ အတွက်တော့ ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီးချုပ်ရော၊ လူကုန်ကူးမှု တားဆီးရေး တပ်ဖွဲ့ကိုရော အကူအညီ တောင်းထားတယ်”ဟု လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် ကူညီ ဆောင်ရွက်နေသည့် လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေး ကွန်ရက် (HRWDN) မှ ကိုမြင့်နိုင်က ပြောသည်။

အဆိုပါ တရားမ၀င် အလုပ်သမားများထဲမှ တောင်ကလေး ကျေးရွာနေ ကိုကျော်ဦး ဆိုသူမှာလည်း လုပ်ခလစာကိစ္စဖြင့် အချင်းများ သော ကြောင့် ထိုင်းနိုင်ငံသား အလုပ်ရှင်၏ သတ်ဖြတ်ခြင်းခံခဲ့ရပြီး ထိုင်း နိုင်ငံမှာပင် သင်္ဂြိုဟ်ခဲ့ရကြောင်း မိသားစုဝင်များက ပြောပြ သည်။

ဧရာဝတီတိုင်း ဒေသကြီးသည် မြန်မာနိုင်ငံတွင် လူကုန်ကူးခံရမှု ပဉ္စမမြောက် အများဆုံး ဒေသတခုဖြစ်ပြီး ၂၀၁၃ ခုနှစ် အတွင်း လူကုန်ကူးမှု ၆ မှု ဖြစ်ပွား ခဲ့သည်။

၂၀၁၃ ခုနှစ် အတွင်း ထိုင်း နိုင်ငံသို့ လူကုန်ကူး ခံရသူ အမျိုးသား ၁၄၂ ဦး၊ အမျိုးသမီး ၉၁ ဦး စုစုပေါင်း ၂၃၃ ဦး ရှိကြောင်း လူကုန်ကူးမှု တားဆီးရေး တပ်ဖွဲ့၏ စာရင်း မှတ်တမ်းများ အရ သိရသည်။

arrawady

တရားနဲ့ဖြေ ဆိုတဲ့ စကားလေးတော့ ဟြေတတ်လာတယ်



 
နန်းသူဇာ၊
အသက် ၂၃၊ ဘီအေ (အင်္ဂလိပ်စာ)၊
သရုပ်ဆောင်၊ အဆိုတော်၊

လတ်တလောမှာ ရှိုးပွဲတွေ ဆိုဖို့ရှိပါတယ်။   ကြော်ငြာတွေ ရိုက်ဖို့ရှိပါတယ်။


 နန်းမြတ်နဲ့ ညီမဆိုထားတဲ့ “သူငယ်ချင်း” အခွေလေးက လည်း ရန်ကုန်က ပရိသတ်တွေကတော့ ကြိုက်တယ်လို့ ဟြေကြပါတယ်။
နယ်အထိလည်းဖြန့်မှ ပရိသတ်ရဲ့ တကယ့်  Feedback ကို ကြားရမှာပါ၊ နယ်ပရိသတ်ကိုတော့ နားစွင့်နေပါတယ်၊
ကိုယ့်သီချင်းတွေကို ကျေနပ် လားဆိုတော့ မကျေနပ်ပါဘူး။ ပထမဆုံးအခွေဆိုတော့ ပိုဆိုးတာပေါ့။
အမြန်ထွက်အောင်လုပ်လိုက်ရတော့ တချို့သီချင်းလေးတွေကို သိပ်စိတ်တိုင်းမကျဘူး။
နောက်ခွေကို ဒီထက်ကောင်းအောင်လုပ်မယ်ဆိုတဲ့ စိတ် တော့ရှိပါတယ်။

ဟိုတလောကပဲ ညီမအသက်က ၂၃ နှစ် ပြည့်သွားပါပြီ။
အခုတော့ အသက်မေးရင် ဖြေနေ တုန်းပါပဲ။
နောက်ပိုင်းတော့မသိပါဘူး . .(ရယ်လျက်)။

အားတဲ့ အချိန်မှာဆို ညီမက ရုပ်ရှင်ကြည့်တယ်၊   Shopping သွားတယ်။
အရင်ကတော့ ညဘက်ဘုရားသွားရတာကိုကြိုက်တယ်။ ဘာလို့လဲတော့မသိဘူး။ အခုနောက်ပိုင်းတော့ သိပ်မသွားဖြစ်တော့ဘူး။

 စာတော့ မဖတ်ဖြစ်ပါဘူး၊ ရုပ်ရှင်ကြည့်တာကပိုများပါတယ်၊ Online တက်လားတော့ မမေးပါနဲ့။ အဲဒါက နေ့တိုင်းလုပ်တဲ့ မလုပ်မဖြစ်လုပ်ရတဲ့ အလုပ်ပါ။
ကိုယ့်ရဲ့ Facebook မှာလည်း ပုံတွေတင်ပါတယ်။ အခုတောင် မအားသေးလို့၊ တင်ချင်နေပြီလေ။
Facebook ကို ဘယ်နေရာ ရောက်ရောက် Check-in လုပ်တတ်တယ်။

အနုပညာအလုပ် မဟုတ်ဘဲတခြား အလုပ်ဆိုရင် ညီမအရင်က ဆရာမလုပ်ချင်စိတ်ဖြစ်သွားသေးတယ်။
ညီမ မိဘမဲ့ကျောင်းမှာ ကလေးတွေကို အင်္ဂလိပ်စာ လိုက်သင်ပေးဖူးတယ်။ British Council နဲ့တွဲပြီးတော့ လုပ်ခဲ့ဖူးပါတယ်။
ပရဟိတ လုပ်တာတောင် ကိုယ့် ဘာသာကိုယ် မသိဘူး၊ သူငယ်ချင်းတွေနဲ့ C.S.I ဆိုတဲ့ အဖွဲ့လေးဝင်ထားတယ်၊
အဲဒီမှာ စာတွေသင်တော့ ဆရာမလို့ ဝိုင်းခေါ်တော့ ဆရာမဖြစ်ချင်ခဲ့တယ်။

ငယ်ငယ်ကတော့ ဒီဇိုင်းဆွဲရတဲ့ Architect  ကို ဝါသနာပါတယ်၊ ဒါပေမယ့် Physics ကညံ့တော့ မဖြစ်ခဲ့ဘူး။
အဓိကကတော့ ဒီဇိုင်းဆွဲရတာ ဝါသနာပါတယ်။ ကျောင်း ပြီး တာကတော့ B.A (English) နဲ့ပါ။

ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ရင် ဘယ်လိုလူလဲဆိုတော့ အပူပင်မရှိဘူး၊ တခါတလေကျရင်တော့ အရမ်း စိတ်ပူလွန်းတယ်။
ဗေဒင်ကိုတော့ သိပ်မယုံပါဘူး။ ဗေဒင် တခေါက် တွက်ကြည့်တုန်းကတော့ ဒွိဟများနေတဲ့သူလို့ဟြေတယ်။ တကယ်လည်း မှန်တယ်။
အလုပ်တခု လုပ်မယ်ဆိုရင်လည်း ရွေးစရာကနှစ်ခု ပေါ်ပေါ်လာတယ်။ အမြဲတမ်း နှစ်ခုလုပ်ချင်တယ်။

ညီမဘဝမှာမရှိ မဖြစ်ဆိုတဲ့အရာဆိုရင်တော့ အများကြီးပါပဲ။ လူပုဂ္ဂိုလ်ဆိုရင်တော့ မိဘက မရှိမဖြစ်ပါပဲ။
တခါတလေ စဉ်းစား မိတာက မိဘတွေမရှိရင် ကိုယ်ဘယ်လိုနေမလဲပေါ့။ စဉ်းစားပြီးရင် ကြောက်တယ်။
 ဒါကြောင့် မိဘတွေကို လိုတာအကုန် လုပ်ပေးတယ်။
 မိဘတွေမရှိတော့ရင် .. ဆိုတာကိုတော့ တွေးပြီးကြောက်တယ်။

ကိုယ့်ကို ပရိသတ်တွေကတော့ အကောင်းပဲသုံးသပ်ဟြေပါတယ်။ သူငယ်ချင်းတွေကတော့ ပေါတောတောနဲ့တဲ့။
ဒီအနုပညာအလုပ်ကို ဘယ်လိုလုပ်ဖြစ်သွားမှန်းတောင် မသိဘူးလို့ ဟြေကြတယ်။

ညီမက ဘဝမှာ လွတ်လွတ်လပ်လပ်နေရတာပဲ ကြိုက်ပါတယ်။ သွားချင်တဲ့နေရာလည်း  သွားလိုက်တာပဲ။
လွတ်လပ်မှုကို သဘောကျပြီး လူအရမ်းများတဲ့နေရာဆို ညီမ မနေတတ်ဘူး။
ညီမက အဝတ်အစား ဖက်ရှင်ဆိုလည်း လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးဝတ်ရတဲ့ ပုံစံကိုပဲကြိုက်ပါတယ်။

ညီမရဲ့ နေထိုင်မှုပုံစံကိုတော့  စိတ်တိုင်းကျမှု မရှိသေးပါဘူး။
အရင်တုန်းက ညီမတို့က မိသားစုအများကြီးနေခဲ့ကြတာဆိုတော့  အဲဒီ ဘဝလေးကို ပြန်ပြီးသွားချင်တယ်။
အခုက ညီမတို့ မိသားစု လေးယောက်ပဲ ရှိတော့ပါတယ်။ အားလုံးက အိမ်တွေခွဲပြီး နေကုန်ပြီလေ။ အဲဒါကြောင့်ပါ။
ညီမကို အားပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်၊ ညီမလည်း အနုပညာအလုပ်တွေကို ကြိုးစားပြီး ဆက်လုပ်သွားပါမယ်လို့ ဟြေချင်ပါတယ်။

ဘဝမှာဘယ်လိုစိတ်မျိုးနဲ့ နေထိုင်လဲဆိုရင် ညီမက မာနကြီးတတ်တယ်လို့ဟြေရမယ်၊ တခုခုဆို အရှုံးမပေးတတ်ဘူး။
ဘာလို့ မလုပ်နိုင်ရမှာလဲ၊ လုပ်နိုင် အောင် လုပ်မယ်ဆိုတဲ့ စိတ်မျိုးတော့ရှိပါတယ်။ ဘဝနဲ့တော့ သိပ်မဟြေတတ်ပါဘူး။
 အခု ဘာပဲဖြစ်လာဖြစ်လာ တရားနဲ့ဖြေ ဆိုတဲ့ စကားလေးတော့ဟြေတတ်လာတယ်။
 တခုပေးမှတခုရမယ်တို့၊ တန်ပြန်သက်ရောက်မှုတို့ အဲဒါတွေကိုတော့သိပါတယ်။ တရားသဘောလေး တွေတော့ နည်းနည်းသိလာပါပြီ။
ဘဝမှာ ဘယ်လို နေပြီး ဘယ်လိုသေရမလဲဆိုတာကိုတော့ တချို့အဖြစ်အပျက်တွေကိုဖတ်ကြည့်၊ တွေးကြည့်ပြီး သိလာပါတယ်။

မြတ်သူအောင်
arrawady

မြန်မာပြည်မှ ပျောက်ကွယ်သွားသော ကျားဖြူများ




ဟိုးအရင်က ရခိုင်ရိုးမမှာ အိန္ဒိယ ကျားဖြူတွေ ကျက်စားပါတယ်။ သို့ပေမယ့် ယနေ့ခေတ် ပြန်လည် စစ်တမ်းကောက်ယူမှုအရတော့ မြန်မာပြည်မှာ လုံးဝ မရှိတော့ပါဘူး။

အိန္ဒိယမှာပဲ ပိုမိုအတွေ့များတဲ့အတွက် အိန္ဒိယ ကျားဖြူ လို့ခေါ်ပါတယ်။ ၂၀၁၀ ခုနှစ် စစ်တမ်းအရ အိန္ဒိယမှာ ၁၆၀၀ မှ ၁၉၀၀ ကြား၊ ဘင်္ဂလားဒေ့ရှ်မှာ ၄၄၀၊ နီပေါမှာ ၂၂၉၊ ဘူတန်မှာ ၈၈ ဖြစ်ပြီး မြန်မာပြည်မှာ လုံးဝ မရှိတော့ပါဘူ။ သူ့ကို ဘင်္ဂလား ကျားလို့လည်း ခေါ်ပါတယ်။

ဘင်္ဂလားကျားခေါင်းစဉ်အောက်မှာ အခြားအရောင်များလည်း ရှိပေမယ့် အဖြူရောင်ကတော့ ရှားပါးပဲ ဖြစ်ပါတယ်။ အထီးဟာ အရှည်အားဖြင့် ၁၁၀ မှ ၁၂၀ လက်မ၊ အမ ၉၄ မှ ၁၀၄ လက်မ ရှိပါတယ်။ ပေါင်ချိန်ကတော့ အထီးက ၄၄၈ ပေါင်၊ အမ ၃၀၈ ပေါင် လောက်ထိ ၀ိတ် ရှိပါတယ်။ အဖြူရောင် ဆိုပေမယ့် အနက်ရောင် အဆင်းများလည်း ပါရှိပါတယ်။

ယနေ့မှာဆိုရင် အရေအတွက် ၁၂၀၀ ကျော်ဝန်းကျင်တောင် ကျန်ရှိဖို့ မသေချာ တော့တဲ့ ကျား ဖြစ်ပါတယ်။ နောင် နှစ်အနည်းငယ် အတွင်း မျိုးသုန်း တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့က ကျားဖြူနဲ့ ဘင်္ဂလားကျားမျိုးများကို ရှားပါးအဖြစ် သတ်မှတ် ထားပါတယ်။ ကမ္ဘာကလည်း ရှားပါး တိရစ္ဆာန်စာရင်းထဲ ထည့်သွင်း ထားပါတယ်။

မျိုးပွားဖို့ ကြိုးစားပေမယ့် အရေအတွက် ကျားဖြူများရဲ့  အရေအတွက်ဟာ တစ်နှစ်ထက် တစ်နှစ် လျော့နည်းလာကြောင်း သိရပါတယ်။
--
Ref: wiki
အောင်ခမ်း (ရိုးရာလေး)
YoYarLay

ဘရာဇီးလ် ဘောလုံးအသင်းအတွက် ကမ္ဘာ့ဖလား ကိုယ်စားပြု အလှမယ်ပြိုင်ပွဲ





Monday, February 17, 2014

Miss Butt Brazil အမည်ရှိ အလှမယ် ရွေးချယ်ပွဲကို လတ်တလောတွင် ကျင်းပနေဆဲဖြစ်ပြီး ဆန်ခါတင် (၁၁)ဦးအဆင့်ထိ ရောက်ရှိလာပြီဟု သိရသည်။

ဘရာဇီးလ်နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးတွင် အိမ်ရှင်အသင်းကို အားပေးသည့် အနေဖြင့် အလှမယ် ရွေးချယ်ပွဲတစ်ခု ပြုလုပ်နေကြောင်း သိရသည်။ ဘရာဇီးလ်အသင်း ဆဋ္ဌမအကြိမ်မြောက် ကမ္ဘာ့ဖလား ချန်ပီယံဆု ဆွတ်ခူးရေးသည် သန်းပေါင်း(၂၀၀)မျှရှိသည့် ဘရာဇီးလ် ပြည်သူများအတွက် အိပ်မက်တစ်ခု ဖြစ်သော်လည်း အမျိုးသမီး တစ်ဦးကမူ ကိုယ်တိုင်ကိုယ်ကျ ထဲထဲဝင်ဝင် ပါဝင်အားပေးခွင့် ရမည်ဖြစ်သည်။ Miss Butt Brazil အမည်ရှိ အလှမယ် ရွေးချယ်ပွဲကို လတ်တလောတွင် ကျင်းပနေဆဲဖြစ်ပြီး ဆန်ခါတင် (၁၁)ဦးအဆင့်ထိ ရောက်ရှိလာပြီဟု သိရသည်။

ယင်းတို့အနက် နောက်ဆုံး တစ်ဦးကို မတ်လ(၅)ရက်နေ့တွင် အမည်ထုတ်ပြန် ကြေညာသွားမည် ဖြစ် သည်။ ရွေးချယ်ခံရသော အလှမယ်သည် ဘရာဇီးလ် အသင်း၏ ကိုယ်စားပြု အလှမယ်အဖြစ် ပြိုင်ပွဲကာလတွင် ပရိသတ်ရှေ့ ထွက်ပေါ်လာခွင့် ရရှိမည်ဟု ဆိုသည်။ နေမာ၊ သီယာဂိုဆေးလ်ဗား အစရှိသည့် ကမ္ဘာကျော် ဘောလုံးသမားများ စုစည်းထားသည့် ဘရာဇီးလ် အသင်းအနက် ဆွဲဆောင်မှု အရှိဆုံးနှင့် ဆွဲဆောင်မှု အနည်းဆုံး ကစားသမား တစ်ဦးစီကို အဆိုပါ မိန်းကလေးများက မဲပေးခွင့် ရရှိခဲ့ပြီး ဆွဲဆောင်မှု အရှိဆုံးအဖြစ် နေမာက ရပ်တည်နေသည်။

ဆွဲဆောင်မှု အနည်းဆုံးမှာမူ တိုက်စစ်မှူးဟော့ခ် ဖြစ်နေကြောင်း သိရသည်။ သို့သော်လည်း မိန်းကလေး အများစု တစ်ပြေးညီ ယူဆထားသည့် ဘရာဇီးလ်ရောက် ဘောလုံးသမား အားလုံးအနက် ဆွဲဆောင်မှု အရှိဆုံး ကစားသမားမှာမူ ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒို ဖြစ်နေသည်။ အိမ်ရှင်ဘရာဇီးလ် အသင်းသည် ပြိုင်ပွဲ၏ အုပ်စု(A)တွင် ပါဝင်နေပြီး ခရိုအေးရှား၊ မက္ကစီကို၊ ကင်မရွန်းတို့နှင့်အတူ ကျရောက်နေကြောင်း သိရှိရသည်။

Planet Myanmar Network

ရနံတွေနဲ့ အချိန်ကို ဖော်ပြပေးမဲ့ နာရီ




ရနံတစ်ခုထဲ နဲ့ အချိန်ကို ဖော်ပြပေးနိင်တယ်ဆိုတာကတော့ စဉ်းတော့ စဉ်းစားစရာပါပဲ။
ဘာပဲ ဖြစ်ဖြစ် လူတွေဟာ နေ့တစ်နေ့ကို စတင်ဖြတ်ပြီးဆိုတာနဲ့ ရနံတွေကိုတော့ မလွဲမသွေ ကြုံတွေ့ရမှာပါပဲ။
လတ်ဆတ်တဲ့ ကော်ဖီအနံတွေကနေစ ပြီး ကားကနေ ထွက်တဲ့ အိတ်ဇောအနံတွေ အထိပေါ့။
ထို့ ရနံ နာရီဆိုတာကတော့ ဟတ်ဝဲလ် ဒီဇိုင်းနာနဲ့ ကွန်ပျူတာ ရူပ်ပိုင်းဗေဒဆိုင်ရာ တွေကို လတ်ချာပေးနေသူတစ်ဦး ဖြစ်သူ Aisen Caro Chacin ဆိုသူက တီ
ထွင်ခဲ့တာ ဖြစ်ပြီး အခ်ျိန်သတ်မှတ်ချက် တွေတိကိမူတွေဆီက ဝေးကွာစေခဲ့ပြီး အဓိက ရနံတွေနဲ့သာ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ထို လက်ပတ်နာရီဟာ ပုံမှန်တွေ့နေကြ နာရီတွေနဲ့ မတူညီပဲ နာရီလက်တံတွေ၊ မိနစ်လက်တံတွေကို ဝေးကွာစေခဲ့ပြီး ရနံ ထုတ်လွှတ်မူ အနေနဲ့ ရနံ လေးမျိုးဖြစ်
ထုတ်လွှတ်နိင်တဲ့ နာရီ တစ်လုံး ဖြစ်ပါတယ်။ အဓိက အားဖြင့် အချိန် (၄) မျိုး ပိုင်ခြားကာ ထုတ်လွှတ်ပေးသွားမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားရင်တော့ http://www.aisencaro.com/scent.html တွင် ၀င်ရောက်လေ့လာနိင်ပါတယ်။

Smart Pro Journal

မလေးရှားရောက် မြန်မာများအတွက် အရေးပေါ်သတိပေးချက်

(၁၇.၂.၂၀၁၄ ) နေ့လည် ၁၂ နာရီခွဲ

ကေအယ် တစ်ဝိုက်မှာ ပျောက်နေတာကြာပြီဖြစ်တဲ့ WMK 7468
ဗန်ကား ပြန်လာပြီး ဖမ်းဆီးနေတာတွေ လုပ်နေပြီ။

ကေအယ် မြို့ထဲလာမည့် သူများသတိထားကြပါ။
ပါဆာစီနီး မီးပွိုင့်နားမှာ WMK 7468 ဗန်ကား
ငွေရောင်ကားထိုးထားပါတယ်။ အရပ်ဝတ်နဲ့ အနားက
ဖြတ်သွားတဲ့ လူတွေကို စစ်ဆေးပြီး အထောက်အထား မခိုင်လုံပါက
ကားပေါ်ခေါ်တင်သွားတွေ ရှိနေပါတယ်။

လူတိုင်းကိုတော့ မစစ်ဘူး မဟုတ်ဘူး သူတို့ အနားကဖြတ်သွားတဲ့
သူတွေကို စစ်ပြီး ရဲကဒ်ပြပြီး စစ်ပါတယ်။ အထောက်အထား မခိုင်လုံရင်
ကားပေါ်ဆွဲတင်နေပါတယ်။

တရားမ၀င်တဲ့နိုင်ငံခြားသားများကို အကြောင်းပြုပြီး အထောက်အထားမရှိတဲ့သူများနှင့်
အထောက်အထား မခိုင်လုံသူတို့အား ဖမ်းဆီးမှုပြုလုပ်ပြီးလျှင် အခကြေးငွေ
ပေးလျှင် ပြန်လွှတ်ပေးသည်။

အရင်က WMK 7468 ဗန်ကားဟာ
(၁) ကိုတာရာယာ ကုန်တိုက်ဘေး
(၂) ကေအယ် မြန်မာဆိုင်တန်း ဖက်မှာ ဖမ်းနေကြပါ။
(၃) အခု ပါဆာစီနီးဖက်မှာ ရောက်နေပါပြီ ...

နိုင်ငံခြားသားတွေကို ဒီလို လုပ်စားရင် ရတယ်ဆိုတာ သူတို့သိနေပါပြီ။
WMK 7468 ဗန်ကားမှာ ဒီလို အဖမ်းခံရရင် အနည်းဆုံး ရင်းဂစ် ၅၀၀ ကနေ
၁၅၀၀ ထိတောင်းပါတယ်။ အချုပ်ထဲမှာ နီးစမ်ရာ ဆွေမျိုး သူငယ်ချင်းများမှ
လိုက်ထုပ် ပေးရပါတယ်။ လာမထုပ်သူ မရှိရင်တော့ အချုပ်ထဲမှာပဲ နေရပါတယ်။
အသွားအလာ ဆင်ခြင်ကြပါ ခင်ဗျာ။

အထောက်အထား မပြည့်စုံသူ (မခိုင်လုံသူ) များအနေဖြင့် ကေအယ်
(ကွာလာလမ်ပူ) ကားဂိတ် ၊ ရထားဂိတ် စသည့်နေရာများတွင် သွားလာပါက
ဂရုစိုက်ကြည့်ရှု၍ သတိထား သွားလာကြပါရန် အသိပေး အပ်ပါသည်။

ညအချိန် မတော် အပြင်ထွက် သွားလာခြင်းတို့ကိုလည်း တတ်နိုင်သရွေ့
ရှောင်ကြပါ။ (မလေးမှာ ရဲကြောက်ရ ၊ လူမိုက်များ ကြောက်ရ ၊ လုယက်သူများကို
ကြောက်ရနဲ့) နောက်တစ်ခုက မလေးမှာ Taxi စီးရင် ပိုပြီးဂရုစိုက်ပါ။

ကေအယ် ၊ ကိုတာရာယာ ၊ မိုင်ဒင်း စတဲ့ နေရာတွေမှာ ဖုန်းရောင်းတာတွေ
ဝယ်တာတွေ ဂရုစိုက်ပါ။ လမ်းတွေမှာ ဖုန်းတွေပြပြီး ရောင်းလျှင်
လုံးဝမဝယ်မိပါစေနဲ့ ဖုန်းအတုတွေပါ။ ဈေးပေါတယ် ဆိုပြီး မဝယ်မိပါစေနဲ့
နေ့စဉ် မြန်မာများ အလိမ်ခံရနေပါတယ်။

ကားပေါ်မှာ ဓားပြတိုက်တာတွေ မကြာခဏ ဆိုသလို မြန်မာများ ခံနေရတာ
စိတ်တော့ မကောင်းဘူး) ကိုယ်တိုင်လည်း ဘာမှ မလုပ်ပေးနိုင်ဘူး ....
ဒီတော့ မဖြစ်သင့်တာ မဖြစ်ရလေအောင် အားလုံး သတိထားကြပါ။
ရဲတွေနဲ့ မတွေ့ရတာ စကားမပြောရတာ ကောင်းပါတယ်။
ရှောင်နိုင်ရင် အကောင်းဆုံးပါပဲ .....

မလေးရောက် မြန်မာများအားလုံး သွားလေရော ဘေးရန်အန္တရာယ်များ
ကင်းဝေးပါစေလို့ ဆုတောင်းပေးပါတယ် ခင်ဗျာ ....

နေဇော်လင်း

Live Free Online Radio Media (Malaysia)

မြစေတီ ကျောက်စာ ကမ္ဘာ့ အမွေအနှစ် စာရင်းသွင်းရန် ကြိုးပမ်း


UNESCO, မြစေတီ ကျောက်စာ, ရာဇကုမာရ် ကျောက်စာ, ဂူပြောက်ကြီး ကျောက်စာ, မြင်းကပါရွာ, ကမ္ဘာ့ အမွေအနှစ်, ပုဂံပြတိုက်
ပုဂံမြို့ မြင်းကပါရွာ မြစေတီ ဘုရား ရင်ပြင်ပေါ်တွင် စိုက်ထူထားသော မြစေတီ ကျောက်စာတိုက်(ဓာတ်ပုံ – ကိုစိုး)

မြစေတီ ကျောက်စာဟု လူအများသိသော ကျန်စစ်သားမင်းကြီး၏ သားတော် ရာဇကုမာရ် မင်းသား ရေးထိုးခဲ့သည့် ပုဂံခေတ် ကျောက်စာကို ကမ္ဘာ့ရှေးဟောင်း အောက်မေ့ဖွယ် အမွေအနှစ် စာရင်း (Memory of The World Register) သွင်းရန် ဆောင်ရွက်မည် ဟု သိရသည်။

ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO) အသိအမှတ်ပြု ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင် ဖြစ်ရေး အတွက် လာမည့် မတ်လ အတွင်း လျှောက်ထားရန် ယနေ့ ကျင်းပသည့် မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီ အစည်း အဝေးက ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ယဉ်ကျေးမှု ၀န်ကြီးဌာနမှ အမည်မဖော်လိုသည့် အရာရှိတဦးက “မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်နဲ့ မြန်မာစာပေ အရေးအသားကို ကမ္ဘာက အလေးထားစေဖို့ လျှောက်ထားတာပါ”ဟု ဆိုသည်။

ရာဇကုမာရ် ကျောက်စာဟုလည်း ခေါ်ဆိုသည့် ပါဠိ၊ မွန်၊ မြန်မာ၊ ပျူ ဘာသာလေးမျိုးဖြင့် ရေးထိုးထားသော မြစေတီ ကျောက်စာ သည် မြန်မာ့ သမိုင်း၊ ယဉ်ကျေးမှု၊ ဘာသာစာပေ များနှင့် ပတ်သက်ပြီး အထူးအရေးပါသည့် အထောက်အထား တခု ဖြစ်သည်။

ပုဂံမြို့တောင်ဘက် မြင်းကပါရွာရှိ မြစေတီ ဘုရားအနီး တွေ့ရှိခဲ့ခြင်းကို အကြောင်းပြု၍ မြစေတီ ကျောက်စာဟု ခေါ်ဆိုခြင်း ဖြစ်ကြောင်း သိရသည်။ မြစေတီ ကျောက်စာကို ဂူပြောက်ကြီး ကျောက်စာ ဟုလည်း ခေါ်ဆိုကြသည်။

မြစေတီ ကျောက်စာတိုင် ၂ ခုရှိသည်။ ပုဂံပြတိုက်တွင် တခု ရှိ၍ မြစေတီ ဘုရား ရင်ပြင်ပေါ်တွင် စိုက်ထူထားသော ကျောက်စာ တိုင် တခုတို့ ဖြစ်သည်။

ပုဂံပြတိုက်ရှိ ကျောက်စာတိုင်မှာ အမြင့် ၅ ပေ ၁၁ လက်မ ရှိ၍ လေးဘက် မျက်နှာပြင် အကျယ်ညီသည်။ စာမျက်နှာ အမြင့် ၃ ပေ ၆ လက်မ၊ အကျယ် ၁ ပေ ၂ လက်မ ခန့်ရှိပြီး ပါဠိဘာသာဖြင့် ၄၁ ကြောင်း၊ မြန်မာစာဖြင့် ၃၉ ကြောင်း၊ မွန်စာဖြင့် ၃၃ ကြောင်း၊ ပျူစာဖြင့် ၂၆ ကြောင်း ရေးထိုး ထားသည်။ ယင်း ကျောက်စာတိုင်ကို အစိုးရ တွဲဖက်ကျောက်စာဝန် ပါဠိ ပါမောက္ခ ဂျာမန် ပညာရှင် ဒေါက်တာ ဖိုရှမ်းမား ဆိုသူက စတင် ၍ မြစေတီ ခြေရင်း၌ ကပ်လျက်တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

မြစေတီ ရင်ပြင်ပေါ်ရှိ ကျောက်စာတိုင်မှာ မတ်ရပ် လေးထောင့် ကျောက်တိုင် ဖြစ်ပြီး ကျောက်စာ မျက်နှာပြင် နှစ်ဘက်သည် ပိုမို ကျယ်ပြန့်သည်။ ကျန် ၂ ဘက်မှာ ကျဉ်းသည်။ အကျယ်ဘက် ၂ ဘက်သည် ၁ ပေ ၈ လက်မခန့်ရှိပြီး အကျဉ်းဘက်၌ ၁၀ လက်မခွဲမှ ၁၂ လက်မ အထိရှိကြောင်း၊ အကျယ် မျက်နှာပြင်ဘက်၌ စာမျက်နှာပြင် အမြင့် ၄ ပေ ၄ လက်မခန့်ရှိပြီး ၁ ပေ ၇ လက်မခွဲ အကျယ်ရှိကြောင်း၊ ပါဠိ စာကြောင်းရေ ၄၀ ၊ မြန်မာစာကြောင်းရေ ၃၄ ၊ မွန် စာကြောင်းရေ ၄၆ နှင့် ပျူ စာကြောင်းရေ ၂၉ ရှိကြောင်း မြန်မာ့ စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။

မြစေတီ ရင်ပြင်ပေါ်ရှိ ကျောက်စာတိုင်မှာ ဂူပြောက်ကြီးဘုရား လိုဏ်ဂူ အတွင်း၌ သုံးပိုင်း ကျိုးပြတ် နေသည်ကို စတင်တွေ့ရှိရခြင်း ဖြစ်သည်ဟုလည်း မှတ်တမ်းများက ဆိုသည်။

ကျန်စစ်သားမင်း နတ်ရွာစံပြီး တနှစ်ခန့်အကြာ သက္ကရာဇ် ၄၇၅ ခုနှစ်တွင် ရေးထိုးသည်ဟု ယူဆရသည့် အဆိုပါ ကျောက်စာတွင် သားတော်ဖြစ်သူ ရာဇကုမာရ် မင်းသားသည် ထီးနန်းစည်းစိမ်ကို မရရှိခဲ့သော်လည်း မိဘဂုဏ်ကျေးဇူးကို ရည်စူးသည့် သားကောင်း ရတနာဖြစ်ကြောင်း ရေးထိုးထားခြင်း ဖြစ်သည်။

မြစေတီ ကျောက်စာကို လန်ဒန်တက္ကသိုလ်မှ ဒေါက်တာ ဘလက်ဒင်က အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့ပြီး ရန်ကုန်တက္ကသိုလ် ပါမောက္ခ ဆရာကြီး ဦးဖေမောင်တင်က မွန်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။

မြစေတီ ကျောက်စာသာ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင်အဖြစ် UNESCO က အသိအမှတ် ပြုခဲ့လျှင် မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်တခု ဒုတိယ အကြိမ် အသိအမှတ်ပြုခံရခြင်းဖြစ်သည်ဟု ဆိုရပေမည်။

ပြီးခဲ့သည့်နှစ်အတွင်းကလည်း မန္တလေးမြို့ စန္ဒာမုနိဘုရားအတွင်းရှိ “ကမ္ဘာ့ အကြီးဆုံး စာအုပ်” ဟု တင်စားခေါ်ဝေါ်သည့် ၁၅၃ နှစ် သက်တမ်းရှိ ကုသိုလ်တော် ပိဋကတ် ကျောက်စာများကို မြန်မာနိုင်ငံ၏ ကမ္ဘာ့ ရှေးဟောင်း အောက်မေ့ဖွယ် အမွေအနှစ် စာရင်းဝင် အဖြစ် UNESCO က ပထမဆုံး အကြိမ် အသိအမှတ်ပြုခဲ့သည်။

ပုဂံခေတ်နှင့်ပတ်သက်လျှင် မြစေတီကျောက်စာကို အစောဆုံးဟု ယူဆကြသော်လည်း မကြာသေးမီက မြစ်သားမြို့နယ်၌ စောလူး မင်း ကျောက်စာဟု ယူဆသည့် ကျောက်စာတချပ် ထပ်မံတွေ့ရှိရသည့်အတွက် အိန္ဒိယနိုင်ငံရှိ ရှေးဟောင်း သုတေသန ဌာန (Archaeological Survey of India)၏ အကူအညီဖြင့် စစ်ဆေးလျက် ရှိသည်။

ဧရာဝတီ

ရန်ကုန်တွင် ဆေးမတိုးသည့် အဆုတ်တီဘီရောဂါ ဖြစ်ပွားမှုများ ရှိလာ


ဆေးကုသမှုပေးနေသည့် နယ်စည်းမခြားဆရာဝန်များအဖွဲ့မှ ဆရာဝန်တဦး(ဓာတ်ပုံ – MSF)

ရန်ကုန်မြို့တော်ကဲ့သို့ မြို့ပြဒေသကြီးများတွင် ကုသရန် ခက်ခဲ၍ ဆေးမတိုးသည့် အဆုတ်တီဘီရောဂါ ဖြစ်ပွားမှုများ ရှိလာပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အဆုတ်နှင့်ရင်ခေါင်းအထူးကုဌာန၊ ဌာနမှူး ပါမောက္ခ ဒေါက်တာ ၀င်းနိုင်က ပြောသည်။

ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး (UMFCCI) တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကျင်းပသည့် တီဘီရောဂါဆိုင်ရာ အသိပညာပေး ဟောပြောပွဲ တွင် ဒေါက်တာဝင်းနိုင် က ထိုသို့ပြောဆိုခြင်းဖြစ်သည်။

“ ဆေးယဉ်ပါး တီဘီ အခြေအနေ ဘယ်လိုရှိပါသလဲ။ ကျနော်တို့နိုင်ငံ အဆိုးဆုံးထဲမှာမပါပါဘူး၊ ဒါပေမယ့် ကမ္ဘာ့ အဆိုးဆုံး ၂၇ နိုင်ငံထဲမှာတော့ ပါပါတယ်။ အဆိုးဆုံးတော့ မဟုတ်သေးပါဘူး၊ မဟုတ်ဖို့လည်း ကျနော် တို့ ကြိုးစားနေပါတယ်။ XDR တီဘီဆိုတာ ဆေးမတိုးတဲ့ တီဘီ ။ သူကတော့ အပြင်းတက အပြင်းထဲမှာ ပါတယ် ဆေးမတိုးတဲ့ တီဘီရောဂါတမျိုးဖြစ်တယ်။ အဲဒါက ကျနော်တို့ရဲ့ ကမ္ဘာကြီး ရင်ဘောင်တန်းရင် ကျနော်တို့ နိုင်ငံမှာလည်းရှိတယ်။ ဒီလေထုထဲမှာပဲ ရှိတယ်၊ လေကိုရှုတဲ့ သူတိုင်း ဒီတီဘီရောဂါဖြစ်နိုင်တယ်။ ဆင်းရဲ ချမ်းသာ မရွေး၊ ရန်သူမိတ်ဆွေ မဆိုင်ပါဘူး၊ ကျနော်တို့ ဆရာဝန်တွေ ကိုယ်တိုင် တီဘီရနိုင်ပါတယ်။ လူတိုင်း အတွက် အန္တရာယ်ရှိပါတယ်´´ ဟု ဒေါက်တာဝင်းနိုင်က ရှင်းပြသည်။

ပုံမှန်အားဖြင့် တီဘီရောဂါ ဖြစ်ပွားလျှင် ဆေးကုသမှု သက်တမ်း ၆ လနှင့် ၈ လ အတွက် ဆေးထိုး၊ ဆေး သောက်ရုံ ဖြင့် ပျောက်ကင်းနိုင်သော်လည်း ဆေးမတိုးသည့် XDR တီဘီ ရောဂါဖြစ်ပွားပါက ကုသရမည့် ဆေးဝါး ရှားပါးသည့်အပြင် ဆေးဝါးစရိတ်မှာလည်း အလွန်ကြီးမြင့်ကြောင်း၊ ဆေးကုသမှု ကာလသည်လည်း ၂ နှစ် ကြာမြင့်ပြီး သောက်သုံးရသည့်ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုး များပြားကြောင်း ၎င်းက ဆိုသည်။

ဆေးမတိုးသည့် XDR တီဘီသည် ပုံစံနှစ်မျိုးဖြင့် ကူးစက်ပျံ့ပွားပြီး တီဘီရောဂါ ဝေဒနာရှင်များ ဆေးပုံမှန် မသောက်သုံးရာမှ ဆေးယဉ်ပါးပြီး ကုသရန် ခက်ခဲသည့် XDR တီဘီရောဂါ ဖြစ်ပွားကြောင်း၊ ယင်းXDR တီဘီ ပိုးသည် လေထဲမှ တဆင့် အခြားသူများထံ ကူးစက်ပျံ့ပွားကြောင်း သိရှိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေး စီမံချက်က ကုသရန် ခက်ခဲသည့် ဆေးမတိုး သော တီဘီရောဂါ ဖြစ်ပွားသူများကို ပြုစုစောင့်ရှောက်ရေး စီမံချက်များရှိပြီး ဆေးမတိုးသည့် တီဘီရောဂါ ခံစား ရသော ဝေဒနာရှင်များသည် သောက်သုံးရန် ဆေးဝါးအတွက် စောင့်ဆိုင်းရမှုများရှိကြောင်း သိရှိရသည်။

“ဆေးမတိုးတဲ့ TB အကြောင်းလေးလည်း ကျနော် တင်ပြချင်ပါတယ်။ ဘယ်လိုနည်းတွေရှိတယ်ပေါ့။ တမျိုးတည်းကို မတိုးတာ၊ နှစ်မျိုးကို မတိုးတာ။ အရေးကြီးသော နှစ်မျိုးကို မတိုးတာ။ နှစ်မျိုးအထက်ကို မတိုးတာ။ ဘာဆေးမှ မတိုးတာ။ ဒီလိုအဆင့်တွေ ကျနော်တို့ ခွဲထားတယ်။ အဲလိုခွဲထားတဲ့နေရာမှာ ဆေးမှာ စပြီးတော့ အူထဲကိုဝင်လိုက်တာနဲ့ မတိုးတဲ့ပိုးက ၀င်လာတာလား၊ ကိုယ့်ဆီမှာကုရင်းနဲ့ ကိုယ်လုပ်လို့ပဲ ဆေးက မတိုးတော့တာလား။ ဒီလိုမျိုး ကွဲတာရှိတယ်။ သူများဆီကစပြီးဝင်လာတဲ့ ပိုးကိုမှ သူများဆီက ကိုယ်က ရလိုက်တာပေါ့။ ဒါဆိုရင် ဆေးမတိုးတဲ့ TB ကိုကြည့်ရင် ဘာမှ ပြောလို့မရတော့ဘူလား။ ဆရာဝန်တယောက်အနေနဲ့ကျတော့ ကုရာနတ္ထိ ဆေးမရှိ ဒီလိုတော့လည်း မဟုတ်သေးဘူးပေါ့။ အရင်တုန်းက ကုရာနတ္ထိဆေးမရှိတွေ တောင် ဆေးရှိလာတာပဲ ။ ရှိတယ်လို့ ဆိုပြီးဖြစ်လာတာပဲ။ သူတို့လည်း ပွားတာပဲ။ ဒါပေမယ့် သေချာတာကတော့ ဘာလဲ ဆေးများများ သောက်ပါပေါ့လေ။ ဈေးများများ ပေးရမယ်။ TB က မဖြစ်တာ အကောင်း ဆုံးပါပဲ။ ဆေးယဉ်ပါးတီဘီအတွက် ဆေးဖိုးကုန်ကျစရိတ်က အပြင်မှာ ဆေးဝယ်သောက်ရင် တလကို ၅ သိန်း လောက် ကုန်တယ်။ ရှိတယ်။ ၂ နှစ် ဆေးသောက် ရမှာဆိုတော့ သိန်း ၁၀၀ လောက်ကုန်မယ်။ ကျနော်ကုပေးရတဲ့ ဆေးယဉ်ပါး တီဘီဝေဒနာရှင်တွေ ရှိပါတယ်´´ ဟု ဒေါက်တာဝင်းနိုင်က ဆိုသည်။

မြန်မာနိုင်ငံတွင် တီဘီရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ တိကျသော ကိန်းဂဏန်းဇယားမရှိဘဲ ခန့်မှန်းခြေအားဖြင့် ယမန်နှစ်က လူတသိန်းလျှင် လူဦးရေ ၂၀၀ တီဘီရောဂါဖြစ်ပွားကြောင်း၊ ယခုလက်ရှိတွင်မူ လူတသိန်းလျှင် လူ ၃၀၀ ရောဂါဖြစ်ပွားသည်ဟု ၎င်း၏ အဆိုအရ သိရှိရသည်။

Marie Stopes International Myanmar မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာစစ်နိုင်က တီဘီရောဂါသည် လူ့အသိုင်းအ၀ိုင်းကို ခြိမ်းခြောက်နေသော ကူးစက်ရောဂါတခုဖြစ်ပြီး လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံ၏ အခြေအနေကိုပါ သက်ရောက်မှု ရှိနိုင်သော ရောဂါဟု ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် တီဘီရောဂါ အဆိုးရွားဆုံး ကူးစက်ခံရသော ကမ္ဘာ့ ၂၇ နိုင်ငံစာရင်းတွင် ပါဝင်လျက်ရှိသည်။

ဧရာဝတီ

မြန်မာ့ဖွံ့ဖြိုးရေးလုပ်ငန်းမှာ ပြည်သူ့ အခန်းကဏ္ဍ ADB ဦးစားပေး


မြန်မာနိုင်ငံတွင်း ဖွံဖြိုးရေးလုပ်ငန်းတွေအတွက် ADB အာရှဖွံဖြိုးရေးဘဏ်၊ ကမ္ဘာ့ဘဏ် စတဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေက စတင်ကူညီမှုတွေ လုပ်လာရာမှာ၊ သူတို့အနေနဲ့ ဒေသခံပြည်သူတွေကို အခြေခံတဲ့ အစီအစဉ်တွေ ဒေသခံပြည်သူတွေကိုယ်တိုင်ပါဝင်တဲ့ အစီအစဉ်တွေကို ဆောင်ရွက် သွားမှာဖြစ်တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ တချိန်တည်းမှာတော့ အစိုးရက ဖွဲ့ပေးထားတဲ့ ဒေသဖွံဖြိုးရေးကော်မတီတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်မှုဟာ ဒီလုပ်ငန်းတွေ အောင်မြင်ဖို့ အခရာဖြစ်တယ်လို့ ဖွံဖြိုးရေးသုတေသီတွေကလည်း ပြောပါတယ်။ ရန်ကုန်ရုံးခွဲက ကိုသားညွန့်ဦးက ဒီအကြောင်း စုံစမ်းမေးမြန်းပြီး သတင်းပေးပို့ထားတာဖြစ်ပါတယ်။

အရင်က မြန်မာနိုင်ငံကို ငွေကြေးအကူအညီဖြတ်တောက်ထားတဲ့ အာရှဖွံဖြိုးရေးဘဏ်ဟာ မြန်မာနိုင်ငံတွင်း ဆင်းရဲမွဲတေမှုလျှော့ချရေးနဲ့ HIV/AIDS တိုက်ဖျက်ရေးလုပ်ငန်းနှစ်ရပ်အတွက် ဒေါ်လာ သန်းနှစ်ဆယ်ကျော် အကူအညီတရပ် ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အစိုးရနဲ့ သဘောတူညီချက် လက်မှတ်ထိုးခဲ့ပါတယ်။

ဒါဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် ADB ရဲ့ ပူးပေါင်းဆောင်ရွက်မှုဖြစ်တယ်လို့ မြန်မာနိုင်ငံကို ရောက်ခဲ့တဲ့ ADB ဒါရိုက်တာဘုတ်အဖွဲ့ဝင် ဂျပန်အစိုးရကိုယ်စားလှယ် Kazuhiko Koguchi က ပြောပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံတွင်းက လိုအပ်ချက် ရှိနေတဲ့ ဒေသခံပြည်သူတွေ ရှိရာကို ကိုယ်တိုင် သွားလေ့လာခဲ့သလို၊ ဒီအကူအညီတွေကိုလည်း ဒေသခံပြည်သူတွေကိုယ်တိုင် စီမံခန့်ခွဲရမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို သွားတော့ ဒေသခံပြည်သူတွေနဲ့ တွေ့ခဲ့ပါ တယ်။ သူတို့ဟာ အခြေခံကျတဲ့ လိုအပ်ချက်တွေကို ခံစားခွင့်မရပဲ ဒုက္ခတွေ့နေကြသူတွေပါ။ လမ်း၊ တံတား၊ သောက်ရေသုံးရေ၊ ပညာသင်ကျောင်း ကျန်းမာရေးဌာန စတဲ့ ကျနော်တို့လုပ်မယ့် ကျေးရွာအခြေခံအဆောက်အဦး တည်ဆောက်ရေးစီမံကိန်းတွေဟာ ဒီလူတွေကို ပံ့ပိုး အကူအညီဖြစ်စေမယ် လို့ မျှော်လင့်ပါတယ်။ သူတို့ရဲ့ နေစဉ့် လူနေမှုဘ၀ ပိုမို တိုးတက်ကောင်းမွန် လာမယ်လို့  မျှော်လင့်ပါတယ်။

ဒီစီမံကိန်းတွေကိုလည်း ဒေသခံကျေးလက်လူထုကို အခြေခံပြီး အကောင်အထည်ဖော်ရတဲ့ စနစ်ကို အသုံးပြုထားပါတယ်။ ဆိုလိုတာကတော့ ဒေသခံပြည်သူတွေကိုယ်တိုင် စီမံကိန်းထဲက ဘယ်လုပ်ငန်းတွေကို စလုပ်မယ်ဆိုတာကို ရွေးခြယ်ရမှာပါ။”

အခု ပေးတဲ့ ADB အကူအညီတွေကိုတော့ ဂျပန်အစိုးရက ပေးအပ်တာဖြစ်ပြီး ADB နဲ့ မြန်မာအစိုးရက သဘောတူလက်မှတ်ထိုး အကောင်အထည်ဖော်ရမှာပါ။ တချိန်တည်းမှာလည်းပဲ ကမ္ဘာဘဏ်ဘက်မှာလည်း မြန်မာနိုင်ငံဖွံဖြိုးရေးအတွက် အကူအညီပေးနိုင်ဖို့ စတင်ဆွေးနွေးမှုတွေ ရှိနေပြီလို့သိရပါတယ်။ လတ်တလော အချိန်မှာတော့ ဒီ အကူအညီတွေကို လက်တွေ အကောင်အထည်ဖော်နိုင်ဖို့ ၀န်ကြီးဌာနအချို့ရဲ့ လုပ်ထုံးလုပ်နည်းတွေ ဖြေလျှော့ပေးရေးနဲ့ပတ်သက်ပြီး ကမ္ဘာဘဏ်နဲ့ ၀န်ကြီးဌာန တာဝန်ရှိသူတွေအကြား မကြာခင် ဆွေးနွေးမှုတွေ လုပ်ဖို့ရှိနေပါတယ်။

တဖက်မှာ အကူအညီတွေကို အခုလို ဒေသခံတွေကိုယ်တိုင် ကိုင်တွယ်စီမံဖို့ ဆိုတဲ့နေရာမှာ၊ ဒီ အကူအညီတွေကို စီမံခန့်ခွဲဖို့ စွမ်းဆောင်ရည် ပြည့် ပါ့မလားဆိုတာ မေးခွန်းတော့ရှိပါတယ်။ MDRI စီးပွားရေးနဲ့လူမှုရေးအဖွဲ့က ဒါရိုက်တာ ဒေါက်တာတင်မောင်သန်းကတော့ ဒီ စွမ်းဆောင်ရည်မြင့်တင်ဖို့ ကိစ္စကိုလည်း ဒီအကူအညီပေးရေး အစီအစဉ်တွေမှာ ပါလာဖွယ်ရှိတယ်လို့ ပြောပါတယ်။

"ကမ္ဘာ့ဘဏ်က လုပ်တဲ့ အစီအစဉ်မျိုးကို နမူနာထားပြီး ကြည့်မယ်ဆိုရင် သူက ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကော်မတီကို ဒီငွေကြေးစီမံခန့်ခွဲ ဖို့ပေးတယ်။ စုပေါင်းပြီးတော့ သူတို့ကပဲ ဦးစားပေးအစီအစဉ်တွေ သတ်မှတ်ရတယ်။ လုပ်ငန်းစီမံကိန်းတွေ ရေးရတယ်။ ရေးပြီးတော့ အစိုးရက ပံ့ပိုးကူညီပေးရတယ်။

ဆိုတော့ ADB မှာလည်း အလားတူပေါ့။ အခြားနိုင်ငံတွေမှာ လုပ်ခဲ့တဲ့ အလားတူအတွေ့အကြုံတွေ ရှိလိမ့်မယ်လို့ထင်တယ်။ ပေးတဲ့အကူအညီတွေကို တကယ်စွမ်းဆောင်နိုင်ရဲ့လားဆိုတဲ့ စိုးရိမ်ချက် ရတက်မအေးဖြစ်ကြတာကလည်း သူတို့မှာလည်းရှိတယ်။"

ADB ရဲ့ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr.Putu Kamayana ကတော့ အခုလို အစီအစဉ်ဆွဲဆောင်ရွက်တဲ့နေရာမှာ အစိုးရအပြင် အစိုးရမဟုတ်တဲ့ အသင်းအပင်းတွေ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့လည်း ဆွေးနွေး တိုင်ပင်မှုတွေရှိတယ်လို့ ဗွီအိုအေ မေးမြန်းချက်ကို အခုလို ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံတွင်း စီးပွားဖွံဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် ဘယ်ဟာတွေကို ဦးစားပေးဆောင်ရွက်သွားမယ်ဆိုတာ စဉ်းစား ဆုံးဖြတ်ရတဲ့နေရာမှာ၊ နိုင်ငံတွင်းက အရေးကြီးတဲ့ အမျိုးသားအဖွဲ့အစည်း အားလုံးနဲ့ ထိစပ်သွားဖို့ အရေးကြီးတယ်ဆိုတာကို ADB က ခံယူထားပါတယ်။

ကျနော်တို့ရဲ့ အဓိက လက်တွဲဖက်က အစိုးရဆိုတာတော့ ဟုတ်ပါတယ်၊ ဒါပေမယ့်လည်း ကျနော်တို့ အစီအစဉ်တွေအားလုံးကို အခြား အရေးပါတဲ့ပုဂ္ဂိုလ် အဖွဲ့အစည်းတွေ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ ဒေသခံပြည်သူတွေ အရပ်ဖက် အဖွဲ့အစည်းတွေ ပညာရှင်တွေနဲ့ အခြား လက်တွဲဖက် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး လုပ်တာပါ။ ဒါဟာ လုပ်ငန်းတွေကို မထပ်အောင် အပြင်၊ လုပ်မယ့်အစီအစဉ်တွေအပေါ်မှာ ကိုယ့်ဖက်က အပြည့်အ၀ နားလည်အောင်လည်းဖြစ်ပါတယ်။ ”

ဒေါက်တာတင်မောင်သန်းကတော့ အခုလို စီမံကိန်းတွေ ထိရောက် အောင်မြင်ဖို့ ဆိုရင်တော့ ဒေသခံအစိုးရအဖွဲ့အစည်းတွေနဲ့ အရပ်ဖက်အဖွဲ့တွေအကြား ဘယ်လောက်ထိ နားလည်မှုရှိရှိ အလုပ်လုပ်နိုင်မလဲလည်း အတော်ကြီး တည်နေတယ်လို့ ပြောပါတယ်။

"အထူးသဖြင့် ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှု အရေးကြီးတာပေါ့။ အဲ့သလို ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုမှာ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ တက်တက်ကြွကြွ ပါဝင်မှု၊ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ရည် ဒါတွေက တော်တော် အရေးကြီးတယ်လို့ထင်တယ်။ သမ္မတရဲ့ မူဝါဒမှာ သက်ဆိုင်ရာ မြို့နယ် နယ်ပယ် မှာ အရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင်ရေး ဆိုတဲ့ပုံစံကို ချထားတယ်။ ဒါ စ ကာစဖြစ်တဲ့အတွက် နှစ်ဖက်စလုံးမှာ အသားမကျတာတွေတော့ရှိတယ်။"

ဆင်းရဲမွဲတေမှုလျှော့ချရေး အစိုးရရဲ့ လက်ရှိ အစီအစဉ်တွေထဲမှာတော့ ဒေသ အလိုက် ကျေးလက်ဖွံဖြိုးရေးကော်မတီတွေ ထားရှိပြီး ဆောင်ရွက်နေ တာရှိပါတယ်။ ဒါပေမယ့်လည်း သုံးနှစ်ကြာ အစိုးရသက်တမ်းကာလအတွင်းမှာ သမတဦးသိန်းစိန်အနေနဲ့ လူထုကို ကတိပြုထားတဲ့အတိုင်း ဆင်းရဲ မွဲတေမှုလျှော့ပါးရေး အစီအစဉ်တွေမှာ သိသာထင်ရှားတဲ့ အောင်မြင်မှုတွေ မတွေ့ရသေးဘူးလို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

ဒါပေမယ့် အခုလို နိုင်ငံတကာအဖွဲ့အစည်းကြီးတွေရဲ့ အကူအညီငွေကြေးတွေ အလုံးအရင်းနဲ့ ၀င်ရောက်လာမှု သိပ်မရှိသေးတာကြောင့် လို့လည်း ပြောသူတွေ ရှိပါတယ်။ တဖက်မှာလည်း ဒီငွေကြေးတွေ ၀င်လာရင် ထိထိရောက်ရောက် မှန်မှန်ကန်ကန် အောက်ခြေ အစိုးရအဆင့်တွေမှာ ဘယ်လောက် သုံးစွဲသွားကြမလဲဆိုတာလည်း စိုးရိမ်ကြတဲ့ မေးခွန်းတရပ်ဖြစ်ပါတယ်။

voanews

မြန်မာပြည်က ရှားရှားပါးပါး လောင်းကစားကင်းမဲ့တဲ့မြို့



ကသာခရိုင်၊ကသာမြို့နယ်၊ ပြည်သာယာ ကျေးရွာအုပ်စုတွင် ပြည်သာယာကျေးရွာနှင့် အောင်ပုံကျေးရွာ (၂) ရွာရှိပါသည်။ အိမ်ထောင်စု (၅၇၂)စု နှင့်ကျား (၁၂၉၄) ဦး၊ မ(၁၄၈၉)ဦး စုစုပေါင်း (၂၇၈၃)ဦး နေထိုင်ကြသည်။ ဗမာ နှင့် ကချင်တိုင်းရင်းသား အများစု နေထိုင်ကြသည်။ တောင်သူလုပ်ငန်း အများစုလုပ်ကိုင်ပြီး အေးချမ်းစွာ နေထိုင်ကြသည်။ လောင်းကစား အနည်းပါးဆုံး၊ ကျေးရွာအုပ်စု ဖြစ်သည်။

ကသာမြို့နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူး ကျော်အောင်မြင့်က “ ပြည်သာယာကျေးရွာ အုပ်စုစီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးခင်မောင်တင့်သည် လူငယ်ဖြစ်သော်လည်း၊ ကော်မတီဝင်များ၏ ပါဝင် ကူညီမှု၊ ကျေးရွာ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၏ ကူညီမှုများကြောင့် ဒီကျေးရွာအုပ်စုဟာ လောင်းကစားနည်းပါးဆုံး ဖြစ်ကြောင်း၊ ဒါကြောင့်လည်း ဒီကျေးရွာအုပ်စုကို လောင်းကစားကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း” စသည်ဖြင့် ပြောကြားပြီး လောင်းကစားကင်းမဲ့ဇုန် ဆိုင်းဘုတ်ကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် စိုက်ထူခဲ့သည်။

အခမ်းအနားသို့ မြို့နယ်တရားသူကြီး ဦးတင်မြ၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ယဉ်ယဉ်လှိုင်၊ သတင်းထောက်အဖွဲ့ ခေါင်းဆောင်း ဦးစမ်းဦး (ကမ်းနဖူး-စမ်းဦး)နှင့် အဖွဲ့ဝင်များ၊ မြို့ပေါ် (၁၀) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ၊ အုပ်စုအရန်မီးသတ် တပ်ဖွဲ့များ တက်ရောက်ခဲ့ကြသည်။
By MOI
Yangon Media

မိကျောင်းများ သစ်ပင်တက်နိုင်ဟု သုတေသီများ ပြော


ရိုက်တာ|၀ါရှင်တန်၊ ဖေဖော်ဝါရီ ၁၆

မိကျောင်းများရှိသည့်နေရာများသို့ ၀င်ရောက်ကြသူ အများစုသည် အန္တရာယ်ကို ကာကွယ်နိုင်ရန်အတွက် ရေပြင်နှင့် ကုန်းမြေကိုသာ သတိဖြင့် ကြည့်လေ့ရှိကြသော်လည်း သုတေသနတစ်ခု၏ ရလဒ်အရ ဆိုလျှင် ထိုသူများအနေဖြင့် သစ်ပင်ပေါ်သို့ လည်း သတိဖြင့်ကြည့်ရှုရန် လိုအပ်ကြောင်း ဖေဖော်ဝါရီ ၁၆ ရက်က ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တွားသွားသတ္တ၀ါဖြစ်သည့် မိကျောင်းများအနေဖြင့် သစ်ပင်များပေါ်သို့ တက်နိုင်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာအင်္ဂါရပ်များ ကင်းမဲ့သည်မှာ ထင်ရှားသော်လည်း၊ မိကျောင်းများ သစ်ပင်တက်နိုင်ကြောင်း တင်နက် ဆီတက္ကသိုလ်မှ သုတေသီဗလာဒီမာ ဒီနက်စ်က ဆိုသည်။

သုတေသီများသည် သြစတြေးလျ၊ အာဖရိကနှင့် မြောက်အမေရိကမှ မိကျောင်းများကို လေ့လာခဲ့ကြခြင်း ဖြစ်သည်။ မိကျောင်းများသည် မြေမျက်နှာပြင်မှ ခြောက်ပေအမြင့်အထိ တက်နိုင်ကြောင်း လေ့လာမှုက ဆိုသည်။ သို့ရာတွင် မိကျောင်းများ အနေဖြင့် အမြင့်ပေ ၃၀ အထိ တက်နိုင် ကြောင်း၊ မိကျောင်းများနှင့် လက်ပွန်းတတီး နေထိုင်သူများက ပြောပြခဲ့သည့် အတည်မပြုနိုင်သေးသော အချက်အလက်များကို လည်းလက်ခံရရှိခဲ့သည်ဟု သုတေသီ ဗလာ ဒီမာဒီနက်စ်က ဆိုသည်။

သစ်ပင်တက်နိုင်သည့် သတ္တ၀ါများတွင်ရှိရမည့် ခြေချောင်းများနှင့် ခြေထောက်ဖွဲ့စည်းပုံမျိုး မိကျောင်းများထံတွင် မရှိသော်လည်း အထူးသဖြင့် သေးငယ်သည့် မိကျောင်းများနှင့် ငယ်ရွယ်သော မိကျောင်းများသည် ထောင်လိုက် မတ်စောက်စွာ တက်ကြလေ့ရှိပြီး မိကျောင်းကြီးများမှာမူ စောင်းနေသည့်ပြေပြစ်သော ပင်စည်များနှင့် အကိုင်းအခက်များပေါ်သို့ တက်လေ့ရှိကြကြောင်း လေ့လာသိရှိခဲ့ရ ကာ၊ မိကျောင်း များ၏ အံ့သြဖွယ်ရာ ဖျတ်လတ်မှုဖြစ်သည်ဟု ဗလာဒီမာဒီနက်စ်က ပြောခဲ့သည်။

Mizzima


Twitter က Facebook ပုံစံ ပြောင်းလဲမည်



Mashable

လူမှုကွန်ရက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Twitter က Facebook သွင်ပြင်ပုံစံ ဒီဇိုင်းသစ်တစ်ခုကို ပြောင်း လဲတော့မည် ဖြစ်သည်ဟု Mashable သတင်းက ဖော်ပြလိုက်သည်။

Mashable ၏ အယ်ဒီတာများကTwitter ၏ home page ကို Facebook အသွင်ပြောင်းလဲထားသည်ကို စတင်တွေ့ရှိခဲ့သည်ဟု ဖေဖော်ဝါရီဒုတိယအပတ်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ Twitter ၏ profile စာမျက် နှာတွင် အသုံးပြုသူ၏ ဓာတ်ပုံအသေးနှင့် ကိုယ်ရေးအကျဉ်းတို့ကို စာမျက်နှာ၏ ဘယ်ဘက်အခြမ်းတွင် မြင့်တွေ့နိုင်ကြောင်းနှင့် ခေါင်းစီးဓာတ်ပုံနေရာကိုလည်းချဲ့ထားကြောင်း ၎င်းတို့က ဆိုခဲ့သည်။

Twitte က ထိုကဲ့သို့ဒီဇိုင်းပြောင်းလဲမှုမှာ Desktop ဗားရှင်းများအတွက်သာဖြစ်ပြီး tweets များ ပိုမိုပြု လုပ်နိုင်ရန်အတွက် ဖြစ်နိုင်ကြောင်း Mashable က ခန့်မှန်းထားသည်။ ထို့ပြင် ကုမ္ပဏီက အသုံးပြုသူများ ကို tweet လုပ်ရာတွင် ပိုမိုလွယ်ကူနိုင်စေရန်နှင့် Facebook အသုံးပြုလေ့ရှိသူများကို ဆွဲဆောင်နိုင်ရန် လည်း ရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်း ထပ်မံပြောကြားခဲ့သည်။

ယခုအချိန်တွင် tweet က ဒီဇိုင်းပြောင်းလဲမှုကို ကျယ်ပြန့်စွာသတင်းမထုတ်ပြန်သေးသော်လည်း သုံးစွဲသူ အသစ်များကို ဆွဲဆောင်ရန် ကြိုးစားနေကြောင်း သိသာခဲ့သည်။ Twitter နည်းတူ ဒီဇိုင်းပြောင်းလဲခဲ့သည့် နာမည်ကြီးဝက်ဘ်ဆိုက်များမှာ The Wire နှင့် Business Insider တို့ဖြစ်သည်။

Twitte အသုံးပြုမှုမှာ သုံးစွဲသူအသစ်များအတွက် အခက်အခဲတွေ့စေနိုင်ကြောင်းကို ကုမ္ပဏီ၏ စီနီယာ အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပြီး ၎င်းတို့အနေဖြင့် လာမည့်နှစ်အနည်းငယ်တွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားနိုင်ကြောင်း ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်းက ကြေညာခဲ့သည်။

ယခုလိုဒီဇိုင်းပြောင်းလဲရန် ပြင်ဆင်နေမှုများအပေါ် Twitter အသုံးပြုသူအချို့က မကျေမနပ်ဖြစ်လျက် ရှိနေကြပြီး ၎င်းတို့မှာ Twitter အား Facebook နှင့် ပုံစံဆင်တူရန် အလိုမရှိကြောင်းကို ၎င်းတို့၏ Twitter စာမျက်နှာထက်၌ ဖော်ပြရေးသားခဲ့ကြသည်။
mizzima

အမျိုးသမီးနှစ်ဦး အက်ဆစ်ဖြင့် အပက်ခံရမှု ထပ်မံဖြစ်ပွား



ဇော်ဇော်ထွေး| တနင်္လာနေ့၊ ဖေဖော်ဝါရီလ ၁၇ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။ အမျိုးသမီးတစ်ဦး ခေတ္တကွဲနေသည့် ခင်းပွန်းဖြစ်သူထံ ကလေးသွားရောက်ခေါ်ဆောင်စဉ် အက်စစ်ဖြင့် အပက်ခံလိုက်ရသည့် ဖြစ်စဉ်နည်းတူ ခင်ပွန်းဖြစ်သူထံ ကလေးသွားရောက်ခေါ်ဆောင်သည့် အမျိုးသမီးနှင့် သူငယ်ချင်းတစ်ဦး
အက်ဆစ်ဖြင့် အပက်ခံရမှုဖြစ်စဉ်တစ်ခု ဖေဖော်ဝါရီ ၁၅ ရက်က ထပ်မံဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။

ဖြစ်စဉ်တွင် မွန်းလွဲ ၃ နာရီက လှိုင်မြို့နယ် (၁၂)ရပ်ကွက်နေ မခင်မြတ်မွန်သည် သူငယ်ချင်းဖြစ်သူ မခင်ဝေဝေလွင်နှင့်အတူ ခင်ပွန်းဖြစ်သူထံ ကလေးသွားရောက်ခေါ်ယူစဉ် မခင်မြတ်မွန်၏ ခင်ပွန်းက အက်ဆစ်ဖြင့် ပက်လိုက်ခြင်းဖြစ်သည်။

မခင်မြတ်မွန်သည် ခင်ပွန်းဖြစ်သူ ဝဏ္ဏထွန်း (စုံစမ်းဆဲ)က ကလေးပေးမည်ဟု ပြောဆိုသဖြင့် လှိုင်သာယာမြို့နယ် ၁၅ ရပ်ကွက်ရှိ ခင်ပွန်းဖြစ်သူ နေအိမ်သို့ သွားရောက်စဉ် အက်စစ်ဖြင့် အပတ်ခံလိုက်ရသည်ဟုလည်း ရဲစခန်းတွင် အမှုဖွင့်ရာ၌ ထွက်ဆိုထားကြသည်။

ခင်ပွန်းဖြစ်သူ ဝဏ္ဏထွန်းက အက်စစ်နှင့် ပက်သဖြင့် မခင်မြတ်မွန်နှင့် မခင်ဝေဝေလွင်တို့တွင် ဝဲပါး၊ လက်၊ ခြေထောက်၊ ဦးခေါင်း၊ ရင်ဘက်၊ ဝမ်းဗိုက်တို့တွင် အက်ဆစ်လောင်ကျွမ်းဒဏ်ရာများ ရရှိခဲ့ဖြင့် အင်းစိန်ဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ)များအဖြစ် တင်ပို့
ကုသခဲ့ရသည်။

ထို့ကြောင့် သမီးဖြစ်သူနှင့် သမီးသူငယ်ချင်းတို့ကို အက်စစ်ဖြင့်ပက်သည့် ဝဏ္ဏထွန်းကို အရေးယူပေးရန် မခင်မြတ်မွန်၏ မိခင်ဖြစ်သူ ဒေါ်ဥမ္မာအောင်က အမှုဖွင့် တိုင်တန်းလိုက်ခြင်းဖြစ်သည်။

ယင်းတိုင်တန်းမှုကို လှိုင်သာယာရဲစခန်းက (ပ)၁၉၁/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူကို ပုဒ်မ ၃၂၆ ဖြင့် အရေးယူရန် ဆောင်ရွက်လျက်ရှိသည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုထားသည်။

ဖေဖော်ဝါရီ ၁၀ ရက်ကလည်း အင်းစိန်မြို့နယ်တွင် ခေတ္တကွဲနေသည့် ခင်ပွန်းဖြစ်သူက ကလေးလာရောက်ခေါ်ယူရန် အကြောင်းကြားသဖြင့် သွားရောက်ခေါ်ဆောင်သည့် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး အက်စစ်ဖြင့် ဖြန်းပက်ခံရမှု ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်ကိုလည်း အင်းစိန်ရဲစခန်းက (ပ)၁၃၉/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အရေးယူရန် ဆောင်ရွက်လျက်ရှိသည်။

Mizzima


ဘုရားပေါ်တွင် အမျိုးသမီးတစ်ဦး ဘာမီတွန်သောက် သေကြောင်းကြံ



ဇော်ဇော်ထွေး| တနင်္လာနေ့၊ ဖေဖော်ဝါရီလ ၁၇ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။ တွံတေးမြို့နယ်ရှိ ဘုရားကြီးစေတီ၊ ရင်ပြင်ပေါ်တွင် အမျိုးသမီးငယ်တစ်ဦး ဘာမီတွန်ဆေးပြား ၄၀ သောက်ပြီး မိမိကိုယ်ကို သေကြောင်းကြံစည်မှုတစ်ခု ဖေဖော်ဝါရီ ၁၆ ရက်က ဖြစ်ပွားခဲ့သည်။

ယင်းနေ့ ည ၉နာရီက တွံတေးရဲစခန်းက တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာ၊ ဘုရားကြီးရင်ပြင်တော်ပေါ်တွင် အမျိုးသမီးတစ်ဦး ဘာမီတွန်ဆေးပြားများသောက်၍ ကော့မှူး ဆေးရုံသို့ ရောက်ရှိနေစဉ် သွားရောက်စစ်ဆေးခဲ့သည်ဟု
တိုင်းရဲတပ်ဖွဲ့က ဆိုထားသည်။

ထို့ကြောင့် သေကြောင်းကြံစည်သူမှာ ကော့မှူးမြို့နယ် နတ်စင်ကုန်းကျေးရွာအုပ်စု၊ ဘောလုံကွင်းကျေးရွာနေသည့် မဇင်နွယ်ဝင်း (၂၀)နှစ်ဖြစ်သည်ဟု အတည်ပြုခဲ့သည်။

သူမသည် ဘာမီတွန်းဆေးပြား (၄၀)ပြားကျော်ကို သောက်သုံးပြီး မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ထို့ကြောင့် သူမကို တွံတေးရဲစခန်းက (ပ)၅၇/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၀၉ ဖြင့် အရေးယူသွားမည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၅ ရက်နေ့ကလည်း ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်တွင် အသက် (၂၅)နှစ်ရှိ အမျိုးသမီးတစ်ဦး ပိုလိုပိုးသတ်ဆေးများ သောက်၍ သေကြောင်းကြံစည်ခဲ့သဖြင့် ဒဂုံရဲစခန်းက (ပ)၂၆/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ
၃၀၉ဖြင့် အရေးယူခဲ့သည်။

Mizzima

နိုင်ငံသားတိုင်း နိုင်ငံတော်သမ္မတဖြစ်ခွင့် ရှိရမယ်


(ဖေဖော်ဝါရီ ၁၀ ရက်က ရန်ကုန်မြို့ သုဝဏ္ဏအားကစားပြိုင်ပွဲရုံ(၁)တွင် ပြုလုပ်သော ပြည်လုံးကျွတ်သန်းခေါင်စာရင်းဆိုင်ရာ ရှင်းလင်းပွဲတွင် ဖျော်ဖြေတင်ဆက်နေသော တိုင်းရင်းသား တိုင်းရင်းသူများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း))
(Written by: မောင်တင်ဦး (မြောင်းမြ))

နိုင်ငံသားတစ်ယောက်

ဒီမြေမှာမွေး၊ ဒီမြေမှာကြီးပြင်း၊ ဒီမြေမှာခေါင်းချမယ့် လက်ရှိနေထိုင်နေသူ နိုင်ငံသားတစ်ယောက်အနေနဲ့ မွေးဖွားရာမှ နောက်ဆုံးထွက်သက်အထိ နိုင်ငံတော်ရဲ့ စောင့်ရှောက်ခြင်း၊ ဖေးမကူညီခြင်း၊ စားဝတ်နေရေး အစစအရာရာ တာဝန်ယူခြင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တန်းတူရည်တူ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရှိကြရမှာပါ။

အချို့နိုင်ငံသားဆို ဘိုးစဉ်ဘောင်ဆက် ဓားမဦးချ နေထိုင်လာတာ မျိုးဆက်ပေါင်း ၁၀ ဆက် မကတော့ပါဘူး။ ဒီလို နိုင်ငံတော်ကို သစ္စာရှိရှိ နေထိုင်လာတဲ့ နိုင်ငံသားတစ်ယောက်ဟာ နိုင်ငံတော်ကပေးလာတဲ့ အခွင့်အရေးများကို တန်းတူရည်တူရခွင့် ရှိရပါမယ်။ ဘာအကြောင်းပြချက်နဲ့မှ ခွဲခြားသတ်မှတ်ခြင်း မရှိရပါဘူး။ ခွဲခြားမှု (discrimination) တစ်ခုခု လုပ်လာပြီဆိုကတည်းက ခွဲခြားဆက်ဆံခံရတဲ့ နိုင်ငံသားဟာ သူ့ရဲ့ နိုင်ငံသားရပိုင်ခွင့်တစ်ခုခု ချိုးဖောက်နှိမ့်ချ ဆက်ဆံခံလိုက်ရတာပါ။

ဒီလို ခွဲခြားဆက်ဆံခံလာရတာ နှစ်တွေတော်တော် ကြာခဲ့ပါပြီ။

ရန်ကုန်-မန္တလေး ရထားလက်မှတ်ဝယ်ရင် သာမန်ပြည်သူတွေက နံနက် ၄ နာရီကတည်းက တန်းစီပြီး ၀ယ်ရပါတယ်။ လက်မှတ်ပေါက်နားရောက်မှ ကုန်ပြီဆိုလို့ ပြန်ခဲ့ရတဲ့ရက်တွေ အတော်များခဲ့ပါတယ်။ ဒီအခြေအနေမျိုးမှာ တချို့ကအိမ်မှာ အခန့်သားနေရုံနဲ့ ရထားလက်မှတ်က အိမ်တိုင်ရာရောက် ရောက်လာပါတယ်။

ပြည်သူ့ဆိုင်တွေမှာသာ ဆေးဝယ်လို့ရတဲ့ခေတ်တုန်းက ဆေးတစ်ခါဝယ်ချင်ရင် ဆရာဝန်ထောက်ခံချက်၊ ပြည်သူ့ကောင်စီ ထောက်ခံချက်တွေ တစ်ထပ်ကြီးရယူပြီးမှ ဆေးတစ်ဘူး ၀ယ်လို့ရပါတယ်။ ဆေးထောက်ခံစာ လိုက်ယူနေတုန်း အသက်မမီလိုက်တဲ့ လူနာတွေ ၀ိညာဉ်ပြန်ခေါ်မေးလို့ရရင် ခေါ်မေးပြချင်ပါတယ်။ ဒါပေမဲ့ ဆေးဆိုင်တာဝန်ခံ အသားလွတ်ချမ်းသာကုန်တာတွေ၊ ဗွီအိုင်ပီတွေနဲ့ပေါင်းပြီး ဆေးအရောင်းအ၀ယ်လုပ်ရင်း သူဌေးဖြစ်ကုန်တာတွေ စတဲ့ခေတ်ပျက်သူဌေး လူတန်းစားတစ်ရပ် ပေါ်ထွန်းခဲ့ပါတယ်။

အစိုးရ ရုံးဝန်ထမ်းတွေ ခမျာလည်း ရာထူးတိုးတာ၊ နေရာကောင်းရတာဟာလည်း တစ်ဦးနဲ့တစ်ဦး မတူပြန်ပါဘူး။ တစ်ဦးကပါတီ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ။ ထိုစဉ်က မြန်မာနိုင်ငံတွင် တစ်ခုတည်းသောပါတီ၊ အာဏာရပါတီ) ၀င်၊ နောက်တစ်ဦးက ပါတီမိတ်ဆွေ၊ နောက်တစ်ဦး ပါတီစိတ်အတွင်းရေးမှူး။ ထိုထိုသော ပါတီဝင်များရဲ့ အဆင့်အတန်းဟာ အလုပ်ထဲအထိ လာရောက်လွှမ်းမိုးပါတယ်။

ပါတီမ၀င်ရသေးရင် ရာထူးတိုးခံရဖို့ ဝေးပါသေးတယ်။ ပါတီဝင်ချင်း တူပေမယ့် တင်းပြည့်နဲ့ အရန်ပေါ်မူတည်ပြီး ရာထူးတိုးခံရဖို့ ခွဲခြားခံရပြန်ပါတယ်။ ၁၉၆၂ ခုနှစ်နောက်ပိုင်း ကာလပိုင်းများကို သိမီလိုက်ရတဲ့ ပြည်သူတိုင်း တစ်ခုမဟုတ်တစ်ခု ခွဲခြားဆက်ဆံခံခဲ့ရတာ ကြုံဖူးကြမှာပါ။

ခွဲခြားသတ်မှတ်ခြင်း

ကြုံခဲ့သမျှ ပြန်ရေးပြနေလို့ ပြီးမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကြုံခဲ့ရတဲ့ ခွဲခြားဆက်ဆံမှုတွေကြောင့် နိုင်ငံတော်မှာ ဘာတွေဖြစ်ပျက်ခဲ့သလဲ။ တိုးတက်ခဲ့ပါသလား။ ဆုတ်ယုတ်ခဲ့ပါသလား။ ညီညွတ်ခဲ့ပါသလား။ စိတ်ဝမ်းကွဲပြား ခဲ့ပါသလား။ ငြိမ်းချမ်းရေး ရခဲ့ပါသလား။ စစ်ပွဲတွေ ဆက်နွှဲနေပါသလား။

အဲဒီအကျိုးဆက်က လက်တွေ့ခံစားနေကြရပါပြီ။ ခွဲခြားဆက်ဆံခံခဲ့ရလို့၊ မွဲတေဆင်းရဲနေတဲ့ လူတန်းစားက ပိုလို့ ဆင်းရဲတွင်းနက်လာပါတယ်။ အခွင့်ထူးခံ လူတန်းစားကလည်း ကျိကျိတက်ချမ်းသာပြီး နိုင်ငံတော်ကိုရော နိုင်ငံတော်ရဲ့ သယံဇာတကိုပါ လုပ်ချင်သလို လုပ်နေကြတာ အထင်အရှား မြင်တွေ့နေရမှာပါ။ ခေတ်သစ်ဝေါဟာရ တစ်ခုဖြစ်တဲ့ ခရိုနီဆိုတဲ့ လူတန်းစားသစ်တွေ ပေါ်ထွက်လာပါတယ်။

နိုင်ငံရဲ့ ကံကြမ္မာက ပြည်သူအများစု အနေနဲ့ တန်းတူညီမျှ မခံစားရဘဲ ဆင်းရဲတွင်းထဲကျရောက်ပြီး ကယ်သူမဲ့သူ၊ မြေနိမ့်ရာ လှံစိုက်ခံရသူ၊ နူရာဝဲစွဲခံရသူတွေ ဘ၀မှာ ၀ဲလည်နေကြပါတယ်။

တန်းတူညီမျှ မရှိခြင်းဟာ အာဏာရှိပုဂ္ဂိုလ်တွေရဲ့ ရည်ရွယ်ချက်ရှိရှိ ကြံဆောင်မှုတွေကြောင့် ဖြစ်ပါတယ်။ အာဏာရှိပုဂ္ဂိုလ် ဆိုတာကလည်း အာဏာကို ကိုယ့်ဘာသာတက်သိမ်းပြီး ကိုယ့်ဘာသာ အစိုးရဖွဲ့၊ ထောက်ခံသူ ရှိရှိ၊ မရှိရှိ ပြည်သူ့ဆန္ဒကို ထည့်တွက်ခဲ့တာ၊ ငဲ့ကွက်ခဲ့တာ မရှိခဲ့ပါဘူး။

ကိုယ့်ဘာသာ ကိုယ့်လူနဲ့ကိုယ် ဖွဲ့လိုက်တဲ့ပါတီကိုလည်း နိုင်ငံရဲ့ တစ်ပါတီစနစ်ကို ထူထောင်ပြီး အဲဒီပါတီက ကိုယ့်ပါတီသာ ဖြစ်စေခဲ့ပါတယ်။

ယခုအခါမှာ ၀န်ထမ်းတိုင်း ပါတီနိုင်ငံရေး ကင်းရှင်းရမယ်လို့ သတ်မှတ်နေတဲ့ ပုဂ္ဂိုလ်တွေက ယခင်အခါက ၀န်ထမ်းတိုင်း မြန် ဆိုရှယ်လစ်လမ်းစဉ်ပါတီ မ၀င်မနေရ ၀င်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်နေပြန်ပါတယ်။ တတ်လည်းတတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေပါပဲ။

ဒီလိုမျိုး ပြောချင်သလိုပြော လုပ်ချင်သလို လုပ်လာခဲ့တာ၊ ထင်တိုင်းကြဲလာခဲ့တာ ဘယ်သူကမှ မဟန့်တားခဲ့ပါလျက်နဲ့ တိုင်းပြည်က ဘာတွေများ တိုးတက်လာပါသလဲ။ ယခင်က အာဏာရှင်ဗဟိုပြု စည်းရုံးသိမ်းသွင်းခြင်းခံထားရတဲ့ စစ်တပ်သည်ပင်လျှင် စစ်သားဘ၀နဲ့ အရာရှိဘ၀တွေ ခြားနားကုန်ပါတယ်။ စစ်သားတွေခမျာ စစ်တန်းလျားထဲမှာ ကုတ်ကုတ်ကတ်ကတ်နေပြီး အငတ်ငတ်အပြတ်ပြတ် ရုန်းကန်နေကြရပါတယ်။

ဆိုတော့ ခွဲခြားဆက်ဆံလာတာဟာ ဘာကောင်းကျိုးမှမပေးမှန်း သိသာထင်ရှားနေပါပြီ။ ပြည်သူမပါဘဲ ကိုယ့်အဖွဲ့အစည်း တစ်ခုတည်းနဲ့ တိုင်းပြည်ကိုတိုးတက်အောင် တည်ဆောက်လို့ မရနိုင်ခဲ့တာ အထင်အရှားကြီးပါ။

ဒါဆို တန်းတူညီမျှ အခွင့်အရေးတွေ အတူတူရကြရင် မကောင်းပေဘူးလား။ ကောင်းတယ်လို့ သိနေကြဟန် တူပါတယ်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးမယ်တဲ့။ ဒါပေမဲ့ ကျင့်သုံးမယ့် ဒီမိုကရေစီက ဒီလို။ “ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၇) နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်” တဲ့။ စစ်မှန်၍ဆိုတဲ့ စကားလုံးက အတုတွေထဲမှာမှ အစစ်ကို ရှာဖွေရဦးမယ့်သဘော ဖြစ်နေပါတယ်။ ဒီမိုကရေစီအတုဆိုတာ ရှိနေပြီလား။ ဘယ်သူက ဒီမိုကရေစီ အတုတွေကို ဖန်တီးနေပါသလဲ။

စည်းကမ်းပြည့်ဝသောဆိုတဲ့ စကားလုံးကလည်း ဘယ်စည်းကမ်းတွေ ပြည့်ဝစေချင်တာလဲ။ စည်းကမ်းတွေကို ဘယ်သူက သတ်မှတ်နေတာလဲ။ သူတို့သတ်မှတ်တဲ့စည်းကမ်း မ၀င်တိုင်း ဒီမိုကရေစီ မဟုတ်တော့ဘူးလား။

အစကတည်းက ယဉ်သကို ဖြစ်နေပါတယ်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးမယ်လို့ ရေးထားတဲ့ ဖွဲ့စည်းပုံမှာကိုယ်နှိုက်က ဒီမိုကရေစီမဆန်တဲ့ အသုံးအနှုန်းတွေ၊ အရေးအသားတွေနဲ့ တန်းတူညီမျှမှုကို စတင်ယိမ်းယိုင် ချည့်နဲ့စေပါတယ်။

ဒီလိုအစချီထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လိုတစ်မျိုးမလိုတစ်မျိုး လိုရာဆွဲရေးထားတာ တွေ့လာရပါတယ်။

အခွင့်အရေး ပေးလိုသူအတွက် သီးသန့်ပုဒ်မတွေရေးဆွဲပြီး အခွင့်အရေး ပေးထားကြပါတယ်။ နိုင်ငံသားချင်းအတူတူ အချို့သောပုဂ္ဂိုလ်တွေက အလိုအလျောက် စင်ပေါ် (လွှတ်တော်တွေထဲ)ရောက်နေကြပါတယ်။ ဒါ့အပြင် သီးသန့်ပုဒ်မတွေတပ်ပြီး အခွင့်အရေးမတူအောင် ရေးဆွဲထားပါသေးတယ်။ ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း ခေါင်းစဉ်အောက်မှာ ပုဒ်မ ၂၃၂ (ည) (၁) ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် ပြည်ထောင်စုဝန်ကြီးခန့်အပ်ခြင်း ခံရသည့်နေ့မှစ၍ တည်ဆဲဝန်ထမ်းစည်းမျဉ်းများနှင့်အညီ နိုင်ငံ့ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်။ (၂) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနများအတွက် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်ခံရသော တပ်မတော်သားများသည် တပ်မတော်မှ အငြိမ်းစားယူရန်မလို။

ထင်ရှားစွာ ခွဲခြားရေးဆွဲထားတာကို တွေ့နေရပါတယ်။

ပုဒ်မ ၄၃၆ (က) ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း (၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း(၃) ပုဒ်မ ၅၉၊ ၆၀၊ အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း(၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ အခန်း(၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ (ဆန္ဒခံယူပွဲ ကျင်းပရုံသာမက) ဆန္ဒမဲပေးခွင့်ရှိသူရဲ့ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။. . .လို့ ခွဲခြားသတ်မှတ်ထားပါတယ်။

စာဖတ်သူတို့ ဖော်ပြပါ ပုဒ်မ ၄၃၆ (က) ကို သေသေချာချာသာ ဖတ်ကြည့်ကြပါ။ ပုဒ်မချင်းအတူတူ ကျန်ပုဒ်မတွေကိုတော့ ပုဒ်မ ၄၃၆ (ခ) အရ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲနဲ့ ပြင်နိုင်ပေမယ့် ပုဒ်မ ၄၃၆ (က)ပါ ပုဒ်မတွေကိုတော့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရုံသာမက ဆန္ဒမဲပေးခွင့်ရှိသူရဲ့ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမယ်လို့ ခွဲခြားသတ်မှတ်ထားပါတယ်။

ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုယ်နှိုက်က တန်းတူညီမျှမှုရှိတဲ့ ဥပဒေမဟုတ်ဘဲ လိုရာဆွဲဥပဒေ ဖြစ်နေတယ်ဆိုတာ ထင်ရှားစေတာပါပဲ။

ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ပြည်လို့ ကြွေးကြော်သီဆိုနေတဲ့ နိုင်ငံတော်သီချင်းစာသား အဓိပ္ပာယ်နဲ့အညီ ဖွဲ့စည်းပုံဥပဒေ ပြန်လည်ဖြစ်အောင် ပြင်ဆင်ရေးဆွဲရေးဖြစ်လာတာဟာ သဘာဝကျတဲ့ ဖြစ်စဉ်ပါ။

တန်းတူရည်တူ မပေးထားတာရယ်၊ တစ်ဖက်သတ် ခွဲခြားရေးဆွဲထားတာရယ်၊ ဖွဲ့စည်းပုံကို ပြင်ဆင်ရေး တောင်းဆိုလာတာဟာ မလွဲမသွေ ကြုံတွေ့လာရတဲ့ အချိုးအကွေ့ပါ။ ဒါကြောင့် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မလွဲမသွေ ပြင်ဆင်ရပါမယ်။

အထူးသဖြင့် ပုဒ်မ (၅၉) (စ) ကို ပြင်ဆင်ရပါမယ်။ ထိုပုဒ်မက နိုင်ငံသားတိုင်း သမ္မတဖြစ်ခွင့်ကို တားမြစ်ပိတ်ပင်ထားလို့ ဖြစ်ပါတယ်။

အရေးကြီးတာက ၅၉ ပါ (က)၊ (ခ)၊ (ဂ) နဲ့ (င) တို့ဟာ ပြည့်စုံလုံလောက်နေတဲ့ ဥပဒေပြဋ္ဌာန်းချက်တွေ ဖြစ်ပါတယ်။ နိုင်ငံသားတိုင်းအတွက် လွှမ်းခြုံမိစေပါတယ်။ ဒါထက်ကျော်လွန်ပြီး ပုဒ်မ (ဃ)နဲ့ (ခ) ဟာ လိုရာကိုဆွဲ ရေးဆွဲထားတဲ့ တရားမျှတမှု (Fair and Justice) မရှိတဲ့ ဥပဒေ ဖြစ်နေပါတယ်။

နိုင်ငံတကာအလယ်မှာ ထည်ထည်ဝါ၀ါ နေထိုင်လိုတဲ့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ခြောက်ပြစ်ကင်း သဲလဲစင်မဟုတ်တောင်မှ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဟူသော လောကပါလတရား ထွန်းကားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမျိုး ဖြစ်နေသင့်ပါတယ်။

ဒါကြောင့် နိုင်ငံတော်အကျိုးကို စွမ်းစွမ်းတမံ ထမ်းဆောင်လိုတဲ့ နိုင်ငံသားတိုင်း သမ္မတဖြစ်ခွင့်ရှိရမှာ ဖြစ်တဲ့အတွက် အခြေခံဥပဒေကိုယ်နှိုက်က တန်းတူရည်တူ အခွင့်အရေးပေးရမှာ ဖြစ်ကြောင်းပါ။



Eleven Media Group

အနိမ့်ဆုံး အခြေခံလုပ်ခလစာနှင့် ညွှန်းကိန်းများ မှန်ကန်စေရေး



(ဖေဖော်ဝါရီလဆန်းပိုင်းက ဖိနပ်ချုပ်စက်ရုံတစ်ရုံမှ အလုပ်သမားများ ဆန္ဒပြနေသည်ကို တွေ့ရစဉ်)

(Written by: သစ်ထွဋ်)

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုအပေါ် အကျိုးသက်ရောက်မှု ကြီးမားသလို နိုင်ငံသားများအတွက်လည်း တိုက်ရိုက်သက်ရောက်မှု ရှိစေသော အကြောင်းအရာများကို လေ့လာကြည့်ပါက အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးဟာ အရေးကြီးဆုံး အချက်တစ်ချက်အဖြစ် ပါဝင်နေပြီး လက်ရှိအခြေအနေမှာ လုပ်ခလစာများနဲ့ပတ်သက်ပြီး အလုပ်ရှင်နဲ့ အလုပ်သမားအကြား အငြင်းပွားမှုများ မကြာခဏ ဖြစ်ပေါ်ခဲ့ရတာ တွေ့ရပါတယ်။

တစ်နှစ်အတွင်း အငြင်းပွားမှု ၉၀၀ ကျော်ရှိခဲ့

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များကို မီဒီယာများမှာ ဖော်ပြချက်အရ လုပ်ခလစာ နည်းပါးမှုနှင့် အလုပ်သမားရပိုင်ခွင့် ဆုံးရှုံးမှုများကြောင့် ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ်အတွင်း အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ၉ဝဝ ကျော် ဖြစ်ပွားခဲ့ရာ လစာဖြတ်တောက်ခံရခြင်း၊ အကြောင်းအမျိုးမျိုးဖြင့် အလုပ်မှ ထုတ်ပယ်ခံရခြင်း၊ မဆင်းမနေရ အချိန်ပိုများဆင်းရခြင်း၊ လုပ်ငန်းခွင်လုံခြုံမှု မရှိခြင်း၊ အလုပ်ချိန်တိကျစွာ သတ်မှတ်ထားမှု မရှိခြင်းနှင့် လုပ်ငန်းခွင်ဖိနှိပ်ခံရမှုများ အပါအဝင် အခြားအလုပ်သမား အခွင့်အရေးများ ချိုးဖောက်ခံရမှုများကြောင့် အလုပ်သမားအခွင့်အရေး ဆန္ဒပြတောင်းဆိုမှုများနှင့်အတူ အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ရတာ ဖြစ်ရသလို အခြေခံလုပ်ခလစာ နည်းပါးခြင်းဟာလည်း အငြင်းပွားမှုများကို ဖြစ်ပေါ်စေတဲ့ အဓိကအချက်တစ်ချက်အဖြစ် ပါဝင်နေပါတယ်။

အခြေခံလိုအပ်ချက်များ မဖြည့်ဆည်းနိုင်

စက်မှုဇုန် အများဆုံးရှိတဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ရှိ စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်နေကြရတဲ့ လုပ်သားများအနေဖြင့် အခြေခံလုပ်ခလစာ နည်းပါးမှုအပေါ် တိုးမြင့်ပေးစေလိုကြပေမယ့် လက်ရှိမှာ အလုပ်ရှင်များမှ လုပ်ခလစာကို တိုးမြှင့်ပေးနိုင်မှု နည်းပါးနေတာ ဖြစ်ပါတယ်။ လက်ရှိတွင် စက်ရုံအလုပ်သမား အများစုဟာ တစတစ မြင့်တက်လာသော စားဝတ်နေရေး စရိတ်စကများနှင့် ဝင်ငွေမှာ မျှတခြင်းမရှိတာကြောင့် အငြင်းပွားမှုများ ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။ လုပ်ခလစာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံတွင် အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးအတွက် ဆောင်ရွက်နေတဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး အမျိုးသားအဆင့် ကော်မတီတွင် သုတေသနအဖွဲ့အဖြစ် ပါဝင်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်(ILO)၊ MMRD (Myanmar Marketing Resource Development) နှင့် (Myanmar Development Resource Institute) တို့မှ စီးပွားရေးလုပ်ငန်း ၈၂ ခုတွင် ကွင်းဆင်းလေ့လာမှု သုတေသနများ ပြုလုပ်ခဲ့ရာမှာ ၅၉ ရာခိုင်နှုန်းသော အလုပ်သမားများဟာ လက်ရှိရနေသော လုပ်ခလစာနှင့် လစာနှုန်းထားအပေါ် ကျေနပ်မှုမရှိဘဲ ယင်းတို့ရဲ့ စားဝတ်နေရေး အခြေခံလိုအပ်ချက်ကို လုပ်ခလစာဖြင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်း မရှိခဲ့ဘူးလို့ သုတေသန အချက်အလက်များက ဖော်ပြပါရှိပါတယ်။

အနိမ့်ဆုံးလစာ ကျပ်သောင်းဂဏန်းသာရှိ

အဆိုပါ သုတေသန အချက်များအရ ယင်းလုပ်သားများဟာ လစာရဲ့ ၄၈ ရာခိုင်နှုန်းကို အစားအသောက်အတွက် အသုံးပြုပြီး နေထိုင်ရေးအတွက် ၁၉ ရာခိုင်နှုန်းကို အသုံးပြုနေရကာ ၁၉ ဒသမ ၂ ရာခိုင်နှုန်းသော အလုပ်သမားများဟာ ၎င်းတို့ဝင်ငွေရဲ့ ၂ဝ ရာခိုင်နှုန်းကို မိသားစုသို့ ပြန်လည်ပေးပို့နိုင်ပြီး ၄၇ ရာခိုင်နှုန်းသော အလုပ်သမားများရဲ့ လုပ်ခလစာဟာ ၎င်းတို့ရဲ့ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိကြောင်း တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ လုပ်သားများရဲ့ လုပ်ခလစာကို လေ့လာခဲ့ရာတွင် ကုန်ထုတ်လုပ်ငန်းတွင် လုပ်ကိုင်နေတဲ့ အလုပ်သမားများဟာ လုပ်ခလစာ အနည်းပါးဆုံးဖြစ်ပြီး ကုန်သွယ်မှုနှင့် ဝန်ဆောင်မှု ကဏ္ဍတို့ရှိ လုပ်ခလစာများဟာ ပိုများလာခဲ့ကာ အစားအသောက်နှင့် နေရာထိုင်ခင်း စီစဉ်ပေးတဲ့ အလုပ်သမားများရဲ့ တစ်လအနိမ့်ဆုံး လစာမှာ ကျပ် ၁၂၅ဝဝ မှ ၃ဝဝဝဝ အတွင်းသာ ရရှိခဲ့တာကို တွေ့ရတယ်လို့ သုတေသန တွေ့ရှိချက်မှာ ပါရှိပါတယ်။

လွှတ်တော်တင်မည့် အနိမ့်ဆုံးလုပ်ခလစာ

လက်ရှိမှာ ယခုနှစ်မကုန်မီ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေးအတွက် လာမည့်ဇွန်လတွင် လွှတ်တော်သို့ အဆိုတင်သွင်းနိုင်ရန် ဆောင်ရွက်သွားဖို့ ရှိနေတာဖြစ်ပြီး အနိမ့်ဆုံး အခြေခံလုပ်ခလစာ သတ်မှတ်ပေးရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် သုတေသနများ ပြုလုပ်ခဲ့ပြီး ဖြစ်ပေမယ့် ထွက်ပေါ်လာတဲ့ သတင်းများအရ အလုပ်သမားများ တောင်းဆိုတဲ့ လုပ်ခလစာများကို လုပ်ငန်းရှင်များက ပေးချေနိုင်ခြင်းမရှိတဲ့ အနေအထားရှိနေတာ ဖြစ်ပါတယ်။ အနည်းဆုံး အခကြေးငွေ နည်းဥပဒေအရ အလုပ်သမားများရဲ့ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရာတွင် ကုန်စည်ဈေးနှုန်းနှင့် ဝန်ဆောင်ခများ၊ အလုပ်သမားများရဲ့ ကုန်ထုတ်လုပ်မှုစွမ်းအား၊ အလုပ်ရှင်မှ လုပ်ခပေးနိုင်မှု အခြေအနေ၊ နိုင်ငံတော်ရဲ့ လူမှုစီးပွားရေး အခြေအနေ၊ စားသုံးသူဈေးနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း စသောအချက်များအပေါ် အခြေခံကာ သတ်မှတ်ရမှာဖြစ်ပြီး အလုပ်သမားတစ်ဦးရဲ့ စားသောက်မှုကုန်ကျစရိတ်၊ မိသားစုနှုန်း၊ အလုပ်သမားရဲ့ လက်ရှိဝင်ငွေတို့ကိုလည်း ထည့်သွင်းတွက်ချက်ရမှာဖြစ်ကာ အနိမ့်ဆုံး လုပ်ခလစာကို ဒေသအလိုက်၊ လုပ်ငန်းအလိုက်၊ ကျွမ်းကျင်မှု အမျိုးအစားအလိုက် သတ်မှတ်ပေးပြီး လုပ်ခလစာ သတ်မှတ်ချက်များ တူညီမှုရှိမှာ မဟုတ်ပါဘူး။

ညွှန်းကိန်းများ အရေးပါ

ယင်းဥပဒေမှာ ပါရှိချက်အရ အနည်းဆုံးလုပ်ခလစာ သတ်မှတ်ပေးဖို့ဆိုရာမှာ ထည့်သွင်းတွက်ချက်ရမယ့် အချက်အလက် များစွာရှိနေပြီး လိုအပ်တဲ့ အချက်အလက်များဟာ ကိန်းသေသဘောထက် အမြဲတမ်း အပြောင်းအလဲ ရှိနေနိုင်တာကြောင့် အဘက်ဘက်က စဉ်းစားဆောင်ရွက်မှသာ လုပ်သားနဲ့ အလုပ်ရှင်များအတွက်ပါ အကောင်းဆုံးအခြေအနေကို ဆောင်ကြဉ်းပေးနိုင်မှာ ဖြစ်ပါတယ်။ အနည်းဆုံး လုပ်ခကြေးငွေ သတ်မှတ်ရာတွင် ထည့်သွင်းတွက်ချက်ရမယ့်အထဲမှာ နိုင်ငံတော်ရဲ့ စီးပွားရေးအခြေအနေ၊ ငွေဖောင်းပွနှုန်း၊ ကုန်ဈေးနှုန်း စတဲ့အတက်အကျရှိတဲ့ ညွှန်းကိန်းများ ပါဝင်တာကြောင့် အနည်းဆုံး လုပ်ခနှုန်းထားများဟာလည်း ညွှန်းကိန်းများ ပြောင်းလဲမှုကိုလိုက်ပြီး ပြောင်းလဲသတ်မှတ်ဖို့ ရှိနေမယ်လို့ ယူဆမိပါတယ်။ အဓိကအားဖြင့် အခြေခံယူ တွက်ဆမယ့် ကိန်းဂဏန်းများဟာ တိကျပြီး မျက်မှောက်အခြေအနေကို ထင်ဟပ်စေတဲ့ အချက်အလက်များဖြစ်စေဖို့ လိုအပ်မှာဖြစ်ပါတယ်။ သို့မှသာ လုပ်ခလစာများဟာ မျှတညီညွတ်တဲ့ နှုန်းထားတစ်ခုအဖြစ် ထွက်ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။

ဂရုပြုလေ့လာဆန်းစစ်ရန်

လက်ရှိမှာ အဆိုပါအနည်းဆုံး လုပ်ခသတ်မှတ်ရာတွင် နှုန်းထားနဲ့ပတ်သက်ပြီး အလုပ်သမားများနဲ့ အလုပ်ရှင်များအကြား အငြင်းပွားမှုများ ရှိလာနိုင်ကြောင်း အလုပ်သမား အဖွဲ့အစည်းအချို့က ပြောကြားထားရာ အနည်းဆုံးလုပ်ခ သတ်မှတ်မှုတွင် ရည်ညွှန်းသော အချက်အလက်များ ခိုင်မာမှု ရှိ၊ မရှိ၊ အချက်အလက် မှန်ကန်ခြင်း ရှိ၊ မရှိက ပကတိအခြေအနေကို ထင်ဟပ်ပြီး တရားမျှတမှုရှိတဲ့ အနည်းဆုံးလုပ်ခနှုန်းထား သတ်မှတ်ခြင်းကို အဆုံးအဖြတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အနည်းဆုံးလုပ်ခ သတ်မှတ်ခြင်းဟာ နယ်ပယ်အားလုံးဖြင့်သက်ဆိုင်ပြီး အထူးသဖြင့် စီးပွားရေးနယ်ပယ်အပေါ် သက်ရောက်မှု အားကြီးတာကြောင့် ပါဝင်ဆက်စပ်နေသူအားလုံး အကျိုးရှိနိုင်မယ့် လုပ်ခသတ်မှတ်ရေးဟာ အရေးပါနေတာ ဖြစ်ပါတယ်။ သို့ဖြစ်၍ အနည်းဆုံး အခြေခံလုပ်ခ သတ်မှတ်နိုင်ရန် လွှတ်တော်မှာ တင်သွင်းလာပါက လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဂရုပြုလေ့လာဆန်းစစ်ဖို့လိုမှာ ဖြစ်ပါတယ်။

အငြင်းပွားမှုများ ဖြေရှင်းနိုင်

လက်ရှိမှာတော့ ဆိုခဲ့ပါ သုတေသနပြုချက်မှာ ပါဝင်တဲ့ အလုပ်သမားများဟာ စားရေး၊ နေရေးအတွက် ရရှိတဲ့ လုပ်ခလစာရဲ့ ရာခိုင်နှုန်း ၇ဝ နီးပါးကို အသုံးပြုနေရတာ ဖြစ်တာကြောင့် ကျန်းမာရေးစရိတ် အပါအဝင် အခြားကုန်ကျစရိတ်များ သုံးစွဲဖို့အတွက် လောက်ငမှုမရှိတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒီအတွက် သတ်မှတ်လိုက်မယ့် အနည်းဆုံး လုပ်ခလစာဟာ လုပ်သားအများစုရဲ့ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ဖို့အတွက် အတတ်နိုင်ဆုံး ပကတိ အခြေအနေဖြင့် လိုက်လျောညီထွေရှိဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် လုပ်သားများရဲ့ လုပ်ခငွေကို ပေးချေရမယ့် လုပ်ငန်းရှင်များအတွက်လည်း စီးပွားရေးလုပ်ငန်းများ လုပ်သာကိုင်သာ ရှိစေမယ့် အစီအမံများဟာလည်း လုပ်ခလစာ သတ်မှတ်မှုအပေါ် အကျိုးသက်ရောက်မှု ရှိပါတယ်။ ဥပမာအားဖြင့် စက်မှုဇုန်မြေဈေးနှုန်းများ အဆမတန် မြင့်မားနေမှုက စက်ရုံ၊ အလုပ်ရုံ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အရင်းအနှီးကို မြင့်တက်စေပြီး လုပ်သားများရဲ့ လုပ်ခလစာ ပေးချေနိုင်မှုအပေါ် သက်ရောက်စေတဲ့ ဖြစ်ရပ်များကို ဖြေရှင်းနိုင်ခြင်းဖြင့် လုပ်သားများရရှိတဲ့ လုပ်ခများ နည်းပါးနေခြင်းကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ အချို့အလုပ်ရှင်များကလည်း လုပ်သားများကို စေခိုင်းရာတွင် တန်ရာတန်ကြေးမပေးဘဲ စေခိုင်းမှုများကိုလည်း အနည်းဆုံး လုပ်ခကြေးငွေ သတ်မှတ်နိုင်ခြင်းဖြင့် ကာကွယ်နိုင်မှာဖြစ်ပြီး လက်ရှိဖြစ်ပွားနေတဲ့ အလုပ်သမား အငြင်းပွားမှုများ ဖြေရှင်းရာမှာ အထောက်အကူ ဖြစ်စေမှာပါ။

နိုင်ငံတွင်း စနစ်ကျတဲ့ အခြေခံလုပ်အားခ သတ်မှတ်နိုင်ခြင်းဖြင့် နိုင်ငံရဲ့ ဓနဥစ္စာ ခွဲဝေမှုမှာလည်း အကျိုးရှိနိုင်မှာဖြစ်ပြီး နိုင်ငံသားများအတွက်လည်း ရသင့်ရထိုက်တဲ့ လုပ်ခလစာများ ရရှိနိုင်မှာဖြစ်သလို နိုင်ငံသားများရဲ့ စားဝတ်နေရေး အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မယ့် အနည်းဆုံး လုပ်ခကြေးနှုန်းထားများ လျင်မြန်စွာ ထွက်ပေါ်လာရေး ဝိုင်းဝန်းဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။


Eleven Media Group

မိုးလေ၀သခန့်မှန်းချက် – ဒေါက်တာထွန်းလွင်

လာမယ့် သီတင်းပတ်အတွင်း မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ် ပိုလာမယ်လို့


မိုးလေ၀သပညာရှင် ဒေါက်တာ ဦးထွန်းလွင် က ခန့်မှန်းပြောဆိုပါတယ်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်ကနေ ၂၃ ရက်နေ့အထိ တပတ်အတွင်း မြန်မာနိုင်ငံရဲ့ မိုးလေ၀သကြိုတင်ခန့်မှန်းချက်ကို ဒီဗွီဘီက မိုးလေ၀သပညာရှင် ဒေါက်တာ ဦးထွန်းလွင်နဲ့ မေးမြန်းထားပါတယ်။

DVB Burmese

ဦးအုန်းမြင့် နုတ်ထွက်ပေးရေး ဆန္ဒပြရန် ကြိုးစားသူကို ရဲက တားမြစ်


ဝန်ကြီးဦးအုန်းမြင့် နုတ်ထွက်ပေးရေး မန္တလေးမြို့မှာ တကိုယ်တော် ဆန္ဒပြဖို့ ကြိုးစားတဲ့ ဦးအေးသိန်းကို ရဲတပ်ဖွဲ့က တားမြစ်ခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ဖြုတ်ချပေးရေး၊ ဥပဒေနဲ့ အညီ အရေးယူ ဆောင်ရွက်ပေးရေး ဖေဖော်ဝါရီ ၁၆ ရက်နေ့က မန္တလေးမြို့မှာ တကိုယ်တော် လမ်းလျှောက် ဆန္ဒပြဖို့ ကြိုးစားနေတဲ့ ဦးအေးသိန်းကို ရဲတပ်ဖွဲ့က တားမြစ်ခဲ့တဲ့အတွက် ဆန္ဒပြတာကို ဖျက်သိမ်းလိုက်ရပါတယ်။

တကိုယ်တော် ဆန္ဒပြသူ ဦးအေးသိန်းက “ရဲတပ်ဖွဲ့ဝင်တွေက ခွင့်ပြုချက်မကျလို့ဆိုပြီး မေတ္တာရပ်ခံကြတယ်။ ကျနော်ကလည်း တ၀က်တပျက်နဲ့ သိမ်းလိုက်ရတယ်။ ကျနော်ကပြောတယ် ရဲမှူးကြီးကို၊ ခင်ဗျားတို့ အမှုဖွင့်ရင်လည်း ဖွင့်၊ ဖမ်းရင်လည်း လိုက်မယ်၊ အဆင်သင့်ပဲလို့ ပြောတယ်။ ဒီကိစ္စကတော့ ကျနော်လုံးလုံး မကျေနပ်ဘူး၊ ပြည်သူကို စော်ကားတဲ့ ၀န်ကြီး ဦးအုန်းမြင့်ကို ဖြုတ်ချပေး၊ ဖြုတ်ပြီးရင်လည်း ညစ်ညမ်းစွာ ဆဲရေးတိုင်းထွာတဲ့အတွက် ပုဒ်မ ၂၉၄၊ ပြည်သူကို ခြိမ်းခြောက်တဲ့အတွက် ပုဒ်မ ၅၀၆ တို့နဲ့ သက်ဆိုင်ရာ တရားရုံးတွေမှာ အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

တကိုယ်တော် ဆန္ဒပြခွင့်ကို သက်ဆိုင်ရာ အာဏာပိုင်ရဲ့ ခွင့်ပြုချက် တောင်းဆိုထားခဲ့ပေမယ့် ခွင့်ပြုမိန့် မရခဲ့ပါဘူး။

u aye thein copyဒါပေမယ့် ကိုအေးသိန်းက တကိုယ်တော် ဆန္ဒဖော်ထုတ်ဖို့ ၂၆ လမ်း နာရီစင်ကနေ အိမ်တော်ရာဘုရားအထိ လမ်းလျှောက်ဖို စီစဉ်ထားပေမယ့် ခွင့်ပြုမိန့်မရလို့ မြို့တော် ဥယျာဉ်နားမှာ သူရဲ့ ပြည်သူသို့ ပန်ကြားလွှာကို ဖတ်ကြားခဲ့ပါတယ်။

ဒီမိုကရေစီကို ဦးတည်နေတဲ့ မြန်မာနိုင်ငံဟာ အခုလို တကိုယ်တော်ဆန္ဒပြသူကို တားမြစ်တာဟာ မှားယွင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း နိုင်ငံရေးသမားတချို့က သုံးသပ်နေကြပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ရာထူးက နုတ်ထွက်ပေးဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့တုန်းကလည်း အောင်လံမြို့မှာ ထောင်ချီတဲ့ ပြည်သူတွေ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၈ ရက်နေ့က သစ်ရာကောက် ကျေးရွာသားတွေနဲ့ တွေ့ဆုံစဉ်မှာ “ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး၊ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွ ဆိုပြီး မိန့်ခွန်းပြောလာတာ၊ ကျနော်ပြောတာ၊ ဘယ်နိုင်ငံရေးပါတီမှလည်း မကြောက်ဘူး။ တက်နေတဲ့ အစိုးရပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာပဲ။ ပါးစပ်နဲ့ တွယ်လို့မရရင် အချုပ်ထဲ ထည့်မှာပဲ။ နိုင်ငံတကာမှာ ဒီလိုပဲ ကျင့်သုံးနေတယ်။ အစိုးရကို ဆန့်ကျင်တဲ့ကောင်ဆိုရင် မင်းအချုပ်ထဲ သွားနေ၊ ငါတို့အစိုးရ ထွက်ရင် မင်းထွက် ဒါပဲ” လို့ ပြောကြားခဲ့တဲ့အတွက် ဦးအုန်းမြင့် နုတ်ထွက်ပေးရေး အခုလို ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ ပြည်သူလူထုတွေကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး အမြန်ဆုံး အရေးယူမှုတွေ လုပ်ဆောင်ဖို့ လောင်းလုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်စိုးက ပြည်သူ့လွှတ်တော်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့က အရေးကြီးအဆိုတရပ် တင်သွင်းခဲ့ပါတယ်။

ဒီအပေါ်မှာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ကတော့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကို အရေးယူဖို့ကိစ္စနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ လေ့လာ သုံးသပ်နိုင်ရေးအတွက် လုံလောက်တဲ့ အချိန်ပေးဖို့ လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

အသံဖိုင်နားဆင်ရန်
 DVB Burmese

ဝန်ကြီးချုပ်ရုံးကို ၀င်စီးမည်ဟု ထိုင်းဆန္ဒပြသမားများ ခြိမ်းခြောက်


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဆန္ဒပြလယ်သမားတွေက ၀န်ကြီးချုပ်ရုံးကို ဒီနေ့ ၀ိုင်းထားလိုက်ပြီး ရုံးကို ၀င်စီးမယ်လို့ ခြိမ်းခြောက်နေပါတယ်။

s1.reutersmedia.netရဲတွေက ဘန်ကောက်မြို့ပ်ါက သပိတ်စခန်းတွေ ပြန်သိမ်းဖို့ ကြိုးစားနေတာကို အာခံတဲ့ အနေနဲ့ အစိုးရအိမ်တော်၊ ၀န်ကြီးချုပ်ရုံးတ၀ိုက်ကို ထောင်နဲ့ချီတဲ့ ဆန္ဒပြသမားတွေက ၀ိုင်းထားလိုက်ပါတယ်။

ဒါဟာ ၀န်ကြီးချုပ်နဲ့ ၀န်ကြီးတွေကို ရုံးတက်လို့ မရအောင် ပိတ်ထားတဲ့ သဘောဖြစ်တယ်လို့ ပြောပါတယ်။ ဆန္ဒပြပွဲတွေကြောင့် ၀န်ကြီးချုပ်ယင်းလပ်ဟာ ဇန်န၀ါရီလကစလို့ ၀န်ကြီးချုပ်ရုံးမှာ အလုပ်မလုပ်နိုင်တော့ဘဲ ကာကွယ်ရေးဝန်ကြီးဌာန ၀င်းထဲမှာ ရုံးတက်နေရပါတယ်။

ဝန်ကြီးချုပ် ယင်းလပ်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ မနုတ်ထွက်မချင်း ဆန္ဒပြနေမယ်လို့ ဆန္ဒပြသမားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်း ဆန္ဒပြသမားတွေ ပိတ်ထားတဲ့ အစိုးရရုံးတွေနဲ့ ဘန်ကောက်မြောက်ဘက်က လမ်းတွေကို ပြန်ဖွင့်ဖို့ မနေ့က ရဲတပ်ဖွဲ့ရဲ့ ကိုယ်စားလှယ်နဲ့ ဆန္ဒပြသမားတွေ ညှိနှိုင်းခဲ့ပေမယ့် မပြေလည်ခဲ့ပါဘူး။

ပြီးခဲ့တဲ့လတွေအတွင်း ဆန္ဒပြသမားတွေနဲ့ ထိပ်တိုက်မတွေ့အောင် ရဲအဖွဲ့က ကြိုးစားနေတဲ့ကြားက အဓိကရုဏ်းနဲ့ ချောင်းမြောင်းပစ်ခတ်မှုတွေအတွင်း လူ ၁၁ ဦး သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၁၀ အတွင်းကလည်း ဒီမိုကရက်ပါတီရဲ့ အစိုးရ အာဏာယူထားစဉ်မှာ သက်ဆင်ကို ထောက်ခံတဲ့ ဆန္ဒပြသမားတွေကို နှိမ်နင်းရာမှာ လူဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

DVB Burmese

ပင်နယ်တီနှစ်လုံးပေးရပြီး ဇွဲကပင်အသင်းပိုင်ရှင် ကွင်းလယ်ဒိုင်အား ကွင်းထဲဆင်းပြီး ပါးရိုက်



၂၀၁၄ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် -၃ ပွဲစဉ်တစ်ပွဲအဖြစ် ရန်ကုန်မြို့၊ အောင်ဆန်း ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော ဇွဲကပင်နှင့် ရတနာပုံအသင်းတို့၏ ပွဲစဉ်တွင် ဇွဲကပင်အသင်း က ပင်နယ်တီနှစ်ဂိုး ပေးရကာ ရတနာပုံအသင်း အား ၂-၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် ကွင်းလယ် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များအား မကျေနပ် ၍ ဇွဲကပင်အသင်းပိုင်ရှင် ဦးလှဌေးမှ ကွင်းလယ် ဒိုင်လူကြီး ဦးလှမင်းအား ပွဲအပြီးတွင် ပါးရိုက် ခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက် ၍ ဒိုင်ကော်မတီမှ စည်းကမ်းထိန်းသိမ်းရေးသို့ စာတင်သွားမည်ဖြစ်ပြီး ဒိုင်လူကြီး၏ ဆုံးဖြတ် ချက်မှာ မှန်ကန်ကြောင်း ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်က ပြောကြားသွားခဲ့သည်။ ထို့ နောက် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ကလည်း ယင်းဖြစ်ရပ်မှာ မကြုံဘူးကြောင်းနှင့် စည်းကမ်းထိန်းသိမ်းရေး ပြစ်ဒဏ်ချမှတ်ရာတွင် လည်း ယင်းကဲ့သို့ ဥပဒေမရှိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့သည်။

ဇွဲကပင်အသင်းနှင့် ရတနာပုံအသင်းတို့၏ ပွဲစဉ်အား ဖေဖော်ဝါရီလ ၁၅ရက်နေ့တွင် ယှဉ် ပြိုင်ကစားခဲ့ပြီး ဇွဲကပင် ၁-၂ ရတနာပုံရလဒ် ဖြင့် ပြီးဆုံးခဲ့သည်။ ယင်းပွဲစဉ်တွင် ဇွဲကပင် အသင်းက ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ရတနာပုံ အသင်းက ပင်နယ်တီနှစ်ဂိုးဖြင့် အနိုင်ရရှိသွားခဲ့ ခြင်း ဖြစ်သည်။ ထို့ကြောင့် ကွင်းလယ်ဒိုင်လူကြီး ၏ ဆုံးဖြတ်ချက်အား ကျေနပ်ခြင်းမရှိ၍ ဇွဲကပင် အသင်းပိုင်ရှင် ဦးလှဌေးသည် ပွဲအပြီး၌ ကွင်း အတွင်းသို့ ၀င်ရောက်ကာ ကွင်းအတွင်းမှ ထွက် ခွာလာသည့် ကွင်းလယ်ဒိုင်လူကြီး ဦးလှမင်းအား ပါးရိုက်ကာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ ကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်က ပြောကြားရာ “ကျွန် တော်တို့အနေနဲ့ စည်းကမ်းထိန်းသိမ်းရေးကို တင် သွားမှာပါ။ ဒါမျိုး တစ်ခါမှလည်း မကြုံဖူးပါ ဘူး။ ကျွန်တော်လည်း ဒီပွဲကို သွားကြည့်ခဲ့ပါ တယ်။ ပြိုင်ပွဲကျင်းပရေးရော၊ ဒိုင်တွေကိုရော မေးကြည့်ပါတယ်။ ကျွန်တော့်အနေနဲ့လည်း ကွင်းလယ်ဒိုင်ဦးလှမင်းရဲ့ ဆုံးဖြတ်ချက်က မှန် တယ်လို့ ယူဆပါတယ်။ ဒါကလည်း အသင်း ပိုင်ရှင် တစ်ယောက်အနေနဲ့ သူ့အသင်း ရှုံးတဲ့အ ချိန်မှာ စိတ်လိုက်မာန်ပါ လုပ်မိတာပါ။ စည်း ကမ်းထိန်းသိမ်းရေး မဆုံးဖြတ်ခင် သူတို့ လာ တောင်းပန်မယ် ဆိုရင်လည်း တစ်မျိုးတစ်ဖုံ ပြောင်းသွားနိုင်ပါတယ်”ဟု ပြောကြားသွားခဲ့ သည်။

ထို့နောက် ယင်းကိစ္စအတွက် အရေးယူရန် စည်းမျဉ်းမရှိသေးဟု စည်းကမ်းထိန်းသိမ်းရေး ဥက္ကဋ္ဌ ဦးခင်မောင်ထွေးက ပြောကြားရာ “ဒါ မျိုး တစ်ခါမှလည်း မဖြစ်ဖူးဘူး။ ကျွန်တော်တို့ စည်းကမ်းထိန်းသိမ်းရေးမှာလည်း ဒီလို ကိစ္စမျိုး ကို အပြစ်ပေးမယ့် ဥပဒေမျိုး မရှိသေးဘူး။ ခု အချိန်ထိတော့ စည်းကမ်းထိန်းသိမ်းရေးကို ဘာမှ ရောက်မလာသေးဘူး။ ဒီလိုမျိုးက ဒိုင်လူကြီးက တိုင်မှ ကျွန်တော်တို့ ဆုံးဖြတ်ခွင့်ရမှာပါ။ တကယ် လို့ ဆုံးဖြတ်ခဲ့ရမယ် ဆိုရင်တောင်မှ ပြစ်ဒဏ် ချမှတ်ဖို့ ဥပဒေကို ပြန်စဉ်းစားရမှာပါ”ဟု ပြောကြားသွားခဲ့သည်။ ထို့နောက် “ကျွန်တော့်အ နေနဲ့ ပြောရမယ်ဆိုရင်တော့ လူကြီးလူကောင်း တစ်ယောက်အနေနဲ့ မလုပ်သင့်၊ မလုပ်ထိုက်ဘူး လို့ မြင်တယ်”ဟု ဦးခင်မောင်ထွေးက သုံးသပ် ပြောကြားသွားခဲ့သည်။

Myanma Spectrum


တစ်လင်တစ်မယား စနစ် ငန်းတို့ ကျင့်သုံး ပင်ဂွင်းတွေသာ တစ်လင်တစ်မယား စနစ်ကျင့်သုံး




ပင်ဂွင်းတွေသာ တစ်လင်တစ်မယား စနစ်ကျင့်သုံးပြီး ချစ်တတ်ကြတာ မဟုတ် ပါဘူး။ အဲ့ဒီလို တိရစ္ဆာန်များစွာ ရှိနေပါသေးတယ်။

ယင်းထဲမှာ ပါတဲ့တဲ့ တိရစ္ဆာန်တစ်မျိုးကတော့ ငန်း ဖြစ်ပါတယ်။ ငန်းတွေဟာ အကောင်ပေါက်ပြီး သေတဲ့အထိ အထီးဖြစ်ဖြစ်၊ အမ ဖြစ်ဖြစ် ချစ်သူ လက်တွဲ ဖော် တစ်ဦးသာ ထားရှိပါတယ်။ ယင်း အတွဲထဲမှ တစ်ကောင်ကောင် သေသွားရင်လည်း နောက်တစ်ကောင် ရှာမကြိုက်ပါဘူး။ အချို့ ငန်းတွေဆိုရင် ရင်ကွဲနာကြပြီး သေတယ်လို့ ဆိုပါတယ်။ ရင်ကွဲနာ မကျရင်တောင် တစ်ကောင်တည်း အထီးကျန် ကျန်ရှိတဲ့ ငန်းဟာ သာမန် ငန်းထက် အသက်တိုတတ်ပါတယ်။ ဒါကလည်း အတိအကျတော့ မဟုတ်ပါဘူး။

သို့ပေမယ့် တစ်ကောင်တည်းကျန်ရှိလည်း ကွယ်လွန်သူ ချစ်သူအပေါ် သစ္စာ ရှိတာကတော့ ငန်းတွေရဲ့  ထူးခြားတဲ့ ဓလေ့တစ်ခုပဲ ဖြစ်ပါတယ်။
.
Ref: dykonw
အောင်ခမ်း (ရိုးရာလေး)

နယ်မြေ တောင်းဆိုမှု လျှော့ချရန် တရုတ်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း


ဘေဂျင်း၊ ဖေဖော်ဝါရီ ၁၆

တရုတ်ပြည်သူ့ သမ္မတနိုင်ငံက နယ်မြေ တောင်းဆိုမှုများ တင်းတင်းမာမာ လုပ်ဆောင် နေခြင်းကြောင့် ယင်းသို့ လုပ်ဆောင်မှုကို လျှော့ချရန် ဘေဂျင်း မြို့တော်သို့ ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက တောင်းဆိုလိုက်ကြောင်း Sydney Morning Herald သတင်းတွင် ဖော်ပြထားသည်။

သမိုင်းဆိုင်ရာ မြေပုံများကို အခြေခံပြီး အငြင်းပွားဖွယ် နယ်မြေ တောင်းဆိုမှုများ လုပ်ဆောင် နေခြင်းကို ရပ်ဆိုင်းရန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက တရုတ် သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရာတွင် ပြောကြားလိုက်သည်။

ထို့အပြင် သမိုင်း မြေပုံများမှာ အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် ညီညွတ်မှု မရှိကြောင်း အမေရိကန် အရာရှိများက ထောက်ပြသည်။

“မတူညီမှုတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်း၊ ထိပ်တိုက် ရင်မဆိုင်ရေး နည်းလမ်း နဲ့ ဖြေရှင်းဖို့ အရေးကြီးပါတယ်” ဟု ဂျွန်ကယ်ရီက ပြောကြားသည်။

တရုတ်နိုင်ငံက တောင်တရုတ် ပင်လယ်နှင့် အရှေ့တရုတ် ပင်လယ်ပြင်တို့ အတွင်း နယ်မြေ တောင်းဆိုမှုများ လုပ်ဆောင်နေခြင်းကြောင့် ဂျပန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင် စသည့် နိုင်ငံများနှင့် အငြင်းပွားမှုများ ပေါ်ပေါက်နေသည်။

မြေပြင်၊ ရေပြင်နှင့် လေကြောင်းပိုင်နက် တောင်းဆိုမှု လုပ်ဆောင်ရာတွင် အပြည်ပြည်ဆိုင်ရာ ဥပဒေများကို လိုက်နာမည်ဟု တရုတ်အစိုးရ အရာရှိများက ပြောကြား သွားသော်လည်း သမိုင်းဆိုင်ရာနှင့် အချက်အလက်ပိုင်း ဆိုင်ရာ အထောက်အထားများလည်း ရှိကြောင်း နယ်မြေ ထိန်းချုပ်မှု ရရှိရေး တောင်းဆိုရာတွင် ယင်းအချက်များကို အသုံးပြုသွားမည်ဟု ပြောကြားသွားကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားသည်။

ထို့အပြင် အရှေ့တရုတ် ပင်လယ်အတွင်း ရေကြောင်းရန် ကာကွယ်ရေးဇုန် တည်ထောင်ခြင်းကို အမေရိကန် ပြည်ထောင်စုက ဆန့်ကျင်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက တရုတ် ခေါင်းဆောင်များကို ထပ်မံ သတိပေး ပြောကြားလိုက်သည်။

တရုတ်နှင့် နယ်မြေ အငြင်းပွားမှုများ ပေါ်ပေါက်နေသော နိုင်ငံများဘက်တွင် အိုဘားမား အုပ်ချုပ်ရေး အဖွဲ့က ရပ်တည် ပေးနေခြင်းမှာ အန္တရာယ်များသော လုပ်ဆောင်ချက် ဖြစ်ကြောင်း တရုတ်အစိုးရ ထိန်းချုပ်ထားသော မီဒီယာများက သောကြာနေ့တွင် ဖော်ပြထားသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ ရပ်တည်ချက်မှာ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ အန္တရာယ်များသော လုပ်ဆောင်ချက်များကို အတင့် ရဲလာအောင် အတည်ပြု ပေးလိုက်ခြင်း ဖြစ်သည်ဟု China Daily သတင်းစာတွင် ဝေဖန်လိုက်သည်။

စီးပွားရေး ဖွံ့ဖြိုးမှုများ ပေါ်ပေါက်နေပြီး အနာဂတ် မဟာဗျူဟာတွင် အရေးပါလာသော အရှေ့အာရှ နိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့်နိုင်ရန် အမေရိကန် ပြည်ထောင်စုက ကြိုးပမ်း နေသကဲ့သို့ ဒေသတွင်း အင်အားကြီး တရုတ်နိုင်ငံနှင့် ပူးပေါင်းမှု အားကောင်းအောင် တစ်ချိန်တည်းတွင် ဆောင်ရွက်လျက် ရှိသည်။

ကမ္ဘာ့စီးပွားရေး အင်အား အကြီးမားဆုံး နိုင်ငံ နှစ်နိုင်ငံ ဖြစ်သော အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံကြားတွင် သဘောထား ကွဲလွဲမှု များစွာ ရှိသော်လည်း ယင်းကွဲလွဲမှုများကို ခန့်ခွဲနိုင်ရန် နည်းလမ်း ရှာဖွေနေကြောင်း နိုင်ငံခြားရေး ဝန်ကြီး ကယ်ရီက ပြောကြားသည်။
The Voice Weekly

မီးဘေးသင့် ဈေးသူ ဈေးသားများကို ငွေကျပ် သိန်းပေါင်း ၂၀၀၀၀ ကျော် ထုတ်ချေးမည်ဟုဆို


တောင်ငူ၊ ဖေဖော်ဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မ ဈေးကြီး မီးလောင်မှုတွင် ဆုံးရှုံးမှု တန်ဖိုးသည် မူလ ခန့်မှန်းထားသည်ထက် ပိုမို ဆုံးရှုံးခဲ့သည့် အတွက် မီးဘေးသင့်ခံ ဈေးသူ ဈေးသားများကို အတိုးနှုန်း သက်သာစွာဖြင့် ငွေကျပ် သိန်းပေါင်း ၂၀၀၀၀ ကျော်ကို ထုတ်ချေး ပေးသွားမည် ဖြစ်ကြောင်း သမဝါယမဘဏ် လီမိတက် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြားသည်။

မီးဘေးသင့်ခံ ဈေးသူ ဈေးသားများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၈ နာရီအချိန် တောင်ငူမြို့နယ် ခပေါင်း ခန်းမဆောင်တွင် တွေ့ဆုံစဉ် တောင်ငူမြို့သား တစ်ဦးဖြစ်သူ ဦးခင်မောင်အေးက ယင်းကဲ့သို့ ကတိပေး ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မီးလောင်မှုကြောင့် တောင်ငူ မြို့မဈေးကြီး ဈေးရုံပေါင်း ၃၈ ရုံအနက် မင်္ဂလာရုံ (၁) ၊ မင်္ဂလာရုံ (၂) ၊ မင်္ဂလာကြားရုံ၊ A ရုံ ၊ B ရုံ ၊ A ကပ် ၊ B ကပ် ၊ ရုံ အမှတ် ၁ ၊ ၂ ၊ ၃ ၊ ၅ အပါအဝင် ဈေးရုံပေါင်း ၁၈ ရုံနီးပါးနှင့် ဈေးဆိုင်ခန်းပေါင်း ၁၁၉၉ ဆိုင် မီးလောင် ပျက်စီး ဆုံးရှုံးခဲ့ကြောင်းနှင့် ပျက်စီး ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ငွေကျပ် သိန်းပေါင်း ၁၅၉၈၀ သိန်းခန့် ရှိကြောင်းနှင့် လူတစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကာ သေဆုံးမှု မရှိကြောင်း တောင်ငူမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာန ကနဦး သတင်းတွင် ဖော်ပြခဲ့သော်လည်း အသေးစိတ် စစ်ဆေးမှုများ ပြုလုပ် ပြီးနောက်တွင် ဈေးရုံပေါင်း ၃၈ ရုံအနက် ၁၈ရုံ၊ ဈေးဆိုင်ခန်းပေါင်း ၁၃၆၄ ခန်းနှင့် ပျက်စီး ဆုံးရှုံးမှု တန်ဖိုးငွေကျပ် သိန်းပေါင်း ၄၀,၀၀၀ နီးပါး ရှိနိုင်ကြောင်း ပဲခူးတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်းက ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဈေးသူ ဈေးသားများနှင့် အခွန်ဦးစီး ဌာန ရုံးခန်းတွင် တွေ့ဆုံရာ၌ ပြောကြားခဲ့သည်။

ကျွန်တော်တို့အနေနဲ့ ဆုံးရှုံးမှု တန်ဖိုးက အကုန် ကုန်တာပဲ ပြောရမှာပေါ့။ ဒါကြောင့် ဦးခင်မောင်အေး ချေးပေးမယ့် ငွေကို ယူရမှာပါ။ ချေးငွေ အတိုးနှုန်းကတော့ သူပြောတဲ့အတိုင်း တကယ်ဖြစ်ဖို့လည်း လိုတာပေါ့နော်။ ပြောရရင် အကုန်လုံး တစ်က ပြန်စရမှာလေဟု တောင်ငူမြို့မ ဈေးကြီး မီးလောင်မှုတွင် ဈေးဆိုင်ခန်း နှစ်ခန်းနှင့် ကုန်ခြောက်ဆိုင် ပါဝင်ခဲ့သူ ဦးစိုးမင်းက သုံးသပ် ပြောကြားသည်။

သမဝါယဘဏ် လီမိတက် အနေနှင့် မီးဘေးသင့်ခံ ဈေးဆိုင်ခန်းပေါင်း ၁၃၆၄ ခန်း၏ ဈေးဆိုင် ပိုင်ရှင်ပေါင်း ၆၀၀ ကျော်ကို ငွေတစ်ရာလျှင် အတိုးနှုန်း ၁ ဒသမ ၃ ရာခိုင်နှုန်းဖြင့် အစုအဖွဲ့အလိုက် ထုတ်ချေး ပေးသွားမည် ဖြစ်ပြီး ချေးယူသူများ အနေနှင့် လုပ်ငန်းကြီးကြပ်မှု ကော်မတီ ကုန်ကျ စရိတ်များ အပါအဝင် ငွေတိုးနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် အမှန်တကယ် ချေးယူနိုင်ရေး အတွက် စီစဉ်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း C. B Bank ဥက္ကဋ္ဌ ဦးခင်မောင်အေးက မီးဘေးသင့် ဈေးသူ ဈေးသားများကို အားပေးစကား ပြောကြားရာ၌ ကတိပေး ပြောဆိုခဲ့သည်။

ဈေးသူ ဈေးသားများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၈ နာရီအချိန် တွေ့ဆုံစဉ် မြို့မိမြို့ဖများနှင့် ဈေးသူ ဈေးသားများ၏ တောင်းဆိုချက်များအရ ယာယီဈေး မြေနေရာကို တောင်ငူမြို့ အမှတ် ၁၈ ရပ်ကွက် ရန်ကုန်- မန္တလေး လမ်းဟောင်း မိုင်ဒါကွင်းအတွင်း ဈေးဆိုင်ခန်း ပေါင်း ၁၁၀၀ ကျော်ကို အခမဲ့ ပြန်လည် ဆောက်လုပ် ပေးသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်းက ပြောကြားသည်။
The Voice Weekly

မိုးထိမိုးမိရွေလုပ်သားများ ကမ္ဘာအေးဘုရားတွင် ကျိန်စာတိုက်ဆုတောင်း


မိုးထိမိုးမိရွှေလုပ်သားများမှ ဒုက္ခသည်များဖြစ်လာရသူ မိသားစုဝင် ၅၄ ဦးရှိသည်ဟု မိုးထိမိုးမိလုပ်သားများက လွှတ်တော်ကိုယ်စားလှယ်များထံ တင်ပြချက်များတွင်ပါဝင်သည်။ (ဓါတ်ပုံ-နန်းမြင့်)
ရန်ကုန်၊ မဇ္ဈိမ။                 ။ မိုးထိမိုးမိရွှေလုပ်သားဒုက္ခသည်များ ကျိန်စာတိုက်ဆုတောင်းပွဲကို မရန်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရား စနေဂြိုလ်ထောင့်တွင် ဖေဖော်ဝါရီ ၁၇ ရက် နေ့လည် ၁ နာရီခွဲက ပြုလုပ်ခဲ့သည်။
အဆိုပါ ကျိန်စာတိုက် ဆုတောင်းခြင်းကို ဦးဇင်းတစ်ပါးအပါအဝင် မိုးထိမိုးထိရွေလုပ်သား၊ ဒုက္ခသည် ၅ ဦးတို့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ရွှေမြင်တင်စေတီတော် အနောက်ဘက်စောင်းတန်းတွင် နေထိုင်သူ အင်းခေါင်းဆောင် ဦးမျိုးမင်းက “ကုမ္ပဏီဘက်နဲ့ ကျွန်တော်တို့ဘက် မမှန်တဲ့သူ ခံရပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျိန်စာတိုက်တာပါ”ဟု ပြောသည်။
မိုးထိမိုးမိရွေလုပ်သားများမှ ရမည်းသင်းခရိုင်ကို ယင်းကိစ္စဖြေရှင်းပေးရန် လာရောက်ခဲ့သော်လည်း ကုမ္ပဏီနှင့် အာဏာပိုင်တို့က မဖြေရှင်းပေးသဖြင့် ရန်ကုန်မြို့ကို လာရောက်ပြီး ကျိန်စာတိုက်ဆုတောင်း ခြင်းဖြစ်သည်ဟု ဆိုသည်။
တောင်ကြီး လောကမာန်အောင်ကျောင်း စိန်ပန်းရပ်ကွက်မှ ဦးဓမ္မသာရက “သူတို့ရဲ့ မှန်ကန်တဲ့ ကိစ္စကို သဓိဠာန်ပြုတယ်။ သူတို့ရဲ့ လုပ်ကိုင်နေသမျှအားလုံးကို မဆောင်ရွက်ပေးတဲ့သူတွေကို ကျိန်စာတိုက်တဲ့ သဘောပါပဲ။ လောလောဆယ် လွတ်တော်အထိ တင်ထားတဲ့အတွက် ဖိအားတွေ မရှိသေးဘူး”ဟု မိန့်ကြားသည်။
အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင် ရွှေလုပ်ကွက်များတွင် ဒေသခံ ရွှေလုပ်သားတို့က တစ်နိုင်တစ်ပိုင် လုပ်ကိုင်လိုသည်ဟုဆိုကာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၉ ရက်က ရန်ကုန်-မန္တလေး မိုင်တိုင် ၂၉၈/၅တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
Mizzima

ရဟန်းတော်များ နိုင်ငံရေး လုပ်ကောင်းပါသလား


Written by  မိုးသု- မန္တလေး
ရဟန်းတော်များ နိုင်ငံရေး လုပ်ကောင်းသလားဆိုရင် ငယ်လတ်ကြီးမှာ ဝိနည်းကို ဟုတ်တိပတ်တိ သင်ယူခဲ့ဖူးသူတိုင်း၊ ဓမ္မာ စရိယတန်း သီလက္ခန် သင်ဖူးတဲ့သူတိုင်း မလုပ်ကောင်းဘူးဆိုတဲ့ အဖြေကို သိကြမှာပါ။ နို့ပေမယ့် ဘုရားရှင်တောင် လုပ်သေးတာပဲ ဆိုပြီး မြစ်ရေ လုပွဲကို အကြောင်းပြုပြီး စစ်ပွဲဖြစ်လို့ ဘုရားရှင် သွားတရား ဟောတာတွေ၊ ဝိဋဋူဘက သာကီဝင် မင်းတွေ သွားစစ်ထိုးတော့ ဘုရားရှင်က တားမြစ်တာတွေကို ထုတ်ပြပြီး လုပ်ကောင်းသယောင် ပြောကြဆိုကြ ရေးကြ ဟောကြ ပြန်ပါတယ်။

ရောဟိနီ မြစ်ရေကို သူ့နိုင်ငံကပဲ အသုံးပြုသင့်တယ်၊ ငါ့နိုင်ငံကပဲ အသုံးပြုသင့်တယ် ဆိုပြီး ငြင်းခုံရာကနေ နှစ်နိုင်ငံ စစ်တိုက်မယ့်အထိ ဖြစ်သွားခဲ့ပါတယ်။ ရောဟိနီ မြစ်ကမ်းမှာ နှစ်နိုင်ငံ စစ်ဖြစ်လုဆဲဆဲ အချိန်မှာ ဘုရားရှင်က ကြွလာပြီး ခိုက်ရန် ဖြစ်ခြင်းရဲ့ အပြစ်၊ ညီညွတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကိုပဲ ဟောကြားတော် မူခဲ့ပါတယ်။ ဒါလည်း စစ်ပွဲဖြစ်မှာ မဖြစ်မှာထက် စစ်တိုက်မယ့် နှစ်နိုင်ငံက မင်းသား ငါးရာဟာ ရဟန္တာဖြစ်မယ့် သူတွေမို့ စစ်ပွဲထဲအထိ ကြွပြီး ညီညွတ်ရေးတရား ဟောကြားတော် မူတာပါ။ မဟုတ်ရင် ဘုရားရှင် မကြွပါဘူး။ ကောသလမင်းနဲ့ အဇာတသတ်မင်းတို့ တခြိမ်းခြိမ်း စစ်တိုက်နေကြတာပါပဲ။ ဘုရားရှင် စစ်ပွဲထဲ သွားပြီး တစ်ခါမှ တရားမဟောပါဘူး။

တစ်ခါ ဝိဋဋူဘကနေ ဘုရားရှင်ရဲ့ တိုင်းပြည်ဖြစ်တဲ့ ကပိလဝတ်ကို စစ်ထိုးသွားရာမှာ ဘုရားရှင်က ကပိလဝတ် နယ်နိမိတ်ထဲမှာရှိတဲ့ အရိပ် ကျိုးတိုးကျဲတဲ ဖြစ်နေတဲ့ ဆီးပင်လေး အောက်မှာ သီတင်းသုံးနေတဲ့ ဘုရားရှင်ကို တွေ့လိုက်ရပါတယ်။ ဒါနဲ့ ဘုရားရှင်ဆီ သွားပြီး သူစိုးမိုး အုပ်ချုပ်ရာ မဂဓတိုင်း နယ်နိမိတ်ထဲမှာ ပေါက်နေတဲ့ နေပြောက် မထိုးနိုင်အောင် အရိပ် ဝေဖြာနေသော ညောင်ပင်အောက်မှာ သီတင်းသုံးဖို့ လျှောက်ပါတယ်။ ဒီအခါမှာ ဘုရားရှင်က “ဆွေမျိုးအရိပ်က အေးချမ်းတယ်” လို့ ပြန်ပြောပါတယ်။ ဒီစကားအပြင် အခြား ဘာစကားကိုမှ ဘုရားရှင် လုံးဝ မပြောခဲ့ပါဘူး။ စောင်းပါးရိပ်ချေ သဘောနဲ့ စစ်ဖြစ်ခြင်းရဲ့ ဆိုးကျိုး တရားတွေတောင် ဘုရားရှင် မဟောခဲ့ပါဘူး။ ဝိဋဋူဘ သူ့ဟာသူ သဘောပေါက်ပြီး စစ်ချီလာတာကို ပြန်သိမ်းသွားခဲ့တာပါ။

ကောသလမင်းကြီးက ဘုရားရှင်နဲ့ အမျိုး တော်ချင်တာကြောင့် ကပိလဝတ်က သာကီဝင် မင်းတွေဆီကို သာကီဝင် မင်းသမီး တစ်ယောက် သူ့ကို မိဖုရားအဖြစ် ပေးဖို့ လှမ်းတောင်းပါတယ်။ ဒါကို ဘုရားရှင်က သာကီဝင် မင်းတွေဆိုတာ အခြားဆွေမျိုး မတော်သူတွေနဲ့ အိမ်ထောင်မပြု ရတာကြောင့် ဒကာတော် မင်းကြီး မတောင်းယူပါနဲ့ စသဖြင့် ဝင်ရောက် စွက်ဖက်တာမျိုး မရှိခဲ့ပါဘူး။ ကပိလဝတ်က သာကီဝင်မင်းတွေ ကောသလ မင်းကြီးရဲ့ တောင်းဆိုမှုကြောင့် ဘေးကျပ်နံကျပ် ဖြစ်နေတဲ့ အချိန်မှာလည်း ဘယ်လို လုပ်လိုက်ဆိုပြီး ဝင်ရောက် ပြောဆိုတာမျိုး ဘုရားရှင် လုံးဝ မလုပ်ခဲ့ပါဘူး။

သာကီဝင် မင်းသမီး မပေးရင် စစ်တိုက်ရတော့မှာမို့ သာကီဝင်မဟာ နာမ်မင်းကြီးက သူနဲ့ ကိုယ်လုပ်တော်နဲ့ ရထားတဲ့ ဝါသဘခတ္တိယ ဆိုတဲ့ မိန်းမပျိုလေးကို ပေးလိုက်ပါတယ်။ ကောသလ မင်းကြီးဟာ ဝါသဘခတ္တိယကို သာကီဝင် မင်းသမီး အထင်နဲ့ မိဖုရားကြီး မြှောက်ပါတယ်။ သူနဲ့ ဝါသဘခတ္တိယ မိဖုရားကြီးနဲ့ ရတဲ့ ဝိဋဋူဘကို အိမ်ရှေ့မင်းအရာ ပေးပါတယ်။ နောင်တစ်ချိန်မှာ ဝါသဘခတ္တိယဟာ သာကီဝင် မင်းသမီး မဟုတ်ဘူးဆိုတာ သိသွားတော့ ကောသလ မင်းကြီးက မိဖုရားကြီး အရာက ချပါတယ်။ ဝိဋဋူဘကိုလည်း အိမ်ရှေ့မင်းအရာက ရုပ်သိမ်းပါတယ်။

ဘုရားရှင်က နန်းတွင်း ဆွမ်းစားကြွတော့ ဝါသဘခတ္တိယ မိဖုရားကြီး မမြင်လို့ မေးတော့ ဒီလို ဒီအကြောင်းကြောင့် မိဖုရားကြီးအရာကနေ ချထားကြောင်း လျှောက်ပါတယ်။ ဒီအခါမှာ ဘုရားရှင်က “မွေးလာတဲ့ ကလေးဟာ အဖေက အဓိက ပြဋ္ဌာန်းကြောင်း၊ ဝါသဘခတ္တိယဟာ သာကီဝင် မဟာနာမ် မင်းကြီးရဲ့ သမီးရင်း ဖြစ်တာမို့ အမေဖြစ်သူက သာကီဝင် မဟုတ်ပေမယ့် သာကီဝင် မင်းသမီး ဖြစ်ကြောင်း” ရှင်းပြပါတယ်။ ဝါသဘခတ္တိယကို မိဖုရားကြီး အရာချတာနဲ့ ပတ်သက်ပြီး ကောင်းခြင်း ဆိုးခြင်းကို မပြောသလို မိဖုရားကြီးအရာကို ပြန်ပေးဖို့လည်း တစ်ခွန်းမှ မပြောခဲ့ပါဘူး။

ဗန္ဓုလ စစ်သူကြီးရဲ့တူကို ဗန္ဓုလ စစ်သူကြီး သေလို့ စစ်သူကြီးရာထူး ပေးစဉ်မှာလည်း “မင်းကြီးကို တစ်ချိန်ကျရင် ဘုရင် ရာထူးက ဖြုတ်ချမယ့်သူ ဖြစ်တယ်။ ဒါကြောင့် စစ်သူကြီးရာထူး မခန့်နဲ့” လို့ ဝင်ရောက် တားမြစ်တာမျိုး မရှိခဲ့ပါဘူး။ တစ်ချိန်ကျရင် ဝိဋဋူဘဟာ သာကီဝင် မင်းတွေကို လူမျိုးတုံး သတ်ဖြတ်မယ် ဆိုတာလည်း ဘုရားရှင် ကြိုသိပါတယ်။ ဒါပေမဲ့ ဝိဋဋူဘကို အိမ်ရှေ့မင်း ရာထူးပေးတော့ မပေးဖို့ ဝင်ရောက် စွက်ဖက်တာမျိုး မလုပ်ခဲ့ပါဘူး။

ဘုရားရှင်ဟာ ဘုရင်ကိုပဲဖြစ်ဖြစ်၊ ဝန်ကြီး စစ်သူကြီးကိုပဲ ဖြစ်ဖြစ်၊ လမ်းဘေးက ဖုန်းတောင်းယာ စကာကိုပဲဖြစ်ဖြစ် အကြောင်း တိုက်ဆိုင်တိုင်း ဆုံးမစရာ ကြုံတိုင်း ဆုံးမပါတယ်။ ဒါပေမဲ့ ဆုံးမတဲ့ စကားဟာ  ဓမ္မကနေပဲ ဖြစ်ဖြစ်၊ ကျင့်ဝတ် စည်းမျဉ်းကနေပဲ ဖြစ်ဖြစ် သွေဖည်သွားခြင်း လုံးဝ မရှိခဲ့ပါဘူး။ ငါ့အမျိုး ရင်းချာတွေ ဆိုပြီး ဓမ္မကို သွေဖည်ပြီး အမျိုးဘက်က ပါခဲ့တာမျိုး လုံးဝ မလုပ်ခဲ့ပါဘူး။ ဘုရားရှင်ဟာ ကိုယ့်အလုပ် ကိုယ်လုပ်ရင်း သမာသမတ် ကျကျပဲ ရပ်တည်ခဲ့တာပါ။ ဘုရားရှင်ကို နိုင်ငံရေး လုပ်တယ်လို့ ပြောဆိုသူတွေ အနေနဲ့ မိမိတို့ လက်ညှိုး ထိုးပြနေတဲ့ သမိုင်းတွေကို သေချာ ပြန်လည် သုံးသပ် သင့်ပါတယ်။ ကျင့်ဝတ်နဲ့ မသွေဖည်တဲ့ ကိုယ့်အလုပ်ကို ကိုယ်လုပ်တာကို နိုင်ငံရေး လုပ်တယ်လို့ သတ်မှတ်တာဆိုရင်တော့ မပြောတတ်တော့ပါဘူး။

ရာဇကထာ- မင်းအစိုးရကို အကြောင်းပြု၍ ပြောဆိုအပ်သော စကား၊ မဟာမတ္တကထာ- အမတ်ကြီး ဝန်ကြီးများ၏ ကောင်းကြောင်း မကောင်းကြောင်း။ သေနာကထာ-  စစ်တပ်၏ အရည်အချင်း ရှိကြောင်း မရှိကြောင်းကို ရဟန်းတော်တွေ မပြောဆိုရဘူးလို့ အတိအလင်း ဟောကြားခဲ့ပါတယ်။

အကယ်၍ မဖြစ်မနေ ပြောဖို့ အကြောင်း ဖန်လာခဲ့ရင်တောင် ကျင့်ဝတ်ကို သွေဖည်ပြီး တိုင်းပြည်ကို မအုပ်ချုပ်ဖို့၊ ကျင့်ဝတ်ကို သွေဖည်ပြီး အုပ်ချုပ်ရင် သံသရာ ခရီးအတွက် မကောင်းဘူး စသဖြင့် တရားနဲ့ ယှဉ်စပ်ပြီး ပြောကြားရမယ်လို့ မိန့်တော်မူခဲ့ပါတယ်။ ပုဂ္ဂိုလ်ရေးကို ဦးတည်ပြီး ဓမ္မမပါဘဲ အသားလွတ်ကြီး မပြောရပါဘူး။ ဘုရားရှင်ဟာ ကျင့်ဝတ်ကနေ၊ ဓမ္မကနေ သွေဖည်ပြီး နိုင်ငံရေးလုပ်လည်း မလုပ်ခဲ့သလို ပြောလည်း မပြောခဲ့ပါဘူး။ ရဟန်းတော်တွေနဲ့လည်း ကျင့်ဝတ်ကနေ၊ ဓမ္မ လမ်းကြောင်းကနေ သွေဖည်ပြီး ဟိုပါတီကို ထောက်ခံတယ် ဒီပါတီကို မထောက်ခံဘူး စသဖြင့် လုံးဝ နိုင်ငံရေး မလုပ်ကောင်းပါဘူး။

တစ်ခါတုန်းက ရန်သူ စစ်တပ်တွေကို သွားရောက် နှိမ်နင်းဖို့ရာ ကောသလ မင်းကြီးဟာ မိမိ စစ်တပ်ကြီးနဲ့အတူ နန်းတော်ကနေ စစ်ချီလာတာကို ဆဗ္ဗဂ္ဂီ ရဟန်းတွေက သွားကြည့်ကြပါတယ်။ ရဟန်းတွေ လာကြည့်ကြတာကို မြင်ရတဲ့ ကောလသ မင်းကြီးက ခေတ္တရပ်ပြီး အမတ်တစ်ဦးကို ရဟန်းတွေ သွားပင့်ခိုင်းပါတယ်။ ရဟန်းတွေ ရောက်လာတဲ့အခါမှာ “ဘာလာလုပ်ကြတာပါတုံး” လို့ မေးပါတယ်။ “မဟာရာဇာကို လာကြည့်တာပါ” လို့ ပြန်ဖြေတဲ့အခါမှာ “ကိံ ဘန္တေ မံ ဒိဋ္ဌေန ယုဒ္ဓါဘိနန္ဒနံ= စစ်တိုက်မှုကို လွန်စွာ နှစ်သက်သော ဒကာတော်ကို ကြည့်ရခြင်းဖြင့် ဘာအကျိုးရှိမှာလဲ ဘုရား။ နနု ဘဂဝါ ပဿိတဗ္ဗာ= ဘုရားရှင်ကို ဖူးမြင်ပြီး နေထိုက်သည် မဟုတ်ပါလော” လို့ ပြောလွှတ်လိုက်ပါတယ်။ ဒီအခါမှာ စစ်သားတွေကလည်း ရဟန်းတွေ ဖြစ်ပြီး စစ်ချီတာကို ကြည့်ရကောင်းလား ဆိုပြီး ကဲ့ရဲ့ကြပါတယ်။

ဒါကို ကြားသိရတဲ့ ဘုရားရှင်က “ဆွေမျိုး စစ်သား၏ မကျန်းမမာ ဖြစ်နေခြင်းစသော ထိုသွားထိုက်သော အကြောင်းမရှိဘဲ တိုက်ဖို့ရန် ထွက်လာသော စစ်တပ်ကို ကြည့်ရှုဖို့ရန် သွားသော ရဟန်းမှာပါ စိတ်အာပါတ်သင့်၏” လို့ သိက္ခာပုဒ် ပညတ်တော် မူခဲ့ပါတယ်။

သာဝတ္ထိမြို့သား ဆဗ္ဗဂ္ဂီ ရဟန်းရဲ့ ဆွေမျိုးတော်တဲ့ စစ်သားတွေ မကျန်းမမာ ဖြစ်တာကြောင့်၊ စစ်တပ်ထဲကိုလာဖို့ ပင့်ဖိတ်တာကြောင့် ဆဗ္ဗဂ္ဂီ ရဟန်းတွေဟာ စစ်တပ်ထဲကို သွားရောက် တွေ့ဆုံကြပါတယ်။ ပြီးတော့ စစ်တပ်ထဲမှာ လေးငါးခြောက်ရက် နေထိုင်ကြပါတယ်။ ဒါကို တခြား စစ်သားတွေက “ငါတို့မှာ ဝမ်းရေးအတွက် သားကျွေးမှု မယားကျွေးမှု အတွက်ကြောင့် စစ်တပ်မှာ နေကြရတယ်။ ငါတို့မှာ လူ့ဘဝအရ မတော်ကုန်။ ငါတို့မှာ လူဖြစ်ရကျိုး မနပ်ကုန်။ ရဟန်းတော်တွေကား ဒီအပူတွေ မရှိဘဲနဲ့ ဘာကြောင့် စစ်တပ်ထဲမှာ နေကြရတာလဲ” ဆိုပြီး ကဲ့ရဲ့ကြပါတယ်။ ဒီကဲ့ရဲ့ စကားကို ပြန်ကြားရတဲ့ ဘုရားရှင်က “အကြောင်း ကိစ္စရှိလို့ စစ်တပ်ထဲ သွားခဲ့ရင် သုံးရက် သုံးညထက် ပိုမနေရ၊ နေရင်ပါ စိတ်အာပါတ်သင့်၏” လို့ သိက္ခာပုဒ် ပညတ်တော် မူခဲ့ပါတယ်။ အခုကာလမှာ ရဟန်းတချို့ နိုင်ငံရေး လုပ်နေတာကို လူတွေ မကြိုက်နှစ်သက် တာကြောင့် ကဲ့ရဲ့အတင်းဆို နေကြပါတယ်။ အကယ်၍ ဘုရားရှင် သက်တော် ထင်ရှား ရှိနေခဲ့ဦးမယ်ဆိုရင် ဒီအဖြစ်အပျက်တွေကို ထောက်ဆပြီးတော့ နိုင်ငံရေး မလုပ်ဖို့ သိက္ခာပုဒ် ပညတ်မယ်ဆိုတာ သေချာသလောက် ရှိပါတယ်။

တကယ်တော့ ဘုရားရှင်ရဲ့တပည့်သားဖြစ်တဲ့ ရဟန်း သံဃာဆိုတာ ဘုရားရှင်နည်းတူ ဆိုဆုံးမ၍ လမ်းမှန် ပြသသူသာ ဖြစ်ပါတယ်။ ဆိုဆုံးမ၍ လမ်းမှန် ပြတဲ့အခါမှာလည်း ဓမ္မလမ်းကြောင်းကနေ၊ ကျင့်ဝတ်ကနေ သွေဖည်ပြီး ဆိုဆုံးမခြင်းကို မပြုလုပ်ရပါဘူး။ ဓမ္မ လမ်းကြောင်းပေါ်ကနေပဲ ချစ်ခြင်း မုန်းခြင်း ကင်းစွာနဲ့ ဆိုဆုံးမရမယ်။  ဘုရားရှင်ဟာ ဆူပူနေတဲ့ အရာတွေကို ငြိမ်းအေးအောင် ဓမ္မနဲ့ ပြုလုပ်ခဲ့တာပါ။ ရဟန်းတော်တွေ အနေနဲ့လည်း ဆူပူနေတဲ့ လောကကြီးကို ဆူသထက်ဆူ ပူသထက်ပူအောင် မီးလောင်ရာ လေပင့် မလုပ်သင့်ပါဘူး။ မလုပ်ကောင်းပါဘူး။ ဓမ္မနဲ့အညီသာ ငြိမ်းအေးအောင် ပြုလုပ်ရကြရမှာပါ။

ရဟန်း သံဃာဆိုတာ အစိုးရအပေါ်မှာ ဖြစ်ဖြစ်၊ အတိုက်အခံအပေါ်မှာပဲ ဖြစ်ဖြစ် ကျောသားရင်သား မခွဲခြားဘဲ သာတူညီမျှ စိတ်နေသဘောထားနဲ့ ပြောဆို ဆက်ဆံကြရမှာပါ။ အကယ်၍ ဒီဝတ္ထု သာဓက ထောက်ပြီး ဘုရားရှင် နိုင်ငံရေး လုပ်ခဲ့တယ်ဆိုတာ မှန်ခဲ့ရင်တောင် အခုမိမိတို့ လုပ်နေတဲ့ နိုင်ငံရေးနဲ့  ဘုရားရှင် လုပ်ခဲ့တဲ့ နိုင်ငံရေးက တူညီရဲ့လား၊ ဘာတွေ ကွာခြားနေလဲဆိုတာ နဖူးပေါ် လက်တင်ပြီး အေးဆေးဆေးဆေး စဉ်းစားပါလို့ တိုက်တွန်းပါတယ်။ အကယ်၍ ကိုယ်က ဝါသနာပါလွန်းလို့ မလုပ်ရမနေနိုင်လို့ နိုင်ငံရေး လုပ်နေတာ ဆိုရင်တောင် “နိုင်ငံရေး မလုပ်ကောင်းဘူးဆိုတာ သိနေပါရဲ့နဲ့ ဘုရားရှင် တရားတော်ကို ပြောင်းပြန်လုပ်ပြီး နိုင်ငံရေး လုပ်ကောင်းတယ်” လို့ မပြောဆို သင့်ပါဘူး။ အဲဒီလို ပြောဆိုတဲ့သူတွေဟာ အင်္ဂုတ္တိုရ် ပါဠိတော် ဒုကနိပါတ် အဗ္ဘာစိက္ခန သုတ်တော်အရ ဘုရားရှင်ကို မဟုတ်မမှန် မတရား စွပ်စွဲသူတွေသာ ဖြစ်ပါတယ်။ ဘုရားရှင်ကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲသူတွေဟာ ပစ္စုပ္ပန်၊ တမလွန် နှစ်တန်သော ဘဝတွေမှာ ချမ်းသာခြင်းမှ ကင်းဆိတ်ရမယ် ဆိုတာကို သတိပြုမိ စေချင်ပါတယ်။

thevoicemyanmar

ဒီမိုကရေစီနိုင်ငံတွင် တစ်ယောက်တစ်ပေါက်လုပ်နေပါက ထိရောက်မှုမရှိနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော



ဒီမိုကရေ စီနိုင်ငံတစ်ခုတွင် တစ်ယောက်တစ်ပေါက် လုပ်နေမည်ဆိုပါက ထိရောက်မှု မရှိနိုင်ဟု ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ သည်။ နိုင်ငံတကာ ဝတ်လုံတော်ရရှေ့ နေများအဖွဲ့၏ လူ့အခွင့်အရေးအဖွဲ့အစည်း နှင့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုး ရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ တို့ ပူးတွဲစီစဉ်သည့် ”ဝတ်လုံတော်ရရှေ့နေ အသင်းများ၏ ထိပ်တန်းကျင့်ထုံးများ၊ နိုင်ငံ တကာနှင့် ဒေသဆိုင်ရာကိုင်တွယ်ဖြေရှင်း နည်း”ခေါင်းစဉ်ဖြင့် နေပြည်တော်ရှိ ရွိုင် ရယ်ကုမုဒြာဟိုတယ်၌ ပြုလုပ်သော နှီးနှော ဖလှယ်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ထည့်သွင်းပြောကြားသွားခြင်းဖြစ် သည်။

”တကယ့် ဒီမိုကရေစီနိုင်ငံတစ်ခု မှာဆိုရင် အဖွဲ့အစည်းအမျိုးမျိုးက မိမိတို့ သန်ရာကို လုပ်ပိုင်ခွင့် ရှိရမည်ဖြစ်သော် လည်း တစ်ယောက်တစ်ပေါက် လုပ်နေမယ် ဆိုလို့ရှိရင် အဲဒီဟာက ထိရောက်ချင်မှ ထိ ရောက်မှာ။ ကျွန်မတို့ တစ်ယောက်နဲ့တစ် ယောက်ဆက်သွယ်ပြီး ဘယ်လိုအတူလုပ် ကြမလဲဆိုတာ စဉ်းစားဖို့ပါပဲ။ အားလုံးက တစ်နေရာတည်းကို ကိုင်ထားလို့ မဖြစ်ပါ ဘူး။ တရားဥပဒေစိုးမိုးရေးသည် ဥပဒေ ပညာရှင်များနှင့်တင်မက ရှေ့နေများ၊ တရား သူကြီးများ၊ တရားရေးဌာနဝန်ထမ်းများ၊ ပြည်ထဲရေးဝန်ကြီး ဌာနနှင့် ရှေ့နေချုပ်ရုံး၊ အစိုးရနဲ့လဲ သက်ဆိုင်တယ်”ဟု ဒေါ်အောင် ဆန်းစုကြည်က ရှင်းလင်းပြောကြားသည်။

နိုင်ငံတွင်း တရားဥပဒေစိုးမိုးရေး နှင့်ပတ်သက်၍ ”ရှေ့နေအသင်းတွေဟာ အ ထက်က အစိုးရရဲ့ ချုပ်ကိုင်မှုမပါသင့်၊ မရှိ သင့်ပါဘူး။ တရားဥပဒေစိုးမိုးရေးအကြောင်း တော့ မေးမနေနဲ့ မရှိလို့ တရားဥပဒေစိုးမိုး ရေးကော်မတီဥက္ကဋ္ဌ ဖြစ်နေတာ”ဟုလည်း ယင်းက ထပ်မံပြောကြား သည်။ ရှေ့နေကောင်စီ အဖွဲ့ အစည်း များတွင် အစိုးရအုပ်ချုပ်ရေးဆိုင်ရာများ ဝင်ရောက်နေရာယူထားခြင်းများအား လုံးဝ မသင့်လျော်ဘဲ ဥပဒေပညာရှင်များ၊ ရှေ့နေ ကြီးများအနေနှင့်လည်း ယင်းတို့ကို တွန်း လှန်ကြပါဟုလည်း ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းပြောကြားသွားသည်။

”အခုဆိုရင် တရားဥပဒေစိုးမိုး ရေးအတွက် စင်တာတွေဖွင့်ဖို့ ကြိုးစားနေ ပါတယ်။ အဲဒီစင်တာတွေမှာ အစိုးရက အုပ် စီးမှုမလိုလားဘူးဆိုတာ ကျွန်မတို့ ပြော ထားပါတယ်”ဟု အစိုးရ၏နေရာယူမှုများ နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် က ယင်းကဲ့သို့ ပြောကြားသွားသည်။
[ မောင်ပိုင် ၊ နေပြည်တော် ]
Yangon Media Group