နာမည်ကျော် အီရတ် ဘာသာရေး ခေါင်းဆောင် ဆာဒါ နိုင်ငံရေး လောကမှ အနားယူ

ပို့စ်တင်ချိန် - 2/17/2014 08:08:00 PM




ဘဂ္ဂဒက်၊ ဖေဖော်ဝါရီ ၁၆

အီရတ်နိုင်ငံမှ နာမည်ကျော် အစွန်းရောက် ရှီယား ဘာသာရေး ခေါင်းဆောင်ဖြစ်သူ မွတ်တား ဒါးအယ်လ် ဆာဒါသည် နိုင်ငံရေး လောကမှ အနားယူတော့မည် ဖြစ်သည်ဟု ထုတ်ပြန် ကြေညာကြောင်း CNN သတင်းဌာနက ရေးသား ဖော်ပြသည်။

မွတ်တား ဒါးအယ်လ် ဆာဒါက ၎င်းသည် အစိုးရအဖွဲ့တွင် ရာထူး ရယူတော့မည် မဟုတ်သလို ပါလီမန် လွှတ်တော်တွင်းလည်း ကိုယ်စားလှယ် အမတ်အဖြစ် ပါဝင်မှု ပြုမည် မဟုတ်ဟု ၎င်း၏ ကိုယ်ပိုင် ဝက်ဘ်ဆိုက်တွင် အသိပေး ကြေညာသည်။

၂၀၀၃ ခုနှစ်တွင် အမေရိကန် တပ်ဖွဲ့များ အီရတ်သို့ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် ဆာဒါးနှင့် ၎င်း၏ မီဒီ လက်နက်ကိုင် တပ်ဖွဲ့သည် အီရတ်၌ နာမည်ကျော်ကြား ထင်ရှားလာခဲ့သည်။

သို့သော် အသက် ၄၀ အရွယ်ရှိ မစ္စတာ ဆာဒါသည် အီရတ် ဝန်ကြီးချုပ် နော်ရီ မာလိကီနှင့် အချင်းများမှု ဖြစ်ပေါ်ခဲ့ပြီးနောက် လတ်တလော နှစ်များအတွင်း ထင်ပေါ် ကျော်ကြားမှု လျော့ကျသွားခဲ့သည်။

လာမည့် ဧပြီလ ပါလီမန် ရွေးကောက်ပွဲ၌ ပြန်လည် ရွေးကောက် တင်မြှောက်ခံရရန် ဝန်ကြီးချုပ် မာလိကီ၏ ကြိုးပမ်းချက်ကို မစ္စတာ ဆာဒါက လူသိရှင်ကြား ကန့်ကွက်ခဲ့ဖူးသည်။

မစ္စတာ ဆာဒါက အလှူအတန်းနှင့် ပတ်သက်သည့် ရုံးခန်းများမှ လွဲ၍ သူ၏ ရုံးခန်းများ အားလုံးကို ပိတ်ပင်တော့မည် ဖြစ်သည်ဟု အင်တာနက် ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၁၁ နှစ်ခန့်က အမေရိကန် တပ်ဖွဲ့များက ဆက်ဒမ်ဟူစိန် အစိုးရကို တိုက်ခိုက် ဖြုတ်ချခဲ့ပြီးနောက် မစ္စတာ ဆာဒါသည် အမေရိကန် ဆန့်ကျင်ရေး သဘောတရားများကို လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခဲ့သလို အမေရိကန် တပ်ဖွဲ့များ အီရတ်နိုင်ငံမှ ပြန်လည် ထွက်ခွာရေးအတွက် အဆက်မပြတ် တောင်းဆိုခဲ့သည်။

အဆိုပါ ကာလများအတွင်း မစ္စတာ ဆာဒါ၏ နောက်လိုက်များနှင့် အမေရိကန် တပ်ဖွဲ့များ မကြာခဏ ဆိုသလို ထိပ်တိုက်တွေ့ကာ အချင်းများခဲ့ကြသည်။

မစ္စတာ ဆာဒါသည် ၂၀၀၄ ခုနှစ်တွင် ပြိုင်ဘက် ဘာသာရေး ခေါင်းဆောင် တစ်ဦး လုပ်ကြံ သတ်ဖြတ်ခံရမှုနှင့် ဆက်နွှယ်ခဲ့ခြင်းကြောင့် ဖမ်းဝရမ်း ထုတ်ခံ ခဲ့ရဖူးသည်။

၂၀၀၈ ခုနှစ်တွင်မူ ၎င်း၏ လက်နက်ကိုင် တပ်ဖွဲ့နှင့် ဝန်ကြီးချုပ် မာလိကီ ထိန်းချုပ်သော အီရတ် တပ်ဖွဲ့တို့ ပဋိပက္ခ ဖြစ်ပေါ် ခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းက ဝန်ကြီးချုပ်နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ် ရေးထိုးခဲ့သည်။

မစ္စတာ ဆာဒါသည် ၂၀၁၀ ရွေးကောက်ပွဲအတွင်း ဝန်ကြီးချုပ် မာလိကီ ဒုတိယအကြိမ် ပြန်လည် ရွေးကောက် တင်မြှောက်ခံရရေး အတွက် အခိုင်အမာ အကူအညီ ပေးခဲ့သူ ဖြစ်သည်။

The Voice Weekly